ဝက်ခြံတွေက ပြောတဲ့ ကျန်းမာရေး

မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်က ၀က်ခြံတွေဟာ ဒီအတိုင်း ပေါက်ချင်သလိုပေါက်နေကြတာ မဟုတ်ဘူးလို့ ပညာရှင်တွေပြောလာပါတယ်။ ၀က်ခြံဖြစ်စေနိုင်တဲ့ အကြောင်းအရင်းများစွာရှိပြီး လူအများ စုက ၀က်ခြံတွေထွက်လာတဲ့အခါ ချွေးပေါက်တွေ ပိတ်ခြင်းကြောင့်၊ ဟော်မုန်းအပြောင်းအလဲကြောင့်လို့သာ ယူဆလိုက်ကြပါတယ်။ အမှန်တကယ်မှာ ၀က်ခြံတွေထွက်လာတဲ့အခါ ညဘက်မှ အိပ်ချိန်ဘယ်လောက်ရှိလဲက စလို့ ရှူလိုက်တဲ့ လေ နဲ့ သင့်ခန္ဓာကိုယ်အတွင်းပိုင်းက စနစ်တွေကပါ ၀က်ခြံပေါက်ခြင်းအပေါ် သက်ရောက်မှုရှိနေပါတယ်။ ၀က်ခြံပေါက်တဲ့ နေရာအစိတ်အပိုင်းကို ကြည့်ပြီး ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာတော့ ဘာပြဿနာဖြစ်နေပြီဆိုတာကို ခန့်မှန်းကြည့်လို့ရတယ်လို့ သိရပါတယ်။ တစ်နည်းအားဖြင့် ၀က်ခြံတွေကိုပဲ ပျောက်ကင်းအောင် ကုသတာထက် ၀က်ခြံတွေထွက်လာစေတဲ့ ရင်းမြစ်ဖြစ်တဲ့ ခန္ဓာကိုယ်က တခြားကျန်းမာရေးပြဿနာတွေကို ကုသခြင်းအားဖြင့် ၀က်ခြံကိုရော တစ်ခြားကျန်းမာ ရေးပြဿနာတွေကို ဖြေရှင်းပြီးသား ဖြစ်သွားစေတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် သင်ဝက်ခြံထွက်လာတဲ့အခါ အသားအရေထိန်းသိမ်းရေးပစ္စည်းတွေကိုပဲ အားကိုးပြီး ၀က်ခြံတွေ ပျောက်ကင်းအောင် လုပ်တာထက် သင့်ရဲ့ခန္ဓာကိုယ်မှာ ဖြစ်ကောင်းဖြစ်နေနိုင်တဲ့ အခြားကျန်းမာရေးပြဿနာကိုပါ အဖြေရှာသင့်ပါတယ်။ ၀က်ခြံတွေက ခန္ဓာကိုယ်ရဲ့ အကြောင်းကို ဘယ်လို ဖော်ပြနေပါသလဲ။

နဖူး
နဖူးပေါ်က ၀က်ခြံတွေက သင့်မှာ အစာချေစနစ်နဲ့ ပတ်သက်ပြီး ပြဿနာတစ်စုံတရာရှိနေပြီလို့ အချက်ပြနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်ရံ စိတ်ဖိစီးမှုကြောင့်လည်း နဖူးမှာ ၀က်ခြံတွေပေါက်တတ်တယ်လို့ သိရပါတယ်။ အစာချေ စနစ်ကောင်းကောင်း အလုပ်မလုပ်တာကြောင့် ၀က်ခြံတွေပေါက်လာတယ်လို့ သင်ယူဆရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို အစာချေလမ်းကြောင်းမှ တစ်ဆင့် စွန့်ထုတ်ပစ်နိုင်အောင် ရေများများသောက်ပေးရမှာဖြစ်ပြီး အကယ်၍ ကော်ဖီသောက်လေ့ရှိသူဆိုရင် ကဖိန်းဓာတ်ကို ခန္ဓာကိုယ်ထဲက ရှင်းထုတ်ပစ်နိုင်ဖို့ ကော်ဖီသောက်တာ ခေတ္တနားထားသင့်ပါတယ်။ စိတ်ဖိစီးမှုကိုလျှော့ချဖို့ သင့်အိပ်ချိန်ကို တိုးဖို့လိုပြီး အနည်းဆုံး တစ်ရက်ကို ၇ နာရီပြည့်အောင် အိပ်စက်ပေးရမယ်လို့ ပညာရှင်တွေ အကြံပြုထားပါတယ်။ အိပ်ရေး၀၀ အိပ်မယ်၊ ရေများများ သောက်မယ်၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပေးမယ်ဆိုရင် ဆေးဝါးနဲ့ လိမ်းဆေးတွေမလိုဘဲ နဖူးက ၀က်ခြံတွေပျောက်ကင်းအောင် ပြုလုပ်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ တစ်ခါတစ်ရံ ဆံပင် (သို့) ဦးထုပ်ကြောင့်လည်း ၀က်ခြံတွေပေါက်တတ်ပါတယ်။ ပျော့ဆေးသုံးထားတဲ့ ဆံပင်တွေ နဖူးတစ်ဝိုက်မှာထိနေရင် မျက်နှာအရေပြားပေါ်က ချွေးပေါက်တွေကို ပိတ်စေပြီး ဘက်တီးရီးယားကူးစက်ကာ ၀က်ခြံပေါက်စေတတ်ပါတယ်။ ဒါကြောင့် ရေများများသောက်၊ အိပ်ရေး၀၀အိပ်ပြီး ၀က်ခြံပျောက်ဖို့ ကြိုးစားနေချိန်မှာ ဆံပင်တွေကိုနဖူးပေါ်မှာ ၀ဲမနေအောင် အပြောင်သိမ်းထားဖို့လည်း လိုပါလိမ့်မယ်။ 

ပါး
ပါးပြင်တစ်ဝိုက်မှာ ၀က်ခြံတွေပေါက်နေတာက သင့်ရဲ့ အသက်ရှူလမ်းကြောင်းနဲ့ ဆက်စပ်မှု ရှိနေနိုင်ပါတယ်။ ပြင်ပက ညစ်ညမ်းတဲ့ လေထုနဲ့ မကြာခဏထိတွေ့ရတဲ့အခါမှာ အသက်ရှူလမ်းကြောင်းနဲ့ သင့်မျက်နှာအရေပြားမှာ ပြဿနာဖြစ်
လာပြီး ၀က်ခြံတွေထွက်လာနိုင်ပါတယ်။ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့ လေထုနဲ့ ထိတွေ့ပြီးတိုင်း မျက်နှာကို အသေအချာသန့်စင်ပေးဖို့ လိုအပ်သလို သန့်စင်တဲ့လေထုရရှိပြီး အသက်ရှူလမ်းကြောင်းကို ပြန်လည် သန့်စင်ပေးဖို့လည်း လိုအပ်
ပါတယ်။ အနည်းဆုံး သင်အနေများတဲ့ ပတ်ဝန်းကျင်က လေထုကိုသန့်စင်အောင် Air Purifier တပ်တာ၊ လေထုကိုသန့်စင်ပေးနိုင်တဲ့ အပင်တွေစိုက်ထားတာမျိုးပြုလုပ်ပြီး သင့်ရဲ့ အသက်ရှူလမ်းကြောင်းကို ပြန်လည်သန့်ရှင်းပေးနိုင်ပါတယ်။ မေရိုးအနီးတစ်ဝိုက်နဲ့ ပါးအောက်ပိုင်းက ၀က်ခြံတွေကတော့ တစ်ခါတစ်ရံ ခံတွင်းကျန်းမာရေး မကောင်းတာရဲ့ လက္ခဏာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင်နေ့စဉ် ကိုင်တွယ်အသုံးပြုနေရတဲ့ ပစ္စည်းတွေ (ဥပမာ - လက်ကိုင်ဖုန်း၊ မိတ်ကပ်ဘရှပ်၊ ခေါင်းအုံးဖုံး)က  ဘက်တီးရီးယားတွေကြောင့်လည်း ပါးအောက်ပိုင်းမှာ ၀က်ခြံတွေထွက်လာနိုင်ပါတယ်။ 

T-Zone
မျက်ခုံး၊ နှာခေါင်းနဲ့ မေးစေ့နားတစ်ဝိုက် ဧရိယာကို T-Zone လို့ခေါ်လေ့ရှိပြီး T-Zone မှာ ၀က်ခြံတွေပေါက်လာရင် အူလမ်းကြောင်းတစ်လျှောက်မှာ ပြဿနာဖြစ်နေတာ၊ ဒါမှမဟုတ် လတ်တလော အစားအသောက်တစ်မျိုးမျိုးကို ခန္ဓာကိုယ်က ဓာတ်မတည့်လို့ တုန့်ပြန်တဲ့အနေနဲ့ ၀က်ခြံတွေထွက်လာတာ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။  ဒီလိုနေရာမှာ ၀က်ခြံတွေပေါက်လာရင် အရေပြားဆိုင် ရာပညာရှင်တွေက နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ အနီရောင်အသားတွေ၊  အသင့်စားအစားအစာတွေကို စားသောက်တာကိုလျှော့ဖို့ အကြံပြုလေ့ရှိပါတယ်။  အဆီထုတ်ပေးတဲ့ ဂလင်းတွေက အခြားမျက်နှာ အစိတ်အပိုင်းတွေထက် အဆိုပါ T-Zone မှာ ပိုများပြီး တုန့်ပြန်မှုပိုဖြစ်လွယ်ကာ ၀က်ခြံထွက်ဖို့ ပိုလွယ်ပါတယ်။ နှာခေါင်းမှာ ပေါက်တဲ့ဝက်ခြံ တွေကတော့ အသည်းနဲ့ ကျောက်ကပ်ရဲ့ ကျန်းမာရေးနဲ့ သက်ဆိုင်ပြီး သွေးဖိအားများနေတာ၊ အသည်းကောင်းကောင်း အလုပ်မလုပ်တာတွေကြောင့်လည်း အဆိုပါနေရာမှာ ၀က်ခြံတွေပေါက်လာတာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

မေးစေ့ 
မေးစေ့နားတစ်ဝိုက်မှာပဲ ၀က်ခြံတွေရှိနေတယ်ဆိုရင် ဒါက သင့်ရဲ့ ခန္ဓာကိုယ်ထဲက ဟော်မုန်းအပြောင်းအလဲဖြစ်နေတယ်ဆိုတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ပထမဆုံး အိပ်ရေး၀၀အိပ်တာ၊ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက်တွေစားတာ စတာတွေလုပ်ကြည့်ပြီး အကယ်၍ မေးစေ့မှာ ၀က်ခြံတွေပေါက်တာ မသက်သာဘူးဆိုရင် အရေပြားဆရာဝန် နဲ့ သားဖွားမီးယပ်ဆရာဝန်ဆီမှာ သွား ရောက်ပြသသင့်ပါတယ်။ Omega-3 ဖြည့်စွက်အားဆေးကလည်း ဟော်မုန်းပြဿနာကို ဖြေရှင်းရာမှာ အကူအညီဖြစ်စေပါတယ်။ ဒီကာလမှာ ၀က်ခြံတွေ အခြေအနေ ပိုမဆိုးလာအောင် မေးစေ့နဲ့ မျက်နှာကို လက်နဲ့ထိတာ၊ ကိုင်တာတွေကို အ တတ်နိုင်ဆုံးရှောင်သင့်ပါတယ်။ 

ကျောကုန်း၊ လက်မောင်း နဲ့ ပေါင် 
ကျောကုန်း၊ လက်မောင်းနဲ့ ပေါင်တွေမှာ ပေါက်တဲ့ဝက်ခြံတွေကတော့ သတင်းဆိုးပါပဲ။ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း၊ မျိုးရိုးဗီဇ စတာ တွေကြောင့် ဖြစ်တတ်ပြီး ဒီဝက်ခြံအမျိုးအစားက ကုသရခက်ခဲပါတယ်။ ပျောက်ကင်းအောင် ကုသနေစဉ်မှာ ပေါက်ပြီးသား ၀က်ခြံတွေ သက်သာသွားဖို့၊ နောက်ထပ် ၀က်ခြံတွေ ထပ်မထွက်လာစေဖို့ ချွေးစုပ်ပြီး ချောင်ချိတဲ့ အ၀တ်အစားတွေဝတ်တာ၊ ကျောပိုးအိတ် နဲ့ လွယ်အိတ်တွေရဲ့ အလေးချိန်ကို အတတ်နိုင်ဆုံး လျှော့ချပြီးလွယ်တာ၊ ရေချိုးဆပ်ပြာ၊ Body Lotion နဲ့ အ၀တ်လျှော်ဆပ်ပြာတွေကို အနံ့အသက်နဲ့ ဓာတုပစ္စည်းပါဝင်မှုများတဲ့ အမျိုး အစားတွေကို မသုံးဘဲ သဘာဝပစ္စည်းအခြေခံပြီး ပြုလုပ်ထားတဲ့ အမျိုးအစားတွေကို ပြောင်းသုံးတာ စတာတွေပြုလုပ်ပေးသင့်ပါတယ်။

ဝက်ခြံကို ကုသတာက အချိန်ကြာလေ့ရှိပြီး စိတ်ရှည်ဖို့လိုအပ်ပါတယ်။ စိတ်ဖိစီးမှု၊ ဟော်မုန်း၊ အိပ်ချိန်၊ အစားအသောက် စတာတွေက ၀က်ခြံပေါက်ဖို့ အဓိက လှုံ့ဆော်ပေးနိုင်တဲ့ အရာများဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု နည်းနိုင်သမျှ နည်း
အောင်နေပြီး အိပ်ရေး၀၀ အိပ်ကာ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ပေးရမှာ ဖြစ်ပါတယ်။ 
Ref; What the Acne on Every Part of Your Body is Trying to Tell You