ကလေးကို လုံးဝ မကျွေးသင့်တဲ့ အစားအသောက်များ

ကလေးငယ်လေးကို နို့အပြင် အခြား ဖြည့်စွက်အစားအသောက်များ စတင်ကျွေးမွေးရမယ့် အချိန်က မိဘတိုင်းအတွက် စိတ်လှုပ်ရှားရတဲ့ အခိုက်အတန့်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ကလေးလေး လျင်လျင်မြန်မြန် ကြီးထွားဖွံ့ဖြိုးလာစေဖို့ ကျွေးလို့
ရနိုင်မယ့် အစားအသောက်အမျိုးအစား အကုန်လုံးနီးပါးကို ကျွေးချင်တဲ့ ဆန္ဒမျိုးတွေရှိနေပြီး ကလေးကိုကျွေးမယ့် အစားအသောက်တွေထဲမှာ ရှိသမျှ အာဟာရဓာတ်တွေနဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ပါနိုင်သမျှ ပါနေအောင်လုပ်ဆောင်မယ်လို့ စိတ်ကူးနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီလိုကာလမှာ စိတ်လှုပ်ရှားနေတဲ့ မေမေတို့ ကိုယ့်ကလေးလေးရဲ့ ရေရှည်ကျန်းမာရေးအတွက် သတိထားပြီး မကျွေးမိအောင်ရှောင်ကြဉ်ရမယ့် အစားအသောက်တစ်ချို့ရှိနေပါတယ်။ မိခင်နို့ကနေ ဖြည့်စွက်အစားအစာကို စတင်မြည်းစမ်းရတော့ မယ့် ကလေးလေးရဲ့ ခန္ဓာကိုယ်အတွက် မသင့်တော်သေးသလို၊  အစာချေစနစ်နဲ့ ကိုယ်ခံအားစနစ်ကလည်း လက်သင့်မခံနိုင်သေးတာကြောင့် အသက် ၁ နှစ်အောက်  ကလေးတွေကို မကျွေးသင့်သေးဘူးလို့ ပညာရှင်တွေ သတိပေးထားတဲ့ အစားအသောက်တစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။  

ဘယ်ရီသီး နဲ့ Citrus 
သစ်သီးဝလံတွေကို ကျန်းမာရေးကောင်းကျိုးအတွက် နေ့စဉ်အစားအသောက်စာရင်းမှာ ထည့်သွင်းစားသုံးပေးဖို့ ပညာရှင်တွေ တိုက်တွန်းလေ့ရှိပြီး ကလေးငယ်တွေကို အစားအသောက် ကျွေးတဲ့အခါမှာလည်း မပါမဖြစ် ထည့်သွင်းဖို့ အား
ပေးထားပါတယ်။ ဒါပေမဲ့ ကလေးငယ်လေးတွေနဲ့ အစာချေစနစ်က လူကြီးတွေလို အပြည့်အဝ အလုပ်မလုပ်သေးတာကြောင့် တစ်ချို့သစ်သီးဝလံတွေကိုတော့ ချွင်းချက်အနေနဲ့ အသက်အရွယ်အပိုင်းအခြားတစ်ခုမရောက်ခင် ကျွေးမွေးတာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ မိခင်နို့အပြင် ဖြည့်စွက်အာဟာရစတင်ကျွေးမွေးနိုင်တဲ့ အသက် ၆ လ မှ ၁ နှစ်အတွင်း ကလေးတွေကို ဘယ်ရီမျိုးစိတ်ဝင် အသီးတွေကို မကျွေးသင့်ဘူးလို့ ပညာရှင်တွေ သတိပေးထားပါတယ်။ အကြောင်းရင်းကတော့  ဘယ်ရီမျိုးရင်းဝင် အသီးတွေမှာပါဝင်တဲ့ ပရိုတင်းကို အစာချေဖို့ ကလေးငယ်တွေရဲ့ အစာချေစနစ်က အဆင်သင့် မဖြစ်သေးတာကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် Citrus မျိုးစိတ် အသီးတွေဖြစ်တဲ့ သံ ပရာသီး၊ လိမ္မော်သီး စတဲ့အသီးတွေကလည်း ကလေးတွေရဲ့ အစာအိမ်ကို ထိခိုက်စေလို့ ရှောင်သင့်ပါတယ်။ ၁ နှစ်ပြည့်ပြီးနောက်မှာတော့ အဆိုပါ အသီးတွေက ကလေးငယ်ရဲ့ ကျန်းမာရေးနဲ့ ကိုယ်ခံအားအတွက် အကျိုးပြုနိုင်ပြီး သူတို့ရဲ့ အစာချေစနစ်နဲ့ အစာအိမ်ကလည်း လက်ခံနိုင်ပြီဖြစ်လို့ စတင်ပြီး ကျွေးလို့ရပြီလို့ သိရပါတယ်။

နွားနို့ နဲ့ ပဲနို့
Baby Center Medical Advisory Board မှာ ဖော်ပြလာတဲ့ ဆောင်းပါးတစ်ပုဒ်မှာ မိခင်နို့ ဒါမှမဟုတ် Formula Milk လို့ ခေါ်တဲ့ ကလေးတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ နို့မှုန့်တွေကသာ အသက် ၁ နှစ်မပြည့်သေးတဲ့ ကလေးတွေကို တိုက်သင့်တဲ့ နို့အမျိုးအစားဖြစ်တယ်လို့ ဆိုထားပါတယ်။ အသက် ၁ နှစ်အောက် ကလေးတွေရဲ့ အစာချေစနစ်က နွားနို့ ဒါမှမဟုတ် ပဲနို့မှာပါတဲ့ ပရိုတိန်းကို အစာချေဖျက်နိုင်စွမ်း လုံးဝ မရှိလို့ အဆိုပါနို့တွေ တိုက်ခြင်းကို လုံးဝရှောင်ကြဉ်ဖို့ အကြံပြုထားပါတယ်။ ဒါ့အပြင် နွားနို့နဲ့ ပဲနို့မှာပါတဲ့ အခြားသတ္တုဓာတ်တွေက ကလေးရဲ့ ကျောက်ကပ်ကို ပျက်စီးစေတဲ့အထိ ဆိုးကျိုးသက်ရောက်နိုင်လို့ သတိထားသင့်ပါတယ်။ 

ကြက်ဥ အကာ
ကြက်ဥက ပရိုတင်း နဲ့ အခြားအာဟာရဓာတ်တွေ ကြွယ်ဝစွာရနိုင်လို့ ကလေးတွေအတွက် သင့်တော်တဲ့ အစားအစာ အမျိုးအစားထဲမှာ ထည့် သွင်းလို့ ရပါတယ်။ ကြက်ဥက ချက်ပြုတ်ရလွယ်ကူသလို အလွယ်တကူလည်း ဝယ်ယူလို့ရနိုင်တာ ကြောင့် မိဘတွေက ကလေးကို အစာအမာ စကျွေးလို့ရတဲ့ အသက်အရွယ်မှာ ကြက်ဥကို သီးသန့်ဖြစ်စေ၊ ဒါမှမဟုတ် ဖြည့်စွက်အစားအစာတွေထဲမှာ ရောထည့်ပြီးဖြစ်စေ ကျွေးတာမျိုး ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ အသက် ၁ နှစ်အောက် ကလေးငယ်တွေကိုဆိုရင်တော့ ကြက်ဥမကျွေးဖို့ ဆရာဝန်တွေ ညွှန်ကြားလေ့ရှိပြီး အထူးသဖြင့် ကြက်ဥအကာက အသက်ငယ်သေးတဲ့ကလေးတွေကို ဓာတ်မတည့်တာမျိုး ဖြစ်စေနိုင်တာကြောင့် ပိုပြီးသတိထားဖို့ လိုတယ်လို့ ဆိုထားပါတယ်။ ကြက်ဥအနှစ်ကိုတော့ ကလေးအသက် ၁ဝ လခန့်ရောက်ပြီ ဆိုရင်စတင်ကျွေးလို့ ရပြီလို့သိရပါတယ်။ ဒါကြောင့် သင့်ကလေးရဲ့ ဖြည့်စွက်အစားအစာထဲမှာ ကြက်ဥကို ထည့်သွင်းကျွေးလေ့ရှိတယ်ဆိုရင် အသက် ၁ နှစ်မပြည့်ခင် ခဏနားထားပါလို့ ပညာရှင်တွေ အကြံပြုထားပါတယ်။

လုံးဝန်းပြီး မာကျောတဲ့ အစားအစာတွေ
ဒါကတော့ ကလေးရဲ့ ကျန်းမာရေးထက် ဘေးကင်းမှုကိုရှေးရှုပြီး ရှောင်ကြဉ်သင့်တဲ့ အစားအစာ အမျိုးအစား ဖြစ်ပါတယ်။ အစေ့အဆံတွေ ဆိုတာက အာဟာရဓာတ်ပြည့်ဝတာမှန်ပေမဲ့ အသက်ငယ်သေးတဲ့ ကလေးအတွက်တော့ ဘယ်လိုမှ မသင့်တော်တဲ့ အစားအစာအုပ်စုထဲမှာ ပါဝင်ပါတယ်။ နောက်ပြီး စပျစ်သီးလို လုံးဝန်းပြီး ခံတွင်းထဲမှာပျော်ဝင်သွားဖို့ ဘယ်လိုမှ မလွယ်တဲ့ အသီးအနှံတွေ၊ အစားအစာတွေကိုလည်း ကလေးကို မကျွေးသင့်ပါဘူး။ အဆိုပါ အစားအစာတွေက 
ကလေးရဲ့ အသက်ရှူလမ်းကြောင်းမှာ တစ်ဆို့နေနိုင်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ်ကို ဒုက္ခပေးနိုင်တဲ့ အစားအစာများ ဖြစ်သွားနိုင်ပါ တယ်။ အစေ့အဆံတွေနဲ့ စပျစ်သီးလို အသီးတွေက ကျန်းမာရေးအတွက် ကောင်းမွန်ပြီး အာဟာရ
တန်ဖိုးမြင့်မားတာကြောင့် ကလေးကို ကျွေးလိုတဲ့ ဆန္ဒရှိတယ်ဆိုရင်တောင်မှ သင့်ရဲ့ကလေးက အစားအစာတွေကို ကောင်းကောင်းဝါးနိုင်ပြီလို့ စိတ်ချရတဲ့အခါမှ ကျွေးသင့်ပြီး ကျွေးတဲ့အခါမှာလည်း သင့်တော်တဲ့ အရွယ်အစားဖြစ်အောင် စိတ်ပိုင်းကာ သေချာစောင့်ကြည့်ပြီးမှ ကျွေးသင့်ပါတယ်။

ပျားရည်
အသက် ၆ လအောက်ကလေးငယ်တွေကို မိခင်နို့မှလွဲပြီး အခြားဖြည့်စွက်အစားအစာတွေ မကျွေးသင့်ဘူးဆိုတာကို မိခင်တိုင်းသိရှိပြီး ဖြစ် မှာပါ။ ဒါပေမဲ့ ကလေးလေး ရေဆာနေတယ်လို့ထင်ပြီး စေတနာမေတ္တာဇော နဲ့ ကလေးငယ်တွေကို ပျားရည်နဲ့ ရေရောပြီးတိုက်ကျွေးတာမျိုး တစ်ချို့မိခင်တွေ ပြုလုပ်မိလေ့ရှိပါတယ်။ ပျားရည်မှာ ကျန်းမာရေးကောင်းကျိုးနဲ့ အာဟာရတန်ဖိုးတွေ ရှိတာမှန်ပေမဲ့ ပျားရည်မှာ ရှိနေတတ်တဲ့ Clostridium Botulinum ဘက်တီးရီးယားရဲ့ မျိုးမှုန်တွေက ကလေးတွေကို အဆိပ်သင့်စေနိုင်တာကြောင့်  ကလေးငယ်တွေကို လုံးဝ (လုံးဝ) မကျွေးသင့်တဲ့ အစားအစာတစ်မျိုးအဖြစ် WHO  က သတ်မှတ်သတိပေးထားပါတယ်။ 

အသီးဖျော်ရည်များ
အသီးအနှံတွေကို လတ်လတ်ဆတ်ဆတ်စားသုံးတာက အကောင်းဆုံးလို့ ဆိုလေ့ရှိပါတယ်။ ဒီအယူအဆက ကလေးငယ်တွေအတွက်လည်း အတူတူပါပဲ။ အသင့်သောက်သုံးနိုင်အောင် ပြုလုပ်ထားတဲ့ အသီးဖျော်ရည်တွေက ဘယ်လိုပဲ သဘာဝအသီးစစ်စစ်တွေလို့ တံဆိပ်တပ်ထားပေမယ့်လည်း သူတို့မှာ တကယ့်အသီးစစ်စစ်ကသာ ရနိုင်မယ့် အမျှင်ဓာတ်နဲ့ အခြားအာဟာရဓာတ်တွေ လျော့နည်းသွားပြီး အပိုထပ်ထည့်ထားတဲ့ သကြားတွေပါလေ့ရှိတတ်ပါတယ်။ ဒီသကြားဓာတ်က သင့်ရဲ့ကလေးလေး လုံးဝမလိုအပ်တဲ့ အရာဖြစ် ပါတယ်။ တစ်ချို့အသီးဖျော်ရည်တွေမှာ ဗီတာမင် C တွေ ဖြည့်စွက်ထားတတ်ပြီး လိမ္မော်ရည်လို ဖျော်ရည်မျိုးမှာဆိုရင် အက်ဆစ်ဓာတ်တွေ ပါဝင်ပြီး ကလေးရဲ့ အစာအိမ်ကို ထိခိုက်စေပါတယ်။ ဒါ
ကြောင့် အသင့်သောက်သုံးနိုင်တဲ့ အသီးဖျော်ရည်တွေ တိုက်တာမျိုးကိုလည်း ရှောင်သင့်ပြီး အကယ်လို့ ကလေးက အသီးအနှံတွေ ကျွေးရခက်တယ်ဆိုရင် အသီးလတ်လတ်ဆတ်ဆတ်ကို သကြားမထည့်ဘဲ ဖျော်တိုက်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ 

သေချာမချက်ပြုတ်ထားတဲ့ အစားအသောက်များ
ဒီအစားအစာ အမျိုးအစားကတော့ ကလေးငယ်တွေသာမက အရွယ်ရောက်ပြီး လူကြီးတွေမှာ တောင် သတိထားစားသုံးရမယ့် အစားအစာ အုပ်စုထဲမှာပါဝင်ပါတယ်။ ကလေးငယ်တွေကို လုံးဝ မကျွေးသင့်တဲ့ အစားအစာများထဲမှာ သေသေ 
ချာချာ ကျက်အောင်မချက်ပြုတ်ထားတဲ့ အသားငါးတွေ၊ ပင်လယ်စာတွေ၊ ကြက်ဥ၊ နို့ နဲ့ နို့ထွက် ပစ္စည်းတွေပါဝင်ပါတယ်။ ကလေးတွေရဲ့ ကိုယ်ခံအားစနစ်က အသက်ငယ်သေးစဉ်မှာ အပြည့်အဝ အလုပ်မလုပ်သေးတာကြောင့် သေချာကျက် 
အောင် မချက်ပြုတ်ထားတဲ့ အစားအစာတွေမှာ ပါဝင်လာမယ့် ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ်တွေ အလွယ်တကူ ကူးစက်နိုင်ပြီး နောက်ဆက်တွဲ ပြင်းထန်တဲ့ ရောဂါတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုအစားအသောက်တွေကို ကိုယ်ဝန်ဆောင်ထားစဉ်မှာလည်း ရှောင်ကြဉ်သင့်တယ်လို့ ပညာရှင်တွေ သတိပေးထားပါတယ်။ 
Ref; Foods You Should Never Feed Your Baby