အသည်းကို သန့်ရှင်းရေးလုပ်မယ်

အသည်းက အသက်ရှင်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အခြားသော အင်္ဂင်္ါအစိတ်အပိုင်းတွေ သူတို့ရဲ့ ဇီဝလုပ်ငန်း တွေလုပ်ဆောင်ဖို့အတွက် အသည်းကို မရှိမဖြစ်လိုအပ်ပြီး၊ အသည်းက  အစာချေခြင်း ၊စားသုံးလိုက်တဲ့ အစားအသောက်တွေဆီက အာဟာရဓာတ်တွေ စုပ်ယူခြင်း စတဲ့ လုပ်ငန်းတွေကို ကူညီပေးပြီး သွေးတွင်းက ဓာတုပစ္စည်းတွေနဲ့အဆိပ်အတောက်တွေကို စစ်ထုတ်ပေးတဲ့ လုပ်ငန်းတွေကို အဓိက လုပ်ဆောင်ပါတယ်။ ဒီလိုလုပ်ငန်းတွေကို လုပ်ဆောင်ရတာကြောင့် အသည်းက အဆိပ်အတောက်တွေနဲ့ ထိတွေ့ဖို့ ပိုပြီး အခွင့်အလမ်းများသလို၊ အဆိပ်အတောက်တွေ အသည်းမှာ စုပုံလာပြီး ပုံမှန်လုပ်ဆောင်ရမယ့် လုပ်ငန်းတွေ ကောင်းကောင်း မလုပ်နိုင်တော့ဘဲ ကျန်းမာရေးချို့ယွင်းလာတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ အဆိပ်အတောက်တွေ ရှိနေတဲ့ အသည်းဆိုတာက ညစ်ပေနေတဲ့ အခန်းလိုပါပဲ။ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေ မရှိတော့ရင်တောင်မှ နဂိုအခြေအနေအတိုင်း သန့်ရှင်းသွားအောင် သန့်စင်ပေးဖို့ လိုအပ်ပါသေးတယ်။ 

အသည်းမှာ အဆိပ်သင့်လာတဲ့အခါ 
အထက်မှာဖော်ပြခဲ့ပြီးဖြစ်သလို အသည်းရဲ့အဓိက တာဝန်က သွေးတွင်းက အဆိပ်အတောက်တွေကို စစ်ထုတ်ပေးရတာဖြစ်ပြီး အချိန်ကြာလာတဲ့အခါ အသည်းကိုယ်တိုင်က ထိခိုက်ပျက်စီးပြီး အဆိပ်သင့်လာနိုင်ပါတယ်။ အသည်းမှာ အဆိပ်တွေရှိနေပြီး ပုံမှန်အလုပ်မလုပ်တော့တဲ့ အခါမှာ သင့်ရဲ့ ခန္ဓာကိုယ်က လက္ခဏာတွေပြလာမှာပါ။ တစ်ခါတစ်ရံ အရေပြားမှာ အမည်းစက်တွေ ထွက်လာတက်သလို တစ်ချို့တွေက အစာကြေဖို့ ခက်ခဲလာတာမျိုး ခံစားရတတ်ပါတယ်။ အသည်းတည်ရှိတဲ့ ဝမ်းဗိုက်ပိုင်းနေရာမှာ မအီမသာ ခံစားရတာ၊ ဖောရောင်နေတာ၊ တစ်ခါတစ်ရံ နာကျင်တာ၊ ရင်ပူတာ၊ ချွေးအလွန်အကျွံထွက်တာ၊ ကိုယ်အလေးချိန် အကြောင်းအရင်းမရှိ တက်လာတာ စတဲ့ လက္ခဏာတွေ ပြလာပြီဆိုရင် သင့် အသည်းမှာ အဆိပ်အတောက်တွေများနေပြီလို့ အချက်ပြနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အသည်းမှာ ဆိပ်အတောက်တွေများလာတဲ့အခါ အဆိုပါ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်ဖို့အတွက် သင်နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေက ကူညီပေးနိုင်ပါတယ်။ သင့်ရဲ့ အသည်းမှာရှိနေပြီးဖြစ်တဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်းကို သန့်စင်သွားအောင် ပြန်ပြီး သန့်ရှင်းရေးပါ လုပ်ပေးနိုင်မယ့် အစားအသောက်တစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။ 

ဥနီ
အသည်းမှာ ရှိနေတဲ့ အဆိပ်အတောက်တွေ ကို ဖယ်ရှားတော့မယ်ဆိုရင် မရှိမဖြစ်လိုအပ်တာက အော်ဂဲနစ် ဥနီ ဖြစ်ပါတယ်။ ဥနီကို အစိမ်းအတိုင်း စားပေးခြင်းက ပိုပြီး ကောင်းမွန်တာကြောင့် ဓာတုပစ္စည်းတွေနဲ့ ထိတွေ့ထားမှုမရှိတဲ့ အော်ဂဲနစ် အမျိုးအစားကို ရည်ညွှန်းရခြင်းဖြစ်ပါတယ်။ ဥနီက အသည်းမှာ ရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ရုံသာမကဘဲ အသည်းကို လုံးဝ သန့်စင်ပေးလိုက်နိုင်တဲ့ အာနိသင်ရှိပြီး အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုပြီး တိုးတက်ကောင်းမွန်စေနိုင်တဲ့ အစွမ်းပါရှိတယ်လို့ ပညာရှင်တွေ ဆိုထားပါတယ်။ ဥနီမှာ ဗီတာမင် ဗီတာမင် A ၊ ဗီတာမင် C ၊ ဗီတာမင် D ၊ ဗီတာမင် E စတဲ့ ဗီတာမင်တွေနဲ့ Potassium ၊Magnesium ၊Phosphorus နဲ့ Biotin စတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပြီး အဆိုပါ ဗီတာမင်နဲ့ အာဟာရဓာတ်တွေက အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေး နိုင်ရုံသာမကဘဲ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလုံးစုံသော ကျန်းမာရေးအတွက်ပါ မရှိမဖြစ် လိုအပ်ပါတယ်။ ပညာရှင်တွေ တွက်ချက်မှုတွေ ပြုလုပ်ပြီးနောက် နေ့စဉ် ဥနီ ၂ လုံးကနေ ၃ လုံးအတွင်း စားသုံးပေးခြင်းက ကျန်းမာရေးအတွက်သင့်တော်တဲ့ ပမာဏဖြစ်ပြီး ဆီးချိုဝေဒနာရှင်တွေကတော့ တစ်ရက်ကို ဥနီ ၁ လုံးခန့်သာ စားသုံးသင့်တယ်လို့ သတိပေးထားပါတယ်။ အစိမ်းစားရတာကို ငြီးငွေ့လာပြီဆိုရင် ဥနီကို ဖျော်ပြီးလည်း သောက်နိုင်ပြီး အသည်းကို သန့်စင်ရာမှာ ပိုပြီးအစွမ်းထက်သွားအောင် သံပုရာရည် နဲ့ ဂျင်းရည်လေး အနည်းငယ်ရောစပ်ပြီး သောက်သုံးနိုင်ပါသေးတယ်။ 

ဟင်းနုနွယ်
အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေထဲမှာတော့ ဟင်းနုနွယ်က Plant-based Protine လို့ ခေါ်တဲ့ အပင်ကရတဲ့ ပရိုတင်းဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် နာမည်ကြီးပါတယ်။ ဒါပေမဲ့ ဟင်းနုနွယ်မှာ ပရိုတင်းအပြင် ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အခြားသော အာဟာရဓာတ်တွေ များများစားစား ပါရှိပါသေးတယ်။ ဟင်းနုနွယ်မှာပါဝင်တဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေက အသည်းမှာရှိနေပြီးဖြစ်တဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေနဲ့ အခြား ဓာတ်တွေကို အာနိသင်ပျက်ပြယ်စေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အသည်းကို သန့်စင်ဖို့အတွက် အကောင်းဆုံး အစားအစာတစ်မျိုးလို့တောင် ဆိုနိုင်ပါတယ်။ ဟင်းနုနွယ်မှာ ဗီတာမင် B1 ၊ ဗီတာမင် B6 ၊ ဗီတာမင် K စတဲ့ ဗီတာမင်တွေ၊  Zinc ၊ Choline ၊
Iron ၊ Magnesium ၊ Folate နဲ့ Copper စတဲ့ သတ္တုဓာတ်တွေ နဲ့ ပရိုတင်းဓာတ်တွေ ပါဝင်ပါတယ်။ 

ဘရိုကိုလီ
ဘရိုကိုလီ (သို့) ပန်းပွင့်စိမ်းက ကျန်းမာရေးအတွက် အလွန်သင့်တော်ကောင်းမွန်တဲ့ ဟင်းသီးဟင်းရွက် အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ လေ့လာမှုတွေပြုလုပ်ပြီးနောက် ဘရိုကိုလီမှာပါဝင်တဲ့ Diindolylmethane အမည်ရ ဓာတ်ပစ္စည်းတစ်မျိုးက အီစထရိုဂျင် ပမာဏ မြင့်မားမှုကြောင့်ဆက်စပ်ပြီးဖြစ်တဲ့ ကင်ဆာရောဂါတွေကို ကာကွယ်နိုင်စွမ်းရှိနေတာကို သက်သေပြနိုင်ခဲ့ပါတယ်။ အာဟာရဗေဒပညာရှင်တွေပါဝင်တဲ့ သုတေသနတစ်ခုမှလည်း ဘရိုကိုလီမှာ အသည်းက အဆိပ်အတောက်တွေကို ဖယ်ရှားတဲ့လုပ်ငန်းကို ပြုလုပ်မယ့် အင်ဇိုင်းတွေကို လှုံ့ဆော်ပေးနိုင်တဲ့ ဓာတ်ပေါင်းတွေပါရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ အခြားအစားအစာများနဲ့ မတူဘဲ ထူးခြားတဲ့ အချက်   ကတော့ ဘရိုကိုလီကို စားသုံးပြီး ရက်သတ္တပတ် အတော်ကြာတဲ့အထိ အဆိုပါ အာနိသင်ရှိနေနိုင်တာပဲဖြစ်ပါတယ်။ ဘရိုကိုလီမှာ ဗီတာမင် A ၊ ဗီတာမင်B1 ၊ Omega-3 Fatty Acids ၊ Calcum ၊ Selenium ၊ Iron နဲ့ Protein ဓာတ်တွေလည်း ပါဝင်ပြီး အသည်းကို သန့်စင်ဖို့ သာမက ခန္ဓာ
ကိုယ်ရဲ့ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုပါလိမ့်မယ်။ 

ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ Antioxidant ၊ Anti-bacterial ဂုဏ်သတ္တိတွေနဲ့ ဆေးဖက်ဝင်အာနိသင်တွေ ရှိတဲ့အကြောင်းကိုတော့ သင်သိပြီးသား ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ အသည်းမှာ ခန္ဓာကိုယ်ရဲ့စနစ်ထဲကို ပြင်ပက ဝင်ရောက်လာတဲ့ အဆိပ်အတောက်တွေကို စစ်ထုတ်ပြီး ခန္ဓာကိုယ်ပြင်ပကို စွန့်ပစ်ဖို့ တာဝန်ယူထားရတဲ့ အင်ဇိုင်းတွေရှိပြီး ကြက်သွန်ဖြူမှာ အဆိုပါ အင်ဇိုင်းတွေကို သက်ဝင်လှုပ်ရှားလာအောင် လှုံ့ဆော်ပေးနိုင်တဲ့ ဓာတ်ပေါင်းတွေ ပါရှိနေတာကိုတော့ လူအတော်များများ သတိမထားမိဘဲ ရှိနေတတ်ပါတယ်။ ကြက်သွန်ဖြူမှာ ပါဝင်ဖွဲ့စည်းထားတဲ့ အဓိကဓာတ်ပေါင်းတစ်မျိုးဖြစ်တဲ့ Allicin က အသည်းမှာစုပုံနေတဲ့ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေမယ့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပြီး အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုပြီး တိုးတက်လာစေနိုင်တဲ့ အာနိသင်ရှိတယ်လို့ ပညာရှင်တွေ အခိုင်အမာဆိုထားပါတယ်။ ဒါကြောင့် သင့်ရဲ့ အသည်းကို သန့်စင်ဖို့ လိုအပ်လာတဲ့အခါမှာ ကြက်သွန်ဖြူကို အားကိုးနိုင်ပါတယ်။ ကြက်သွန်ဖြူက ဟင်းလျာတိုင်းမှာ ထည့်သွင်းအသုံးပြုနိုင်တာကြောင့် ဘယ်လို အသုံးပြုရမလဲဆိုတဲ့ နည်းလမ်းတွေကို ထူးထူးခြားခြား စဉ်းစားနေဖို့မလိုအပ်တာက ဒီ  စာရင်းထဲမှာ ပါဝင်လာမယ့် အခြားအစားအသောက်၊ ဟင်းသီးဟင်းရွက်များနဲ့ နှိုင်းယှဉ်လိုက်တဲ့ 
အခါ ကြက်သွန်ဖြူရဲ့အကောင်းဆုံးအားသာချက်လို့တောင်ဆိုနိုင်ပါတယ်။

ခရမ်းချဉ်သီး
အဆိပ်အတောက်တွေ အများကြီး စုပုံပြီး မသန့်ရှင်းတော့တဲ့ အသည်းကို သန့်ရှင်းဖို့အတွက် ခရမ်းချဉ်သီးက အလွန်အသုံးဝင်တယ်လို့ သိရပါတယ်။ ခရမ်းချဉ်သီးမှာပါဝင်တဲ့ Lycopene အမည်ရ ရောင်ခြယ်ပစ္စည်းတစ်မျိုးက သဘာဝအရ 
အလွန်စွမ်းအားမြင့်တဲ့ Antioxidants ဂုဏ်သတ္တိကို ပိုင်ဆိုင်ထားတာကို သိပ္ဗံပညာရှင်တွေ ရှာဖွေတွေ့ရှိထားပါတယ်။ ပညာရှင်တွေက လေ့လာမှုတွေပြုလုပ်ပြီးနောက် ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ Lycopene ဟာခန္ဓာကိုယ်ထဲမှာ DNA အဆင့်ထိရောက်ရှိပြီး အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးနိုင်တဲ့ အာနိသင်ရှိတာကို တွေ့ရှိသက်သေပြနိုင်ခဲ့ပါတယ်။ ခရမ်းချဉ်သီးမှာ ဗီတာမင် C ၊ ဗီတာမင် A ၊ ဗီတာမင် E နဲ့ အခြား Antioxidants ဂုဏ်သတ္တိရှိတဲ့ အာဟာရဓာတ်တွေ ပါဝင်ပြီး သူတို့ကလည်း အသည်းမှာရှိနေတဲ့ အဆိပ်အတောက်တွေကို သန့်စင်ပေးနိုင်ပါတယ်။

ပန်းသီး
အသည်းကို အစားအစာ အခြေခံပြီး သန့်စင်တော့မယ်ဆိုတဲ့အခါ မရှိမဖြစ် ပါဝင်ရမယ့်အရာက ပန်းသီးဖြစ်ပါတယ်။ အခြားအစားအစာများနဲ့ မတူတာဘဲ ပန်းသီးကို ဒီစာရင်းမှာထည့်သွင်းရတဲ့ အချက်က အသည်းမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ထက် ခန္ဓာကိုယ်ထဲက အဆိုပါ အဆိပ်အတောက်တွေ ထွက်သွားနိုင်အောင် ကူညီပေးဖို့ဖြစ်ပါတယ်။ ပန်းသီးမှာ Malic Acid ပါဝင်ပြီး ဒီ Acid က အသည်းမှာရှိတဲ့ ပြွန်တွေကို ပွင့်သွားအောင် လုပ်ဆောင်နိုင်ပါတယ်။ အသည်းမှာရှိနေတဲ့ ပြွန်တွေပွင့်သွားတဲ့အခါ အဆိပ်အတောက်တွေကို စွန့်ထုတ်ပစ်ဖို့ ပိုမိုလွယ်ကူနိုင်တာကြောင့် အသည်းကို သန့်စင်ဖို့အတွက် အခြားအစားအစာများ မစားခင်မှာ ပန်းသီးကို ပထမဆုံး ကြိုတင်ပြီး စားသုံးပေးရမှာဖြစ်ပါတယ်။ 

Grapefruit
ဂရိတ်ဖရု လို့ အများခေါ်တဲ့ Grapefruit မှာလည်း အသည်းကိုသန့်စင်ဖို့အတွက် အကျိုးပြုတဲ့ အာဟာရဓာတ်တွေ တော်တော်များများ ပါဝင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး ဗီတာမင် C ၊ Lycopene ၊ Choline နဲ့ Potassium စတဲ့ 
အာဟာရဓာတ်တွေက အသည်းကို သန့်စင်တဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များ ဖြစ်ပါတယ်။ နှလုံးရဲ့ကျန်းမာရေးကိုလည်း ကောင်းမွန်စေပြီး Grapefruit  မှာရှိတဲ့ Antioxidants အာနိသင်က အသည်းနဲ့ အခြားခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေမှာ ရှိနေတဲ့ ကျန်းမာရေးကို ထိခိုက်စေမယ့် အဆိပ်အတောက်တွေကို ဖယ်ရှားရှင်းလင်းပေးနိုင်တဲ့ အစွမ်းရှိနေပါတယ်။ 

Green Tea 
အသည်းကို သန့်စင်မယ့်အခါ Green Tea ကိုလည်း ချန်ထားခဲ့လို့မရပါဘူး။ Green Tea မှာ သဘာဝအရ အဖိုးတန်တဲ့ ဆေးဖက်ဝင်အာနိသင်တွေ ရှိနေပြီး Catechins လို့ခေါ်တဲ့ ဓာတ်ပေါင်းတစ်မျိုးက အသည်းရဲ့လုပ်ငန်းဆောင်တာတွေ ပိုပြီး 
တိုးတက်ကောင်းမွန်အောင် လှုံ့ဆော်ပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ Green Tea လို့ဆိုတဲ့အတိုင်း လက်ဖက်ရည်လို့ သာသောက်သုံးသင့်ပြီး အဆိပ်အတောက်တွေ မြန်မြန်နဲ့ ပမာဏများများ ထွက်အောင်ဆိုပြီး သတ္တုရည်ကို သောက်သုံးတာမျိုးတော့ မပြုလုပ်သင့်ပါဘူး။ တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်း တန်သင့်ရုံ အသုံးပြုတာက သင့်ကျန်းမာရေးအတွက် အများကြီး အထောက်အကူပြုနိုင်ပြီး ဘေးထွက်ဆိုးကျိုး နည်းစေပါတယ်။ 
Ref; It's Time to Clean Your Liver! Top 10 Liver Detox Food That You Need!