စမုံနက်စေ့ရည်ကို သုံးပြီး ဝိတ်ချမယ်ဆိုရင်

စမုံနက်ပင်ရဲ့ သိပ္ပံနာမည်က Foeniculum vulgare va dulce ပါတဲ့။ စမုံနက်ပင်ဟာ ဆေးဘက်ဝင်တဲ့ နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး ကရဝေး၊ ဇီရာစေ့၊ စမုန်စပါးပင်တို့နဲ့အတူ တရုတ်နံနံ အုပ်စုထဲမှာ ပါဝင်ပါတယ်။ စမုံနက်ရဲ့ အစေ့၊ ပန်းပွင့်တွေ၊ အရွက်တွေနဲ့ ပင်စည်မှာ အာဟာရ အကျိုးကျေးဇူးတွေနဲ့ ဆေးဘက်ဝင် အာနိသင်တွေ ပါဝင်နေကြပြီး ကမ္ဘာတစ်ဝန်းက ဟင်းလျာအမျိုးမျိုးမှာလည်း ထည့်သွင်းအသုံးပြုနေကြပါတယ်။ 

စမုံနက်စေ့ရဲ့ အရည်တစ်နည်း စမုံနက်ရည်ဟာဆိုရင် စမုံနက်စေ့တွေ ရေထဲမှာ ပျော်ဝင်နေတဲ့ ရေတစ်မျိုးလို့ ဆိုရမှာပေါ့။ စမုံနက်စေ့အရည်ကို ရရှိဖို့ဆိုရင် စမုံနက်စေ့တွေကို ရေနွေးဆူဆူထဲထည့်ပြီး အအေးခံတာ ဒါမှမဟုတ် ရေအေးနဲ့ တစ်ညတာ စိမ်ထားခြင်းတို့ဖြင့် ရရှိနိုင်ပါတယ်။ စမုံနက်စေ့အရည်ဟာ ရွှေရောင်ဖျော့ဖျော့ အရောင်ရှိပြီး အနံ့က လတ်ဆတ်တယ်၊ ကြည်လင်တယ် ပြီးတော့ အရသာကလည်း ဆိုးဆိုးရွားရွား မဟုတ်ပါဘူး။ အစပိုင်းမှာတော့ အရသာက နည်းနည်းထူးဆန်းသလို ရှိနိုင်ပေမယ့် နောက်ပိုင်းမှာတော့ အသားကျသွားပါလိမ့်မယ်။ 

အခုဖော်ပြသွားမယ့် အကြောင်းအရာတွေထဲမှာတော့ စမုံနက်စေ့စိမ်ရည် အများကြီးကို ဘယ်လိုလုပ်သွားမလဲဆိုတာကို လေ့လာလို့ ရသွားမှာပါ။ ဒါမှသာလျှင် စမုံနက်စေ့အရည်ရဲ့ အဆီလောင်ကျွမ်းစေတဲ့ ဂုဏ်သတ္တိတွေကို ကျေနပ်မိရင်းနဲ့ တစ်နေ့တာလုံး သောက်သုံးသွားလို့ရမှာလည်း ဖြစ်ပါတယ်။ စာရေးသူရဲ့ အဆိုအရတော့ သူဟာ လွန်ခဲ့တဲ့ ၄ လလောက်ကတည်းက စမုံနက်စေ့ အရည်အကြောင်းကို သိရှိခဲ့ပေမယ့် သူကိုယ်တိုင် စမ်းသပ်ကြည့်ပြီးတဲ့ နောက်ပိုင်းမှာမှ ဒီအကြောင်းကို ရေးဖို့ဆုံးဖြတ်ခဲ့တာပါလို့ ဆိုထားပါတယ်။ ဒီစမုံနက်စေ့အရည်ဟာ ရှေးဟောင်း ဆေးဘက်ဝင် အိမ်သုံးဆေးဝါးဖြစ်ပြီး အဝလွန်ခြင်းအတွက် ကုသမှုတစ်ခုအဖြစ် ကမ္ဘာ့ရှေးအကျဆုံး ဆေးပညာနဲ့သက်ဆိုင်တဲ့ စနစ်မှာ ညွှန်ကြားဖော် ပြထားပါတယ်။ 

စမုံနက်စေ့ရဲ့ အာဟာရနဲ့ သက်ဆိုင်တဲ့ အကျိုး ကျေးဇူးများ 
ကယ်လဆီယမ် - စမုံနက်စေ့မှာ ကယ်လဆီယမ် ပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိတဲ့နေရာမှာ အကူအညီဖြစ်စေပြီး ရာသီမလာခင်မှာ ခံစားရတဲ့ ဝေဒနာတွေကိုလည်း သက်သာစေပါတယ်။ အရိုးကို သန်မာစေတဲ့အပြင် သွေးဖိအား မြင့်တက်ခြင်းနဲ့ ဆီချိုရောဂါတို့ကို ကူညီကာကွယ်ပေးပါတယ်။ 

မဂ္ဂနီဆီယမ် - ကြွက်သားတွေ သန်မာစေဖို့အတွက် အရေးပါတဲ့အပြင် အာရုံကြောစနစ်ကို အနားရစေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေတဲ့ မဂ္ဂနီဆီယမ်ဓာတ်လည်း ပါဝင်တယ်။ 

ဖော့စဖောရပ် - စမုံနက်စေ့ထဲမှာ ဖော့စဖောရပ်ဓာတ်လည်း ပါဝင်တာကြောင့် အရိုးနဲ့ သွားတွေကို သန်မာစေတယ်၊ စွမ်းအင်မြင့်တက်စေတဲ့အပြင် ကျန်းမာကောင်းမွန်တဲ့ အစာခြေစနစ်ဖြစ်စေဖို့ အကူအညီပေးကာ အသားဓာတ်ကိုလည်း ထုတ်ပေးပါတယ်။ 

ပိုတက်ဆီယမ် - ဘဝအတွက် အရေးကြီးဆုံး သတ္ထုဓာတ်ဖြစ်တဲ့ ပိုတက်ဆီယမ်လည်း ပါတာကြောင့် ဆဲလ်တည်ဆောက်ခြင်းမှာ ကူညီပေးတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကောင်းမွန်ခြင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ လန်းဆန်းတက်ကြွခြင်းတို့ကိုလည်း ဖြစ်ပေါ်စေပါတယ်။ 

ဗီတာမင်အေ - မျက်လုံး ကျန်းမာရေးကို ကောင်းမွန်စေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်တဲ့ ဗီတာမင် အေ ကလည်း စမုံနက်ထဲမှာ ပါနေပါတယ်။ ဗီတာမင် အေ က ခန္ဓာကိုယ်မှာရှိတဲ့ ဆဲလ်တွေကို ထပ်မံဖြည့်တင်းပေးပါတယ်။  

ဗီတာမင် စီ - အအေးမိခြင်းကို ကာကွယ်ပေးပြီး ခုခံအားစနစ်ကို ခိုင်မာစေတဲ့အပြင် ကိုယ်ဝန်ဆောင် ကျန်းမာရေးအတွက် အရေးပါတဲ့ ဗီတာမင်စီလည်း ပါပါတယ်။ 

အမျှင်ဓာတ် -  မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ် ပါဝင်မှုဟာ ရေကိုစုပ်ယူခြင်းအားဖြင့် အစာချေ စနစ်ထဲမှာ ရှိနေတဲ့ အစာအများကြီးကို အစာအိမ်နဲ့ အူလမ်းကြောင်းတစ်လျောက် အလျင်အမြန် ဖြတ်သန်းစေပါတယ်။ အစာဟောင်းတွေကို လှုံ့ဆော်
ပေးပြီး ဝမ်းချုပ်ခြင်းမှ သက်သာရာရစေပါတယ်။ ကိုယ်အလေးချိန် ကျစေဖို့အတွက် စမုံနက်စေ့အရည်ပြုလုပ်ခြင်းက သိပ်ကို လွယ်ကူရိုးရှင်းပြီး ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်တွေလည်း မပါဝင်ပါဘူး။ စမုံနက်စေ့အရည်ကို နည်းလမ်း (၂) မျိုးနဲ့ ပြုလုပ်နိုင်ပါတယ်။ 

ပထမနည်းလမ်းကတော့ စမုံနက်စေ့တွေကို ဆူပွက်နေတဲ့ရေထဲ ထည့်နှပ်ပြီး အအေးခံခြင်းဖြစ်ပြီးတော့ ဒုတိယနည်းလမ်းကတော့ စမုံနက်စေ့တွေကို ရေအေးထဲမှာ တစ်ညလုံးစိမ်ထားခြင်းဘဲ ဖြစ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ အသန့်စင်ဆုံးရေလို့ ပြောရမယ့် ပေါင်းခံရည်ကို အသုံးပြုပေးပါ။ အနံ့ကောင်းကောင်းလေး ရချင်တယ်ဆိုရင်တော့ စမုံနက်စေ့တွေကို ဒယ်အိုးထဲထည့်ပြီး စက္ကန့် ၂ဝ ကြာ လှော်လိုက်ပါ။ ပထမဆုံး စပြီး စမ်းကြည့်မယ့် သူတွေအတွက်ကတော့ ပြုလုပ်ဖို့ ပေးထားတဲ့ အညွှန်းထဲက ပမာဏရဲ့ တစ်ဝက်လောက်ကိုဘဲ စတင်ပြီး သုံးကြည့်ပေးပါနော်။

စမုံနက်စေ့အရည် ပြုလုပ်ပုံ 

ပထမ နည်းလမ်း - စမုံနက်စေ့တွေကို ဆူပွက်နေတဲ့ ရေနွေးထဲမှာ နှပ်ခြင်း 

ပါဝင်ပစ္စည်းတွေကတော့ ရေ ၁ လီတာ ဒါမှ မဟုတ် ရေ ၄ ဖန်ခွက်နဲ့ စမုံနက်စေ့ စားပွဲတင်ဇွန်း ၂ ဇွန်းတို့ဘဲ ဖြစ်ပါတယ်။

ပြုလုပ်ပုံလေးကတော့
၁။ စောက်နက်နက် အိုးထဲမှာ ရေထည့်ပြီး ဆူပွက်အောင် ကြိုချက်ပါ။ ရေနွေးအိုးထဲက တည်ပြီးသား ရေနွေးရှိရင်လည်း ထည့်လို့ရပါတယ်နော်။ 
၂။ ရေနွေးပွက်ပွက်ဆူလာတဲ့အခါမှာ စမုံနက်စေ့တွေကို ထည့်ပြီး မီးကို ချက်ချင်းပိတ်လိုက်ပါ။ 
၃။ အိုးကို အဖုံးဖုံးထားပြီး  အခန်းအပူချိန်မှာဘဲ အအေးခံထားပါ။ 
၎။ အေးသွားပြီဆိုတဲ့အခါမှာတော့ စမုံနက်စေ့ အရည်လေး ရရှိပြီဖြစ်ပါတယ်။ ဖန်တကောင်း ဒါမှမဟုတ် ပုလင်းထဲကို မိမိနှစ်သက်သလို ပြောင်းထည့်ပြီး တစ်နေ့တာလုံး သောက်သုံးလို့ ရသွားပါပြီ။
၅။ စမုံနက်စေ့ရည်ကို နေ့တိုင်းပြုလုပ်ဖို့အတွက် အချိန်မပေးနိုင်ဘူးဆိုရင် ဖော်ပြခဲ့တဲ့ အချိုးအစားအတိုင်း ၂ ဆ ၃ ဆ ပြုလုပ်ထားနိုင်ပြီး ရေခဲသေတ္တာထဲထည့်ကာ သောက်သုံးလို့ရပါတယ်။

ဒုတိယနည်းလမ်း - ရေအေးထဲမှာ တစ်ညလုံး စိမ်ထားခြင်း

ဒီနည်းလမ်းက ပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိုးလင်းတာနဲ့ စမုံနက်စေ့ရည်က သောက်သုံးဖို့အတွက် အဆင်သင့်ဖြစ်နေတာကြောင့်ပါ။ နံနက်ခင်းတွေမှာ အလုပ်များလည်း ညကတည်းက စမုံနက်စေ့ရည်ကို 
ပြုလုပ်ထားတာဖြစ်လို့ စိတ်ပူစရာ မလိုတော့ပါဘူး။ မီးကို အသုံးပြုစရာမလိုတာကြောင့် အစေ့ထဲမှာ ပါဝင်နေတဲ့ အာဟာရဓာတ်တွေလည်းဘဲ မပျက်စီးတော့ဘူးပေါ့။ ဒီနည်းလမ်းမှာ ပြုလုပ်ရမှာတွေကတော့ 

၁။ ရေတကောင်းတစ်ခုထဲကို စမုံနက်စေ့ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီးတော့ ရေ ၁ လီတာ ပြည့်သွားအောင် ထည့်ပေးရမှာဘဲ ဖြစ်ပါတယ်။ 
၂။ ရေတကောင်းကို အဖုံးဖုံးထားပြီးနောက် နောက်တစ်နေ့နံနက်မှာ မေ့မသွားဖို့ဘဲ လိုပါတယ်။

အစပိုင်းမှာတော့ အစေ့တွေက ရေပေါ်မှာ ပေါလောပေါနေကြမှာပါ။ ဒါပေမဲ့ နံနက်ရောက်ပြီဆိုရင် အစေ့တွေက ရေတကောင်း အောက်ခြေမှာ ကပ်နေတာကို တွေ့ရမှာပါ။ 

စမုံနက်စေ့အရည်က ကိုယ်အလေးချိန် လျော့ကျစေဖို့ ဘယ်လိုအကူအညီဖြစ်စေတာလဲ 

၁။ ဇီဝတွင်းဖြစ်ပျက်မှုကို တိုးတက်စေတယ် - ဇီဝတွင်းဖြစ်ပျက်မှုဆိုတာ ဆဲလ်တွေက ကျွန်မတို့ စားသုံးလိုက်တဲ့ အစားအစာတွေကနေ စွမ်းအင်ထုတ်ယူသုံးစွဲခြင်းကို ရည်ညွှန်းတာပါ။ ဇီဝတွင်းဖြစ်ပျက်မှု မြင့်တက်လာတာနဲ့ အစားအစာတွေမှာ ပါဝင်တဲ့ ကယ်လိုရီတွေကို ခန္ဓာကိုယ်ထဲမှာ ပိုပြီးမြန်မြန် လောင်ကျွမ်းသွားစေတာကြောင့် အဆီတွေကို လျော့ချဖို့ အကူအညီဖြစ်စေပါတယ်။ 

၂။ သဘာဝအလျောက် အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတယ် - အစာစားချင်စိတ်ကို ထိန်းချုပ်ပေးတဲ့ ဆေးဝါးတွေအစား သဘာဝအတိုင်းရရှိတဲ့ စမုံနက်စေ့ကို စားသုံးပေးပါ။ စမုံနက်စေ့ကို ဝါးခြင်းဖြင့် သဘာဝအတိုင်း အစာစားချင်စိတ်ကို လျော့နည်းစေပါတယ်။ 

၃။ သွေးသန့်စင်စေဖို့လည်း အကူအညီဖြစ်စေပါတယ် - စမုံနက်စေ့အရည်ဟာ သွေးထဲမှာ လည်ပတ်နေတဲ့ များပြားလှတဲ့ ယူရစ်အက်ဆစ်ပမာဏကို ရှင်းလင်းဖို့ အကူအညီဖြစ်စေပြီး သည်းခြေ ရည်ကိုလည်း ပြိုကွဲစေပါတယ်။ ဒါကြောင့် အသည်းထဲက အဆီတွေကို ချေဖျက်မှုကိုလည်း တိုးစေတာပေါ့။ 

၎။ ရေကတော့ ခန္ဓာကိုယ်က အဆိပ်တွေကို ရှင်းထုတ်ပေးပါတယ် - ယနေ့ခေတ်မှာတော့ ဘယ်ရှုထောင့်ကနေ ကြည့်ကြည့် အဆိပ်မျိုးစုံရဲ့ ထိုးနှက်ခြင်းကို ခံနေရတာပါဘဲ။ ကားအက်ဇော့ကနေထုတ်တဲ့ မီးခိုးငွေ့ကစလို့ အလှကုန်ပစ္စည်းတွေ အထိပေါ့။ စမုံနက်စေ့ရည်ကတော့ သွေးထဲမှာ လည်ပတ်နေတဲ့ အဆိပ်တွေကို ကျောက်ကနေတစ်ဆင့် ရှင်းထုတ်ပေးပါတယ်။ 

၅။ ဆီးရွှင်စေပါတယ် - စမုံနက်စေ့ရည်ဟာ ဆီးနည်းနည်းရွှင်စေတဲ့ သက်ရောက်မှုရှိတာကြောင့် ကဖင်းဓာတ်မပါရှိဘဲနဲ့ တက်ကြွနိုးကြားစေဖို့လည်း ကူညီမှာပါ။ စမုံနက်စေ့ရည်ကို တစ်နေ့တာလုံး တစ်စိမ့်စိမ့် သောက်သုံးပေးခြင်းဖြင့် တက်ကြွနိုးကြားစေမယ့်အပြင် လှုပ်ရှားမှုပြုလုပ်နေရတာကြောင့် လေ့ကျင့်ခန်း လုပ်ပြီးသားလည်းဖြစ်တာပေါ့။

၆။ ကြွက်သားတွေကို ချောမွေ့စေပါတယ် - စမုံနက်စေ့ရဲ့ ကြွက်သားတွေကို ချောမွေ့စေတဲ့ အာနိသင်က ဆာလောင်တဲ့ခံစားမှု ထွက်ပေါ်စေတဲ့ အစာအိမ်က ကြွက်သားတွေကို ပြေလျော့စေခြင်းဖြင့် အစာစားချင်စိတ်ကို ထိန်းချုပ်ပေးပါတယ်။ ဒါက ကယ်လိုရီပမာဏ ပိုနည်းပြီး စားသုံးမိတာကြောင့် ကိုယ်အလေးချိန် ကျဆင်းစေဖို့လည်း အကူအညီဖြစ်စေတာပေါ့။

၇။ မယ်(လ)တိုနင်ကို လှုံ့ဆော်ပေးပါတယ် - မယ်(လ)တိုနင်ဆိုတာကတော့ ဦးနှောက်ထဲမှာရှိတဲ့ ပစ်ကျူထရီဂလင်းကနေ ထုတ်လွှင့်ပေးနေတဲ့ သဘာဝဟော်မုန်းဖြစ်ပြီး အိပ်စက်ခြင်းကို ထိန်းညှိပေးဖို့အတွက် တာဝန်ယူဆောင်ရွက်ပါတယ်။ ၆ နာရီမှ ၈ နာရီအတွင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခြင်းဟာ ကျန်းမာရေးနဲ့ ညီညွှတ်မျှတတဲ့ ကိုယ်အလေးချိန် လျော့ချခြင်းမှာ အဓိကကျပါတယ်။ ဒါကြောင့် ယင်းကလည်း ကျန်းမာရေးနဲ့ ညီညွှတ်မျှတတဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်း ညှိပေးနိုင်တယ်လို့ ဆိုရမှာပေါ့။ 

ဘယ်လောက်များများ သောက်သုံးသင့်ပါသလဲ။

အရာအားလုံးရဲ့ အပေါ်မှာ ထားသင့်တဲ့ သဘောထားလိုပါဘဲ။ စမုန်နက်စေ့ရည်ကို သောက်သုံးခြင်းဟာလည်း သင့်တင့်မျှတစွာဘဲ ဖြစ်သင့်ပါတယ်။ ပေးထားတဲ့ ပြုလုပ်ညွှန်းအတိုင်း လိုက်နာပြီး ၁ လီတာ ဒါမှမဟုတ် ဖန်ခွက် ၄ ခွက်စာပြုလုပ်ပြီး တစ်နေ့တာလုံး သောက်သုံးပေးရမှာ ဖြစ်ပါတယ်။ တစ်နေ့ပြီးတစ်နေ့ ဖြည်းဖြည်းချင်းဘဲ ကိုယ်အလေးချိန်ကို လျှော့ချဖို့ ကြိုးစားသင့်ပါတယ်။ 

မကောင်းတဲ့ လက္ခဏာတွေအတွက် စိုးရိမ်မိတယ်ဆိုရင်တာ့ တစ်နေ့အတွက် စမုန်နက်စေ့ရည် တစ်ဖန်ခွက်ဘဲ သောက်သုံးပြီးတော့ ဘယ်လိုတုန့် ပြန်လဲဆိုတာကို စောင့်ကြည့်ပေးပါ။ တစ်နေ့ကို ၄ ခွက်အထိ သောက်နိုင်စေဖို့ တဖြည်းဖြည်း လေ့ကျင့်သောက်သုံးသွားလို့ ရပါတယ်။ 

တစ်ခု သတိပြုစေချင်တာကတော့ ကိုယ့်ရဲ့ရောဂါရာဇဝင်တွေကို သိထားပြီး တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ဖို့လည်း မမေ့ဖို့ပါဘဲ။ သဘာဝ ဆေးနည်းဆိုပေမဲ့လည်း ကျွမ်းကျင်တဲ့ကျန်းမာရေးဝန်ထမ်းတွေနဲ့တော့ တိုင်ပင်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စမုန်နက်စေ့ကို ရှောင်ကျဉ်သင့်တယ်ဆိုရင် မသောက်သုံးပါနဲ့လို့ အကြံပြုပါတယ်။ လွယ်ကူရိုးရှင်းပြီး ကျန်းမာရေးနဲ့ ညီညွတ်စွာဘဲ ကိုယ်အလေးချိန် ကျဆင်းချင်တယ်၊ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်
နဲ့လည်း တိုင်ပင်ပြီးသွားပြီဆိုရင်တော့ စမ်းသပ်ပြီး သောက်သုံးကြည့်ကြပါဦး။ ကျန်းမာမျှတ လှပကြပါစေလို့လည်း ဆန္ဒပြုလိုက်ပါတယ်။
Ref: Drinking Fennel Seed Water for Weight Loss
By healthmunsta