စွမ်းအားပြည့်တဲ့ ဦးနှောက်အတွက်

အသက်အရွယ်ကြီးလာတာနဲ့အမျှ မှတ်ဉာဏ်စွမ်းရည်တွေ ဆုံးရှုံးလာတာ၊ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေ၊ ခြေလက်တွေကို ထိန်းချုပ်ဖို့ခက်ခဲလာတာစတဲ့ အာရုံကြောစနစ်နဲ့ဆိုင်တဲ့ ပြဿနာတွေ ကြုံတွေ့လာရမှာ ဖြစ်ပါတယ်။ ဒါက သဘာဝဖြစ်စဉ်တစ်ခု ဖြစ်နိုင် သလို သင့်အာရုံကြောအဖွဲ့အစည်းနဲ့ ဦးနှောက်ကအရွယ်မတိုင်ခင် အိုမင်းလာလို့လည်း ဖြစ်နိုင်ပါတယ်။ အာရုံကြောတွေ အိုမင်းလာရ ခြင်းရဲ့ အဓိကတရားခံကတော့ Free Radical တွေကြောင့်ဖြစ်ပြီး ဒီအရာတွေက ငယ်ရွယ်စဉ်မှာတောင် သင့်ရဲ့ဦးနှောက်ကို ဒုက္ခပေး နိုင်ပါတယ်။ စဉ်းစားတွေးခေါ်ပြောဆို လှုပ်ရှားလေ့လာကျက်မှတ်စတဲ့ ခန္ဓာကိုယ်ရဲ့ ဖြစ်စဉ်အသီးသီးကို ထိန်းချုပ်ရတဲ့ ဗဟိုဌာနက ဦးနှောက်ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ဦးနှောက်ကို စိတ်ကြိုက်အသုံးပြုပြီးရင်တော့ ပြန်လည် အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။ အမြဲတမ်း စွမ်းအင်ပြည့်ဝနေတဲ့ ဦးနှောက်နဲ့ မှတ်ဥာဏ်စွမ်းရည်ကို ပိုင်ဆိုင်နိုင်ဖို့ တကူးတကမဟုတ်ဘဲ အလွယ်တကူ ဖြည့်စွက်စားသုံးနိုင်တဲ့ အစားအစာတစ်ချို့ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

သစ်ကြားစေ့

လူရဲ့ဦးနှောက်နဲ့ ခပ်ဆင်ဆင်တူတဲ့ သစ်ကြားစေ့မှာ ဗီတာမင် E ဓာတ် မြင့်မားစွာပါဝင်ပါတယ်။ ဒီဗီတာမင်ဓာတ်က ဦးနှောက် ဆဲလ်တွေကို ပျက်စီးစေမယ့် Free Radical တွေကို ပိတ်ဆို့တားဆီးပေးပါတယ်။ ဗီတာမင် E ကြွယ်ဝတဲ့ အစားအစားတွေကို ပုံမှန်စားသုံး ပေးခြင်းက မှတ်ဉာဏ်စွမ်းရည် ဆုံးရှုံးမှုကနေ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် သစ်ကြားစေ့မှာ ပါဝင်တဲ့ Antioxidant တွေက အသက် ကြီးလာချိန်မှာ ကြုံတွေ့ရမယ့် မှတ်ဉာဏ်ဆိုင်ရာ  ပြဿနာတစ်မျိုးဖြစ်တဲ့ Alzheimer ရောဂါဖြစ်ပွားနိုင်ချေကို လျှော့ချပေးပါတယ်။

ကိုက်လန်နဲ့ ဂေါ်ဖီမျိုးနွယ် အသီးအရွက်စိမ်းများ (Cruciferous Veggies)

Super Food ဖြစ်တဲ့ ကိုက်လန်၊ ဘရိုကိုလီစတဲ့ အသီးအရွက် အမျိုးအစားတွေမှာ စွမ်းအားမြင့် Antioxidant တွေပါဝင်ပြီး အဆိပ်အတောက်ဖြစ်စေတဲ့ Free Radical တွေရဲ့ ဦးနှောက်စွမ်းရည်ကို တိုက်ခိုက်မှုမှ ကာကွယ်ပေး နိုင်စွမ်းရှိပါတယ်။ အစိမ်းရောင် အသီးအရွက်များများစားပေးတဲ့ သက်ကြီးပိုင်း အမျိုးသမီးတွေရဲ့ ဦးနှောက်နဲ့စိတ်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေက သာမန်အမျိုးသမီး တွေထက် နှစ်နှစ်လောက်ပိုငယ်နေတာကို သုသေသီတွေ စမ်းသပ်တွေ့ ရှိခဲ့ပါတယ်။

ကြက်ဥ

ကြက်ဥရဲ့ နှစ်သက်ဖွယ် လိမ္မော်ရောင် အနှစ်လုံးလုံးဝိုင်းဝိုင်းလေးတွေမှာ Choline ၊ ဗီတာမင် B ကဲ့သို့သော အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ ဦးနှောက်က Choline ကိုအသုံးပြုပြီး Acetylcholine ဒြပ်ပေါင်းတွေကို ဖွဲ့စည်းပါတယ်။ Acetylcholine က အာရုံကြော စနစ်တစ်လျှောက်မှာ ဖြစ်ပွားပြီး မှတ်ဉာဏ်စွမ်းရည်ထိန်းသိမ်းဖို့နဲ့ ဦးနှောက်ဆဲလ်တွေကြား သတင်းပေးပို့ရာမှာ အရေးပါတဲ့ Neurotransmitter အဖြစ်လုပ်ဆောင်ပါတယ်။ အရွယ်ရောက်ပြီး ကျန်းမာတဲ့အမျိုးသား၊ အမျိုးသမီးတွေကို ဆယ်နှစ်ကြာ လေ့လာ ပြီးနောက် ခန္ဓာကိုယ်ထဲမှာ Choline ပမာဏ ပြည့်ဝစွာ ရရှိထားတဲ့သူတွေက မှတ်ဉာဏ်ပိုင်းဆိုင်ရာ စမ်းသပ်မှုအချို့မှာရလဒ်ကောင်းတွေ ရရှိခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် သင့်မှတ်ဉာဏ်စွမ်းရည် တိုးတက်ကောင်းမွန်လိုတယ်ဆိုရင် ကြက်ဥကို မကြာမကြာ စားပေးနိုင် ပါတယ်။

စတော်ဘယ်ရီ

စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ Phytochemical နဲ့ ဗီတာမင် စီဓာတ်က ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ပြန်လည်နုပျိုစေနိုင်ပါ တယ်။ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ အိုင်အိုဒင်းဓာတ်က ဦးနှောက်နဲ့ အာရုံကြောစနစ်ရဲ့ လုပ်ဆောင်မှုတွေကို ထိန်းညှိပေးပါတယ်။ စတော်ဘယ်ရီသီးရဲ့အရေးပါတဲ့ ဂုဏ်သတ္တိတစ်မျိုးဖြစ်ပြီး များများစားစားပါဝင်တဲ့ ပိုတက်ဆီယမ်က တော့ ဦးနှောက်ထဲကို သွေးစီးဆင်းမှု အားကောင်းမွန်စေပြီး သိမြင်နားလည်နိုင်စွမ်းကို တိုးတက်စေပါတယ်။ သုတေသနပြုမှုတွေအရ သွေးထဲမှာ ပိုတက်ဆီယမ်ပမာဏ မြင့်မားနေချိန်မှာ အာရုံစူးစိုက်မှုတွေ၊ မှတ်ဉာဏ်စွမ်းရည်တွေ၊ ပိုမိုအားကောင်းလေ့ရှိတာကို တွေ့ရှိခဲ့ပါတယ်။

အနီရောင်ဝိုင်၊ ရှန်ပိန်

အယ်လ်ကိုဟော ပမာဏများပြားစွာ သောက်သုံးခြင်းက ကျန်းမာတဲ့ ဦးနှောက် တစ်သျှုးတွေကို ပျက်စီးစေပါတယ်။ သင့်တင့် မျှတတဲ့ ပမာဏလောက်ကတော့ သင့်ကျန်းမာရေးနဲ့ ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းရည်အတွက် အကျိုးရှိပါတယ်။ အနီရောင်ဝိုင်ထဲမှာ ပါဝင်တဲ့ Antioxidant EGCG က ဦးနှောက်ဆဲလ်တွေကို အန္တရာယ်ဖြစ်စေမယ့်  Beta-Amyloid ပရိုတင်းကို တားဆီးရာမှာ ကူညီပေးပါတယ်။ ရှန်ပိန်တစ်ခွက်မှာ ပါဝင်တဲ့ Antioxidant တွေက နာ့ဗ်ဆဲလ်တွေ ကြီးထွားဖို့နဲ့အပြန်အလှန် ဆက်သွယ်မှုတွေ ကောင်း မွန်စေဖို့ တွန်းအားပေးနိုင်ပါတယ်။

အထက်ပါ အစားအစာတွေအပြင် ဘယ်ရီသီးအမျိုးမျိုး၊ ထောပတ်သီးနဲ့ အဆီများတဲ့ ပင်လယ်ငါးတွေကလည်း သင့်ဦးနှောက် ဆဲလ်တွေကို ပြန်လည်နုပျိုစေပြီး မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်။ အာဟာရတန်ဖိုး ကြွယ်ဝတဲ့ အစားအစာများကို ညီညွတ် မျှတအောင် စားသောက်ကာ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာအောင်မြင်တဲ့ ဘ၀ပုံစံကို ပိုင်ဆိုင်ဖို့ သင်ပြင်ဆင်နိုင် ပါတယ်။

Ref; The Best Brain Food You Should Be Eating by Reader’s Digest