သင့်ရဲ့ ကလေးက အငယ်လေးကို လက်မခံချင်တဲ့အခါ

မိသားစုတစ်ခုမှာ နောက်ထပ်မိသားစုဝင် အသစ်ကလေးကို ကြိုဆိုရတာက မိဘဖြစ်သူတွေမှာပဲ အပြောင်းအလဲတွေပြုလုပ်ရတာ မဟုတ် ပါဘူး။ တစ်အိမ်လုံးမှာ မင်းသား၊ မင်းသမီးလေးတွေလို နေနေခဲ့ရတဲ့ အကြီးဖြစ်တဲ့ ကလေးတွေမှာ
လည်း ကြီးမားတဲ့အပြောင်းအလဲတွေ ကြုံတွေ့ရပါတယ်။ အဓိကအားဖြင့် မိဘတွေရဲ့ ဂရုစိုက်မှုနဲ့  အလေးထားမှုတွေကို အချိန်ကြာ တစ်ယောက်တည်းရရှိထားတဲ့ တစ်ဦးတည်းသော ကလေးတွေမှာ နောက်ထပ်မွေးလာတဲ့ အငယ်လေးတွေကို လက်ခံနိုင်ဖို့ ပိုပြီးခက်ခဲတာမျိုး ဖြစ်လေ့ရှိတယ်လို့ ပညာရှင်တွေ မှတ်ချက်ချထားပါတယ်။ ဒါကြောင့် သင့်ရဲ့ကလေးအကြီးဖြစ်သူက နောက်ထပ်ရောက်လာတဲ့ သူတို့ရဲ့မောင်၊ ညီ၊ ညီမလေးတွေကို နှစ်လိုတဲ့ပုံမပြဘူး၊ ချစ်ခင်တဲ့ပုံမပြဘူး၊ သူကိုယ်တိုင်လည်း ဝမ်းနည်းအလိုမကျတဲ့ ပုံမျိုး ဖြစ်နေတယ်ဆိုတဲ့ အခါမျိုးမှာ ထိတ်လန့်မသွားပါနဲ့၊ ဒါက ဖြစ်နေကျ ပုံမှန်ကိစ္စတစ်ရပ်သာ ဖြစ်ပါတယ်လို့ ပညာရှင်တွေအားပေးထားပါတယ်။ ဒီအခြေအနေမှာ မိဘဖြစ်တဲ့သင်က သင့်ရဲ့ကလေးအကြီးဖြစ်သူ သူရဲ့အငယ်လေးကို ချစ်ခင်လာပြီး၊ မိသားစုဝင် အသစ်တိုးလာတာကို လက်ခံလာနိုင်အောင် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီအခြေအနေကို ပါးပါးနပ်နပ်ကိုင်တွယ်နိုင်ဖို့ ပညာရှင်တွေအကြံပြုထားတဲ့ အကြံပြုချက်တစ်ချို့ရှိပါတယ်။

သူတို့ရဲ့ခံစားချက်ကို လက်ခံပေးပါ
သင့်ရဲ့ကလေးလေးက နောက်ထပ်ရောက်လာမယ့် ညီလေး (သို့)မောင်လေး ၊ ညီမလေးကို အစပထမပိုင်းမှာ လက်မခံချင်တဲ့ အပြောအဆိုမျိုးတွေ၊ အမူအရာမျိုးတွေ ပြလာတဲ့အခါမှာ အဲ့ဒါ ကိုချက်ခြင်းပြုပြင်ဖို့ မကြိုးစားပါနဲ့။ ဒီအချိန်က သူတို့ရဲ့စိတ်မှာခံစားနေရတာကို အပြစ်တစ်ခု၊ မလုပ်သင့်တဲ့ အရာတစ်ခုကဲ့သို့ သတ်မှတ်ပြီး သူတို့ရဲ့ခံစားချက်ကို ငြင်းဆန်တာမျိုး မလုပ်မိဖို့ အရေးကြီးတဲ့ အချိန်ဖြစ်ပါတယ်။ သူတို့ ခံစားနေရတဲ့ မနာလိုဝန်တိုတဲ့ စိတ်ကို လက်ခံပေးပြီး အကယ်၍ ကလေးက နားလည်သိတတ်နိုင်တဲ့ အရွယ်ရောက်နေပြီဆိုရင် ဒီလိုခံစားရတာက ပုံမှန်ပဲဖြစ်တယ်ဆိုတာကို ရှင်းပြပေးနိုင်ပါတယ်။ မမွေးသေးတဲ့ အငယ်လေးကို ချစ်ကိုချစ်ရမယ်ဆိုပြီး တိုက်တွန်းပြောဆိုနေတာမျိုး မလုပ်သေးဘဲနဲ့ သူ့ကို မိဘတွေဟာ အရင်ကလို ချစ်ပြီး၊ သူက မိသားစုမှာ အရေးပါတဲ့ သူတစ်ယောက်ဖြစ်တယ်ဆိုတာကို နားလည်လက်ခံလာနိုင်အောင် ကူညီပေးရမှာ ဖြစ်ပါတယ်။ 

ကလေးတစ်ယောက်ဖြစ်လို့ အထက်မှာ ဖော်ပြထားတဲ့ စိတ်ခံစားချက်တွေကို နားမလည်နိုင်၊ မသိရှိနိုင်ဘူးလို့ မယူဆသင့်ပါဘူး။ ကလေးတွေဟာ သူတို့ရဲ့ စိတ်ခံစားချက်ကို ကိုယ်တိုင် လုံးစေ့ပတ်စေ့ နားမလည်နိုင်၊ မိဘတွေသိရှိအောင် မဖော်ပြသေးနိုင်ပေမဲ့ သူတို့မှာလည်း ခံစားချက်တွေရှိနေတတ်ပါတယ်။ ဒီလိုငယ်ရွယ်တဲ့ အချိန်ရသွားတဲ့ စိတ်ဒဏ်ရာက ပျောက်ကင်းဖို့ ခဲယဉ်းပြီး မှားယွင်းတဲ့ အမူအကျင့်နဲ့၊ စရိုက်လက္ခဏာတွေဆီ ဦးတည်သွားနိုင်တယ်လို့ ပညာရှင်တွေ သတိပေးထားပါတယ်။

သီးသန့်အချိန်ပေးပါ
ကလေးအငယ်လေး မွေးလာပြီးနောက် အကြီးဖြစ်တဲ့ကလေးတွေက ကလေးကိုလက်ခံဖို့ ခက်ခဲနေသေးတယ်ဆိုရင် မိဘတွေလုပ်နိုင်တဲ့ အကောင်းဆုံးအရာက သူတို့ကို သီးသန့်အချိန်ပေးတာပဲဖြစ်ပါတယ်။ မီးဖွားပြီးကာစအချိန်မှာ မွေးကင်းစ ကလေးတစ်ဖက်နဲ့ အချိန်ပိုထွက်လာအောင် လုပ်ဖို့မလွယ်ကူတာမှန်ပေမဲ့ မိဘဆွေမျိုးတွေကို ကလေးငယ်လေးကို ကြည့်ပေးဖို့ အကူအညီတောင်းပြီး မိဘနှစ်ပါးလုံးဖြစ်စေ၊ အကယ်၍ အဆင်မပြေရင် မိခင်တစ်လှည့်၊ ဖခင်တစ်လှည့် ဖြစ်စေ အခြား သားသမီးတွေကို အချိန်ပေးနိုင်အောင် ကြိုးစားကြည့်ပါလို့ ပညာရှင်တွေ တိုက်တွန်းထားပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ မိဘတွေက ကလေးငယ်လေးကိုပဲ အချိန်ပေးပြီး သူတို့ကို အရင်လိုမချစ်တော့ဘူးဆိုတဲ့ စိတ်မျိုး ခံစားလာရပြီး သံသယစိတ်ဝင်လာနိုင်ကာ အငယ်လေးကို ပိုပြီး လက်မခံနိုင်တဲ့ စိတ်မျိုး ဖြစ်လာနိုင်ပါတယ်။

ဒီပြဿနာက နောက်ထပ် ညီလေး၊ ညီမလေးတွေရလာတဲ့ တစ်ဦးတည်းသော ကလေးတွေမှာ ပိုပြီးဖြစ်လေ့ရှိပေမယ့် သားဦး၊ သမီးဦး မဟုတ်တဲ့ အခြားကလေးတွေမှာလည်း အလားတူခံစားချက်မျိုး ဖြစ်ပေါ်နိုင်ပါတယ်။ ဒါကြောင့် သူတို့ကို သီးသန့်အချိန်ပေးပြီး စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိလာအောင် ပထမဆုံးလုပ်ပေးသင့်ပါတယ်။ အချိန်ရရင်ရသလို သူတို့ဒီအရွယ်တုန်းကလည်း မိဘဖြစ်သူတွေ အခုကလေးလေးကို ဂရုစိုက်အချိန်ပေးသလိုပဲ သူတို့ကိုလည်း ဂရုစိုက်အချိန်ပေးခဲ့တဲ့အကြောင်း၊ သူတို့ငယ်ငယ်တုန်းက အကြောင်းလေးတွေကို ပြန်ပြောပေးတာမျိုးကလည်း အထောက်အကူဖြစ်စေပါတယ်။ ဒါကနောက်ပိုင်းမှာ အငယ်လေးကို လက်ခံဖို့ သူတို့အတွက် ပိုပြီး လွယ်ကူလာစေပါတယ်။ 

အရေးပါတဲ့ သူဖြစ်လာပြီဆိုတာ သိအောင် ပြောပြပါ
နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်တော့ အစ်ကိုကြီး အစ်မကြီးဖြစ်ရတာ မိသားစုမှာ ထူးခြားတဲ့အခန်းကဏ္ဍအနေ ပါဝင်လာရတာဖြစ်ကြောင်း ခံစားလာရအောင် ပြုလုပ်ပေးဖို့ ဖြစ် ပါတယ်။ ညီ၊ ညီမလေးတွေကို သူသင်ယူတတ်မြောက်ပြီးသား အရာတွေ၊ ဥပမာ - ဖိနပ်စီးတာ၊ အရုပ်ဆက်တာ စတာတွေကို တစ်ဆင့်ပြန်လည်သင်ပေးနိုင်တဲ့အကြောင်း၊ အတူတူဆော့ ကစားနိုင်တဲ့အကြောင်း စသဖြင့် အစ်ကိုကြီး၊ အစ်မကြီး အနေနဲ့ နောက်ပိုင်းမှာ သူပြုလုပ်နိုင်မယ့် အရာတွေကို ပြောပြပေးနိုင်ပါတယ်။ ဒီလိုပြုလုပ် ပေးခြင်းအားဖြင့် ကလေးလေးရောက်လာတာက သူ့ရဲ့အခွင့်အရေးတွေ ဆုံးရှုံးသွားတာမဟုတ်ဘဲ နောက်ထပ်အတွေ့အကြုံသစ်တွေပါ ရလာနိုင်တယ်ဆိုတဲ့အကြောင်း သူတို့အသက်အရွယ်အပိုင်းအခြား၊ နားလည်နိုင်မှု စွမ်းရည်အပေါ်မူတည်ပြီး မိဘဖြစ်သူက ရှင်းပြပြောဆိုပေးဖို့လိုအပ်ပါတယ်။ 

ကလေးကို စိတ်ပိုင်းဆိုင်ရာလုံခြုံမှုပေးပါ
အကယ်၍ ဒီအရွယ်မှာစတင်ဖြစ်ပေါ်လာတဲ့ မနာလိုဝန်တိုစိတ်နဲ့၊ ကိုယ့်ရဲ့ မောင်၊ ညီ၊ ညီမလေးတွေကို လက်မခံချင်၊ မချစ်ချင်တဲ့ စိတ်ကို မပြုပြင်ပေးနိုင်ခဲ့ဘူးဆိုရင် ကြီးလာတဲ့အခါမှာ တစ်ကိုယ်ကောင်းဆန်တတ်တဲ့ အကျင့်စွဲကပ်သွားဖို့ ဖြစ်နိုင်ချေ ပိုများသလို ကိုယ့်ရဲ့မောင်နှမတွေအပေါ် အေးစက်တဲ့ ခံစားချက်တွေ အမြစ်တွယ်သွားစေနိုင်တယ်လို့ ပညာရှင်တွေ သတိပေးထားပါတယ်။  ဒါကြောင့် မိဘဖြစ်တဲ့သူက ဒီအခြေအနေကို ပညာသားပါပါ ကိုင်တွယ်တတ်ဖို့ အလွန်အရေးကြီးပါတယ်။ ဒီအချိန်မှာ မိဘဆွေမျိုး မိတ်ဆွေတွေရဲ့ ကလေးလေးရောက်လာပြီ၊ သားသားကို၊ မီးမီးကို အရင်လို မချစ်တော့ဘူး စသဖြင့် စနောက်တဲ့ စကားတွေကလည်း ကလေးရဲ့စိတ်ကို ပိုပြီးရှုပ်ထွေးစေနိုင်ပါတယ်။ ဖြစ်နိုင်ရင် ကလေး
ကို အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး စနောက်တာမျိုး မပြုလုပ်ဖို့ မိဘဆွေမျိုးနဲ့ မိတ်ဆွေတွေကို ယဉ်ယဉ်ကျေးကျေး တားမြစ်ထားတာက အကောင်းဆုံးပြုလုပ်နိုင်တဲ့ ကြိုတင်ကာကွယ်မှုဖြစ်ပြီး ကလေးရှေ့မှာ တစ်ယောက်ယောက်က အထက်ပါ စကားမျိုးပြောလာရင်လည်း ချက်ချင်းဆိုသလို သူ့ကို မချစ်တော့တာမဟုတ်ကြောင်း၊ နောက်ထပ် ရောက်လာမယ့်ကလေးလေးနဲ့ သူတို့ကို အတူတူချစ်တဲ့ အကြောင်းရှင်းပြပြီး စိတ်လုံခြုံမှုပေးဖို့လိုအပ်ပါတယ်။ 

အငယ်လေးနဲ့ ရင်းနှီးပါစေ
နောက်ထပ်မွေးလာတဲ့ အငယ်လေးကို မကြည်ဖြူနိုင်တဲ့ကလေးကို သူ့ရဲ့ မောင်၊ ညီ၊ ညီမလေးဖြစ်တဲ့သူနဲ့ ရင်းနှီးလာအောင် ပြုလုပ်ပေးဖို့လည်း လိုအပ်ပါတယ်။ ကလေးလေးကို သူနဲ့ အတူချော့မြူတာ၊ စကားပြောပေးတာမျိုး ပြုလုပ်ပြီး ဒီလိုလုပ်ပေးတာကို ကလေးလေးက သဘောကျတဲ့အကြောင်း ပြောပေးပြီး သူ့ရဲ့ သဘောထားကိုလည်း အကဲခတ်ကြည့်ပါ။ တဖြည်းဖြည်းနဲ့ ကလေးအကြီးဖြစ်သူရဲ့ သဘောထားပြောင်းလဲလာပြီး  အငယ်လေးကို လက်ခံလိုတဲ့ အမူအရာမျိုးပြလာတဲ့အထိ စိတ်ရှည်ရှည် ထားဖို့က မိဘဖြစ်သူရဲ့တာဝန်ဖြစ်ပါတယ်။ အစပထမပိုင်းမှာ မိဘတွေကကလေးလေးကို ချော့မြူတာ၊ စကားပြောတာတွေလုပ်လို့ စိတ်ကောက်ပြီး ငိုတာ၊ ဂျီကျတာ ပိုဆိုးတဲ့ အနေအထားမှာ ဒေါသထွက်ပြီး သောင်းကျန်းတာမျိုး ပြုလုပ်တဲ့အခါမှာ သူ့ကို အပြစ်တင်ပြီး ဆူပူမာန်မဲတာမျိုး မပြုလုပ်သင့်ပါဘူး။ အကြီးဖြစ်ပြီး အငယ်လေးကို မညှာဘူး၊ မချစ်ဘူး၊ မလိမ္မာဘူး စသဖြင့် သူနားမလည်နိုင်သေးတဲ့ အကြီးတစ်ယောက်ရဲ့ တာဝန်တွေပြောပြီး အပြစ်တင်ဆူပူတဲ့အခါ အငယ်လေးကြောင့် သူအဆူခံရတယ်ဆိုတဲ့ စိတ်မျိုးဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေမှာ သူ့ရဲ့အပြုအမူနဲ့ ပတ်သက်တဲ့ ကိစ္စ၊ ဥပမာ - ငိုနေတဲ့၊ ဂျီကျနေတဲ့ ကိစ္စသီးသန့်ကိုပဲ သူနဲ့ ပြောဆိုသင့်တယ်လို့ ပညာ ရှင်တွေ အကြံပြုပါတယ်။ ဒါမှသာ မိဘဖြစ်သူက သူပြုလုပ်နေတဲ့ သူ့ရဲ့အပြုအမူကိုပဲ ပြောဆိုဆုံးမနေတာဖြစ်တယ်လို့ သူခံစားရမှာဖြစ်ပါတယ်။ 

တာဝန်ပေးပါ
တစ်ခါတစ်ရံ သူတို့ကို အလုပ်ပေးပြီး အရေးပါအရာရောက်ကြောင်း သိရှိစေတာကလည်း ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အငယ်လေးရဲ့ဝေယျာဝစ္စနဲ့ ပတ်သက်လို့ အထောက်အကူလုံးလုံး မဖြစ်ရင်တောင် အကြီးဖြစ်တဲ့ကလေး လုပ်နိုင်မယ်လို့ယူဆရတဲ့ တာဝန်တွေကို ခိုင်းကြည့်ပါလို့ ပညာရှင်တွေ အားပေးထားပါတယ်။ ကလေးလေးကို အဝတ်နဲ့ အနှီးတွေလဲပေးနေတုန်း ဒိုက်ပါလေးယူခိုင်းတာ၊ နို့ဘူးလေးကို ကိုင်ခိုင်းထားတာမျိုးစတဲ့ ကိစ္စလေးတွေမှာသူတို့ကို ပါဝင်ခိုင်းသင့်ပါတယ်။ ပြီးတဲ့နောက် သူတို့ဒီလို လုပ်ပေးတာက အထောက်အကူဖြစ်တဲ့အကြောင်း ချီးကျူးပေးပါ။ ဒီလိုအသေးအမွှားကိစ္စလေးကတဆင့်  သူတို့ကိုယ်သူတို့ အရေးပါအရာရောက်သလို ခံစားရစေပြီး၊ နောက်ပိုင်းမှာ အငယ်တွေနဲ့ ပတ်သက်ပြီး တာဝန်ယူလို၊ ကူညီပေးလိုတဲ့ စိတ်မျိုးကိုပါ ပျိုးထောင်ပေးရာရောက်စေတယ်လို့ ဆိုပါတယ်။ 

အချိန်ကာလ
အထက်မှာဖော်ပြထားတဲ့ အကြံပြုချက်များက နောက်ထပ်မွေးလာတဲ့ မိမိရဲ့ အငယ်လေးတွေကို မနာလိုစိတ်နဲ့ လက်မခံလိုတဲ့ ကလေးငယ်တွေကို ဘယ်လိုပြုမူဆက်ဆံသင့်သလဲဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပညာရှင်တွေ ဆွေးနွေးထားတဲ့ အကြောင်းအရာများထဲက တစ်ချို့ဖြစ်ပါတယ်။ ကလေးရဲ့ စိတ်ခံစားမှု၊ သားဦး၊ သမီးဦးဖြစ်ခဲ့ရင် နောက်ထပ် ကလေးမမွေးသေးခင်အချိန်ထိ မိဘတွေ သူ့အပေါ် အလေးပေးဆက်ဆံခဲ့တဲ့ အနေအထား၊ ဘိုးဘွားဆွေမျိုးတွေရဲ့ ချစ်ခင်အလိုလိုက်မှု စတာတွေအပေါ်မူတည်ပြီး သူတို့ရဲ့ အငယ်လေးကို လက်ခံနိုင်မယ့် အချိန်အတိုင်းအတာ ကွဲပြား နိုင်တာကိုလည်း သတိပြုရမှာဖြစ်ပါတယ်။ မိဘဖြစ်သူက စိတ်ရှည်ရှည်နဲ့ ကိုယ့်ရဲ့ ကလေးအကြီးဖြစ်သူက အငယ်လေးကို လိုလိုလားလား လက်ခံလာတဲ့အထိ နည်းလမ်းမှန်မှန်ထိန်းကျောင်းပေးနိုင်ဖို့ကတော့ အဓိက အချက်ဖြစ်ပါတယ်။
Ref; What Do You Do If Your Firstborn Rejects the New Baby?