စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းများ

စိတ်ဖိစီးမှုလို့ဆိုလိုက်တာနဲ့ လူအများမေးလေ့ရှိကြတဲ့ မေးခွန်းက ဘာကြောင့် စိတ်ဖိစီးမှုဖြစ်တာလဲဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ လူတစ် ယောက်ကို ဖိစီးမှုဖြစ်ပေါ် ခံစားရစေတဲ့ အကြောင်းရင်းတွေက မတူညီသလို ကိစ္စရပ်တစ်ခုတည်း အပေါ်မှာတောင် လူတစ်ယောက်နဲ့တစ်ယောက် ခံစားရတဲ့ စိတ်ဖိစီးမှု ပမာဏချင်းကလည်း မတူညီနိုင်ပါဘူး။ ဒါကြောင့် ဘာတွေက စိတ်ဖိစီးမှုဖြစ်စေသလဲဆိုတဲ့ မေးခွန်းအတွက် တိကျတဲ့အဖြေ မရှိဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကြုံတွေ့နေရတဲ့ 
ဖိစီးမှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေတော့ရှိပါတယ်။ ကွဲပြားတဲ့ အကြောင်းအရာတွေကြောင့် ဖြစ်ပေါ်ခံစားလာရတဲ့ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်ဖို့အတွက် မတူညီတဲ့ နည်းလမ်းတွေကို ပညာရှင်တွေ အကြံပြုထားပါတယ်။
 
(၁) အနားယူပါ
နားချိန်မရှိဘဲ အလုပ်ကိုပဲ ဖိလုပ်နေတာက ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအတွက်ရော  စိတ်ရဲ့ကျန်းမာရေးအတွက်ပါ ကောင်းကျိုးပေးတဲ့ ကိစ္စတစ်ခုတော့မဟုတ်ပါဘူး။ စိတ်အင်အားရော လူအင်အားရော စိုက်ထုတ်ပြီး လုပ်ရတဲ့ အလုပ်တစ်ခုခုလုပ်ပြီးတိုင်းမှာ သင့်တော်တဲ့ အနားယူမှု တစ်မျိုးမျိုးက လိုကိုလိုအပ်ပါတယ်လို့ ပညာရှင်တွေ အကြံပြုထားပါတယ်။ ဒီမှာပြောထားတဲ့  အနားယူမှုဆိုတာက ရက်ရှည်ခွင့်ယူပြီး တစ်နေရာရာမှာ အနားသွားယူဖို့ဆိုလိုနေတာမဟုတ်ဘဲ ခေတ္တနား ချိန်ကို ပြောနေတာဖြစ်ပါတယ်။
အလုပ်တစ်ခုပြီး နောက်ထပ်အလုပ်တစ်မျိုး ကို ဆက်မလုပ်ခင် ၁ဝ မိနစ်လောက် အနားယူပါ။ ဥပမာ - အစည်းအဝေးက ပြန်လာလာချင်း ပို့စရာရှိတဲ့ အီးမေးလ်တွေ တန်းပို့တာ၊ စစ်စရာရှိတဲ့ စာရင်းတွေ စစ်ပြီးပြီးချင်း အစီရင်ခံစာ တန်းရေး
တာ၊ လုပ်ငန်းကိစ္စတွေ့ဆုံမှုပြီးတာနဲ့ အစည်းအဝေးတန်းခေါ်တာ စတာမျိုးတွေကို ရှောင်သင့်ပါတယ်။ သင့်မှာ လုပ်စရာကိစ္စတွေ တောင်လိုပုံနေတာကြောင့် ၁ဝ မိနစ်ခန့် ဘာမှမလုပ်ဘဲ ဒီအတိုင်းထိုင်နေရတာက အစပိုင်းမှာ စိတ်ဖိစီးမှုကို
ပိုပြီးဆိုးလာစေနိုင်မှာဖြစ်ပေမဲ့ အနားယူပြီး နောက်ပိုင်းမှာ လူက ပိုပြီးသက်တောင့်သက်သာရှိတဲ့ ခံစားမှုမျိုး ခံစားလာရကာ အလုပ်လုပ်နိုင်စွမ်းလည်း ပိုပြီးတိုးတက်လာတာကို တွေ့လာရမှာ ဖြစ်ပါတယ်။ အကယ်၍ သင်ခံစားနေရတဲ့ စိတ်ဖိစီးမှု က လုပ်ငန်းခွင်နဲ့ ပတ်သက်နေတယ်ဆိုရင် ဒီနည်းလမ်းကို အသုံးပြုကြည့်ပါ။ 
(၂) ကဖိန်းဓာတ်ကို လျှော့ချလိုက်ပါ
သင့်မှာ စိတ်ဖိစီးမှုတွေများနေပြီး လန်းဆန်းတက်ကြွမှု မရှိသလိုခံစားနေရတာကြောင့် ကော်ဖီ နဲ့ ကဖိန်းဓာတ်ပါတဲ့ သောက်စရာတွေကို အားကိုးနေမိပါသလား။ ကော်ဖီနဲ့ ကဖိန်းဓာတ်ပါတဲ့ သောက်စရာတွေက သင့်ကို ယာယီ လန်းဆန်းတက်ကြွလာစေတဲ့ ခံစားမှုမျိုးပေး ကောင်းပေးနိုင်တာမှန်ပေမဲ့ ရေရှည်မှာတော့ ပြောင်းပြန်အကျိုးသက်ရောက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ပုံမှန်သောက်နေကြ ပမာဏအတိုင်းပဲ သောက်သင့်ပြီး ဒီကာလမှာ ကော်ဖီနဲ့ ကဖိန်းပါတဲ့ သောက်စရာတွေကို ပိုပြီးသောက်သုံးမိတာမျိုး မဖြစ်အောင် ထိန်းချုပ်ရမှာပါ။ တစ်စုံတစ်ခုသောက်ဖို့ လိုကိုလိုအပ်နေပြီး ကော်ဖီကလည်း သောက်ပြီးသားဖြစ်နေပြီဆိုရင် Green Tea ကို အစားထိုးရွေးချယ်ကြည့်ပါလို့ ပညာရှင်တွေ အကြံပြုထားပါတယ်။
(၃) ငြင်းပါ 
သင်စိတ်ဖိစီးမှုများနေရခြင်းရဲ့အကြောင်းအရင်းက အလုပ်တွေများပြီး မနိုင်မနင်းဖြစ်နေတာကြောင့်များလား။ ဒါဆို တစ်ခါတစ်ရံငြင်းလို့ရမယ့် အလုပ်တွေကို ငြင်းလိုက်ခြင်းက သင့်အတွက် အကူအညီဖြစ်စေနိုင်ပါတယ်။ အလုပ်တွေ မပြီးတာကြောင့်လည်း စိတ်ဖိစီးမှုဖြစ်လာနိုင်သလို အလုပ်တွေပြီးသွားတာကြောင့်လည်း သင့်မှာ စိတ်ဖိစီးမှုဖြစ်လာနိုင်ပါတယ်။ သင်လုပ်နိုင်တဲ့ ပမာဏထက်များပြားတဲ့ တာဝန်တွေကိုယူပြီး အဆိုပါ အလုပ်တွေကို ပြီးမြောက်အောင် လုပ်လိုက်နိုင်တာ ကြောင့် တစ်နည်းတစ်လမ်းအားဖြင့် သင်အောင်မြင်သွားတယ်လို့ ဆိုနိုင်ပေမဲ့ သင့်ရဲ့ အတွင်းစိတ်ထဲမှာ ဒါ ကိုယ့်တာဝန်မဟုတ်ဘူး။ နောက်တစ်ကြိမ်ထပ်ဖြစ်လာမလားဆိုတဲ့ ဒွိဟတွေကြောင့်လည်း ဖိစီးမှုတွေ ပိုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ငြင်းလို့ရတဲ့ အလုပ်တွေကို ငြင်းလိုက်ပါ။
(၄) စွမ်းအားတွေကိုထုတ်သုံးလိုက်ပါ
စွမ်းအားတွေကို ထုတ်သုံးလိုက်ရခြင်းကလည်း ဖိစီးမှုတွေကိုလျော့ပါးသက်သာစေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုသက်သာစေလိုတယ်ဆိုရင် အားစိုက်ထုတ်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို ပြုလုပ်သင့်ပြီး ဒါက သင့်ရဲ့ စိတ်ကိုပါမက ခန္ဓာ
ကိုယ်ကိုလည်း ကြံ့ခိုင်ပြီး ကြည့်ကောင်းလာစေနိုင်တဲ့ အကျိုးကျေးဇူး ရှိပါတယ်။ နံနက်ခင်းတွေမှာ မိနစ် ၃ဝ ကနေ ၁ နာရီခန့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းက တစ်နေ့တာလုံး တက်တက်ကြွကြွ ရှိနေနိုင်စေသလို ညနေပိုင်းလေ့ကျင့်ခန်းလုပ် ခြင်းကတော့ သင့်ကို ညဘက်မှာ ပိုပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။ 
(၅) အိပ်ရေးဝဝ အိပ်ပါ
အိပ်ချိန်လုံလောက်မှု မရှိခြင်းကလည်း သင့်ကိုနောက်ထပ်ဖိစီးမှုတစ်ခု ထပ်ဖြစ်စေပါတယ်။ အိပ်ရေးမဝခြင်းကြောင့် သင့်ရဲ့ အာရုံစူးစိုက်မှုတွေ၊ တက်ကြွမှုတွေ၊ အလုပ်လုပ်နိုင်စွမ်းတွေ လျော့ကျလာပြီး အလုပ်ခွင်နဲ့ ကိုယ်ပိုင်ဘဝအပေါ် ကိုပါ သက်ရောက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့  စိတ်ဖိစီးမှုတွေကို ပိုပြီး အားကောင်းလာစေပါတယ်။ နောက်တစ်ချက်က အကယ်၍ သင့်မှာလုံလောက်တဲ့ အိပ်ချိန်မရှိဘူးဆိုရင် သင့်ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေ ပိုများလာမှာဖြစ်ပြီး မူလအခြေ အနေကို ပိုပြီးဆိုးရွားလာစေပါတယ်။ ဒါကြောင့် သင့်ရဲ့အလုပ်ချိန်က ၁ နာရီဖြစ်စေ၊ ၈ နာရီဖြစ်စေ တစ်ရက်တာအတွက် ရှိရမယ့် သင့်ရဲ့အိပ်ချိန်ကတော့ ၈ နာရီဖြစ်ပါတယ်။
(၆) ရယ်ပါ
ရယ်သောသူသည် အသက်ရှည်၏ဆိုတဲ့ စကားပုံကို သင်ကြားဖူးမှာပါ။ မှန်ပါတယ်။ ရယ်မောခြင်းက လူသားတွေရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးဆေးဝါးတစ်မျိုးဖြစ်ပြီး စိတ်ဖိစီးမှုကို ကုသရာမှာလည်း အသုံးဝင်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ နေ့စဉ်ဘဝရဲ့ များပြားလှတဲ့ အလုပ်တာဝန်၊ မိသားစုတာဝန်၊ လူမှုရေးကိစ္စတွေကြားမှာ လူတွေဟာ ပျော်ရွှင်မှုကို ခံစားပြီး ရယ်မောဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒါကြောင့် သင့်ကို ရယ်မောစေနိုင်မယ့် နည်းလမ်းများကို ရှာဖွေကြည့်
ပါ။ အနည်းဆုံးတော့ ဟာသဇာတ်ကားနဲ့ တီဗွီကလွှင့်တဲ့ ဟာသအစီအစဉ်များကို ကြည့်ကြည့်ပါ။ ရယ်မောခြင်းက သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာကိုသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အကျိုး ရှိစေပါတယ်။
(၇) သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းပါ
သင့်ရဲ့စိတ်ပင်ပန်းမှုတွေကို လျှော့ချဖို့ အတွက် ပေါင်းသင်းဆက်ဆံရေးကလည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ သင့်ရဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အမြဲတမ်းအဆက် အသွယ်ရှိနေဖို့ လိုအပ်ပါတယ်။ တစ်ခါတစ်ရံ ယုံကြည်စိတ်ချရတဲ့ သူတစ်ဦးဦးထံ သင့်ရဲ့ ပြဿနာတွေကို ရင်ဖွင့်ပြောပြရုံနဲ့တင် ခံစားနေရတဲ့ စိတ် ဖိစီးတွေ သိသိသာသာ သက်သာသွားတာကို သင်ကြုံဖူးမှာပါ။ ဒါကြောင့် သင့်မှာ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေ သိပ်များလာပြီလို့ ခံစားရတဲ့အခါ သူငယ်ချင်းတွေနဲ့အချိန်ဖြုန်းတာ၊ တစ်နေရာရာကို သွားလည်တာ၊ စကားလက်ဆုံကျတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ 
Ref; Feeling Very Stressful? Find Out Why, Deal With It and Become More Stress Resistant!