မိုးရာသီ နဲ့ သွေးလွန်တုပ်ကွေးရောဂါ

သွေးလွန်တုပ်ကွေးရောဂါက အရေအတွက် ကိန်းဂဏန်း အတိအကျ မသိရပေမယ့် နှစ်စဉ် လူသန်း ၁၀၀လောက်မှာ ဖြစ်ပွားနေတယ်လို့ ပညာရှင်တွေ ခန့်မှန်းထားပါတယ်။ ရောဂါပိုး သယ်ဆောင်ထားတဲ့ အေဒီးစ်အီဂျစ်ပတိုင်းခြင် (Aedes Aegypti mosquito) ကိုက်ခံရာကနေတစ်ဆင့် ရောဂါကူးစက်ပြီး သွေးလွန်တုပ်ကွေးရောဂါဖြစ်နိုင်ပါတယ်။ ရောဂါပိုးကို ခြင်ကပဲ သယ်ဆောင်ပြီး လူအများယူဆကြသလို ကလေးငယ်တွေမှာဘဲ ရောဂါဖြစ်နိုင်တာမဟုတ်ဘဲ ရောဂါပိုးသယ်ဆောင်ထားတဲ့ ခြင်ကိုက်ခံရတဲ့ လူတိုင်း ပိုးကူးစက်နိုင်ပြီး လူအချင်းချင်းတော့ ပြန်လည်ကူးစက်စေနိုင်ခြင်းမရှိပါဘူး။ အပူပိုင်းဒေသမှာ အတွေ့ရများတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး အထူးသဖြင့် မုတ်သုန်ဝင်တဲ့ မိုးရာသီကာလမှာ ခြင်ပေါက်ဖွားမှုနှုန်း မြင့်မားတာကြောင့် ရောဂါဖြစ်ပွားမှုနှုန်းလည်း ပိုများလေ့ရှိပါတယ်။ 
 
ရောဂါဖြစ်ရတဲ့ အကြောင်းအရင်း
သွေးလွန်တုပ်ကွေးဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အမျိုးအစား လေးမျိုးရှိတယ်လို့ သိရပြီး အဆိုပါ ဗိုင်းရပ်စ်ကို သယ်ဆောင်ထားတဲ့ ခြင်အကိုက်ခံရတဲ့အခါမှာ ရောဂါပိုးကူးစက်ခံရပြီး သွေးလွန်တုပ်ကွေး ဖြစ်ပါပြီ။ အကယ်၍ လေးမျိုးထဲက တစ်မျိုးကူးစက်ခံရပြီးရင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က အဆိုပါဗိုင်းရပ်စ် အမျိုးအစားကို ယဉ်ပါးပြီး ရောဂါပြီးသွားနိုင်ပေမဲ့ နောက်ထပ် ဗိုင်းရပ်စ်အမျိုးအစားတွေ ကူးစက်နိုင်တဲ့ အန္တရာယ်ဆက်ရှိနေသေးတာကြောင့် သွေးလွန်တုပ်ကွေးဖြစ်ပြီး သွားရင်တောင်မှာ မပေါ့ဆသင့်ဘူးလို့ ပညာရှင်တွေ သတိပေးထားပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ရောဂါလက္ခဏာတွေ ချက်ချင်းမပြတတ်ဘဲ ခြင်ကိုက်ခံရပြီး ၃ ရက်ခန့်ကြာပြီးနောက်မှသာ တဖြည်းဖြည်းနဲ့ လက္ခဏာတွေ ပေါ်လာမှာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာအဖြစ် ကလေးတွေမှာ ကိုယ်ပူခြင်းနဲ့ အနီစက်တွေ ထွက်ခြင်းတွေကို အတွေ့ရများပေမဲ့ သတိထားစောင့်ကြည့်ရမယ့် လက္ခဏာတွေလည်း ရှိပါတယ်။
စောင့်ကြည့်ရမယ့် ရောဂါလက္ခဏာများ
သွေးလွန်တုပ်ကွေးက ကလေးငယ်တွေမှာ ကိုယ်အပူချိန်မြင့်တက်လာခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း စတဲ့ သာမန်တုပ်ကွေး၊ အအေးမိတဲ့ ရောဂါများနဲ့ ဆင်တူယိုးမှားရှိတဲ့ လက္ခဏာများနဲ့ စတင်တတ်ပါတယ်။ အရေပြားမှာ အနီစက်လေးတွေ၊ အနီပြင်တွေ ထွက်လာရင်တော့ ကလေးဟာ သာမန်ဖျားနာတာမျိုးမဟုတ်ဘဲ သွေးလွန်တုပ်ကွေး ဖြစ်နိုင်ကြောင်း အချက်ပြလာတဲ့ လက္ခဏာ ဖြစ်ပါတယ်။ 
ကိုယ်အပူချိန် ၁၀၄ ဒီဂရီစင်တီဂရိတ်နဲ့ အထက်မြင့်တက်လာခြင်း၊ ဝေဒနာကို ဖော်ပြနိုင်တဲ့ အရွယ်ကလေးငယ်ဆိုရင် ခြေဆစ်လက်ဆစ်နေရာတွေ နာကျင်တယ်လို့ ပြောလာခြင်း၊ ခေါင်းကိုက်ပြီး ခေါင်းမူးခြင်း၊ မျက်လုံးအတွင်းဘက်ပိုင်းမှာ နာကျင်ခြင်း၊ ခန္ဓာကိုယ်မှာ အနီစက်တွေ၊ အနီပြင်တွေ ထွက်လာခြင်း နဲ့ တုပ်ကွေးမိသလို ချောင်းဆိုးနှာစေခြင်း စတာတွေ ဖြစ်လာပြီဆိုရင် သင့်ကလေးမှာ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရထားတာ ဖြစ်နိုင်တယ်လို့ ယူဆရတော့မှာ ဖြစ်ပါတယ်။
ပြင်းထန်တဲ့ လက္ခဏာတွေကတော့ ၀မ်းဗိုက်နားတစ်ဝိုက်နာကျင်ခြင်း၊ သွားဖုံးနဲ့ နှာခေါင်းမှ သွေးယိုခြင်း၊ သွေးဖိအားကျလာခြင်း၊ အော့အန်ခြင်း၊ ရေဓာတ်ခန်းခြောက်လာပြီး အစားမစားနိုင်တော့ခြင်း၊ အသက်ရှူရခက်ခဲလာခြင်း၊ ခြေဖ၀ါး
တွေ ယားယံလာခြင်း စတာတွေဖြစ်ပြီး ဒီလိုလက္ခဏာတွေပြလာပြီဆိုရင်တော့ ဆေးရုံဆေးခန်းကို ချက်ခြင်းသွားသင့်ပြီး သင့်တော်တဲ့ စစ်ဆေးမှုတွေ ခံယူရတော့မှာ ဖြစ်ပါတယ်။
အထက်မှာဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေ အခြေအနေဆိုးလာပြီး သတိလစ်တဲ့ အခြေအနေမျိုးကိုတော့ Dengue Shock Syndrome (DDS)လို့ သတ်မှတ်ပြီး အချို့လူနာတွေမှာ အသက်ဆုံးရှုံးတဲ့ အထိဖြစ်သွားနိုင်ပါတယ်။
 
ရောဂါရှာဖွေခြင်း
လူကြီးတွေမှာ ရောဂါဖြစ်တဲ့အခါ ခံစားရတဲ့ဝေဒနာတွေကို အလွယ်တကူ သိရှိနိုင်ပြီး ရောဂါကိုခန့်မှန်းရတာမြန်ဆန်တာပြီး နောက်ဆက်တွဲ စစ်ဆေးကုသမှုတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်တာကြောင့် ပြဿနာမရှိပေမယ့် ကလေးငယ်တွေမှာတော့ ရောဂါရာဇ၀င်မေးမြန်းတဲ့ အဆင့်မှာတင် အချိန်ယူရလေ့ရှိပါတယ်။ ဒါကြောင့် ကလေးငယ်တွေသွေးလွန်တုပ်ကွေးရာသီမှာ ဖျားနာတဲ့အခါ ရောဂါလက္ခဏာတွေကို မိဘဖြစ်သူက သေသေချာချာ စောင့်ကြည့်ပေးနေဖို့ လိုအပ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါလက္ခဏများထဲက ၂ ခုနဲ့အထက် ကလေးမှာ တွေ့လာရပြီဆိုရင်တော့ အချိန်မဆွဲဘဲ သက်ဆိုင်ရာဆရာဝန်နဲ့ သွားရောက်ပြသဖို့ အကြံပြုလိုပါတယ်။
ဆရာဝန်တွေက သွေးလွန်တုပ်ကွေးလို့ ရောဂါကို မသတ်မှတ်ခင်မှာ ရောဂါလက္ခဏာတွေ၊ ခြင် နဲ့ ထိတွေ့မှု အနေအထား၊ ပတ်ဝန်းကျင်၊ ခရီးသွားထားခြင်း ရှိမရှိစတဲ့ မေးခွန်းတွေကို သေသေချာချာ မေးမြန်းမှာ ဖြစ်ပါတယ်။ အကယ်၍ ကလေးမှာ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ သံသယရှိရင်တော့ သွေးစစ်ဆေးဖို့ ညွန်ကြားမှာဖြစ်ပြီး ရောဂါကူးစက်ခံထားရတယ်လို့ အဖြေထွက်လာရင်တော့ သင့်တော်တဲ့ ကုသမှုတွေပေးမှာ ဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးလို့ သိရှိတာနဲ့ တစ်ပြိုင်နက် ချက်ခြင်းဆိုသလို ဆေးကုသမှု ခံယူနိုင်ဖို့ကလည်း အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။
 
ကုသနည်းများ
သွေးလွန်တုပ်ကွေးရောဂါကို ကုသဖို့ တိကျတဲ့ နည်းလမ်းမျိုး မရှိသေးပါဘူး။ ဆက်စပ်ရောဂါလက္ခဏာတွေကြောင့် အခြေအနေပိုပြီး မဆိုးရွားသွားအောင်စနစ်တကျ ပြုစုစောင့်ရှောက်ကုသမှုပေးတာမျိုးဘဲ ပြုလုပ်နိုင်ပါတယ်။ သာမန်သွေးလွန်တုပ်ကွေးရောဂါက ရက်အနည်းငယ်အတွင်း ပျောက်ကင်းသွားနိုင်ပါတယ်။ ပြင်းထန်တဲ့ သွေးလွန်တုပ်ကွေးရောဂါဆိုရင်တော့ အသက်အန္တရာယ်စိုးရိမ်ရပြီး ဆေးရုံမှာ အချိန်ပြည့် စောင့်ကြည့်ပြီး ကုသတာမျိုးပြုလုပ်ဖို့ လိုအပ်ပါလိမ့်မယ်။ အရေးကြီးဆုံးက လူနာကလေးငယ်ကို ရေဓာတ်ဆုံးရှုံးတာမျိုးမဖြစ်အောင် ရေနဲ့ အရည်များများ တိုက်ပေးရမှာပါ။ 
ကလေးငယ်တွေရဲ့ သွေးလွန်တုပ်ကွေးကို ကုသရမှာ ရေဓာတ်မဆုံးရှုံးအောင် ဂရုစိုက်ဖို့နဲ့ လုံးဝအနားပေးထားဖို့က အဓိက အရေးကြီးတဲ့အရာနှစ်ခုဖြစ်ပါတယ်။ အာဟာရမချို့တဲ့အောင်လည်း အစားအသောက်ကို သေချာကျွေးပေးဖို့ လိုအပ်ပြီး ကိုယ်ပူကျဖို့ ပါရာစီတမောလ် တစ်မျိုးထဲကိုပဲ သုံးသင့်တယ်လို့ သိရပါတယ်။ သွေးလွန်တုပ်ကွေးက ပျောက်ကင်းပြီးသွားတဲ့ နောက်မှာတောင် ဝေဒနာခံစားရတဲ့ ကလေးငယ်ဟာ အချိန်အတော်ကြာထိ အားနည်းပြီး မောပန်းနေတာ မျိုးဖြစ်နေနိုင်ပါတယ်။
 
ကာကွယ်ခြင်း
သွေးလွန်တုပ်ကွေးရောဂါအတွက် လက်ရှိအချိန်ထိတော့ ကာကွယ်ဆေးက စမ်းသပ်ဆဲ အဆင့်သာရှိသေးတာကြောင့် သင့်နဲ့သင့်ကလေးကို သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခြင်းမှ ကာကွယ်ဖို့ ကိုယ်တိုင်ပဲ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်အောင်ကာကွယ်တယ်ဆိုတာက ခြင်ကိုက် မခံရအောင် ဂရုစိုက်နေထိုင်တာကို ဆိုလိုတာပါ။ သွေးလွန်တုပ်ကွေး ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ကို သယ်ဆောင်တဲ့ ခြင်က ရေသန့်မှာ ရှင်သန်ပေါက်ဖွားတဲ့ ခြင်မျိုး ဖြစ်တာကြောင့် ရေသိုလှောင်ထားတဲ့ ကန်၊ တိုင်ကီ နဲ့ ဘုရားပန်းအိုး၊ ရေအိုးတွေမှာ ခြင်တွေဝင်ရောက်ပြီး ပေါက်ဖွားတာမျိုး မဖြစ်အောင် ဖုံးသင့်တာ ဖုံးပြီး၊ သွန်သင့်တဲ့ ရေတွေကို သွန်ပစ်တာက အကောင်းဆုံးပါ။ သွေးလွန်တုပ်ကွေးခြင်က ညဘက်မှာ အိမ်တွင်းအောင်းနေတတ်ပြီး နေ့ခင်းဘက်မှ ထွက်ပြီးကိုက်တတ်တဲ့ ခြင် ဖြစ်ပါတယ်။ ပြတင်းတံခါးတွေကို ခြင်လုံဇကာ တပ်တာ၊ ကလေးကို လုံခြုံတဲ့ အ၀တ်အစားတွေ ၀တ်ဆင်ပေးတာ ခြင်ထောင်နဲ့ သိပ်တာစတဲ့နည်းတွေနဲ့ အတတ်နိုင်ဆုံးကာကွယ်ရမှာ ဖြစ်ပါတယ်။ ခြင်ဆေးဖျန်းမယ်ဆိုရင် ကလေးကို မရှူမိစေအောင် သတိထားဖို့လည်း လိုအပ်ပါတယ်။ 
Ref ; Dengue Fever In Children