ရင်သားကင်ဆာကို ကာကွယ်နိုင်မယ့် မီးဖိုချောင်ထဲက လက်နက်များ

သင်က ရင်သားကင်ဆာအန္တရာယ်ကို စိုးရိမ်ပူပန်နေတဲ့ အမျိုးသမီးတစ်ဦး ဖြစ်ပါသလား။ 
ရင်သားကင်ဆာက လက်ရှိကမ္ဘာမှာ လူသေဆုံးမှု အဖြစ်ပွားစေဆုံးကင်ဆာရောဂါတွေထဲမှာ ပါဝင်နေပြီး အမျိုးသမီးများမှာ  အများဆုံး ဖြစ်ပွားတတ်တဲ့ ကင်ဆာတစ်မျိုးဆိုပေမယ့်လည်း တစ်ခါတစ်ရံ အမျိုးသားများမှာပါ တွေ့ရလေ့ရှိပါတယ်။ ကင်ဆာကို ပျောက်ကင်းသွားအောင် ကုသလို့ မရနိုင်သေးပေမယ့်လည်း မဖြစ်ခင်မှာ ကြိုတင်ကာကွယ်လို့ရနိုင်သလို ဖြစ်ပွားပြီးနောက် ပြန့်ပွားနှုန်း နှေးကွေးအောင်ကာကွယ်နိုင်တဲ့ အခွင့်အရေးတစ်ချို့တော့ရှိနေပါတယ်။ ဒီတစ်လမှာတော့ ရင်သားကင်ဆာကို ကြိုတင်ကာကွယ်နိုင်မယ့်၊  ဖြစ်နိုင်ချေကို လျော့ကျစေမယ့် အစားအသောက်များကို ဖော်ပြပေးခြင်းပါတယ်။ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ရင်သားကင်ဆာကို ကာကွယ်နိုင်မယ့် လက်နက်များက သင့်ရဲ့ အနီးတစ်ဝိုက်မှာ လွယ်လွယ်ကူကူရှိနေတာက သတင်းကောင်းဖြစ်ပါတယ်။ အိမ်တိုင်းရဲ့ မီးဖိုချောင်တိုင်းလိုလိုမှာ မကြာမကြာ မြင်တွေ့နေရလေ့ရှိတဲ့ အစားအသောက်များပဲဖြစ်ပါတယ်။
 
ဆယ်လ်မွန်
ကင်ဆာရောဂါကို ကာကွယ်နိုင်စွမ်းရှိတဲ့ အစားအစာများစာရင်းမှာ ထိပ်ဆုံးက ပါဝင်နေတာက ဆယ်လ်မွန်ငါးဖြစ်ပါတယ်။ Omega-3 Fatty Acids က ကင်ဆာဆဲလ်တွေပျံ့နှံ့ခြင်းကိုတားဆီးပေးနိုင်စွမ်းရှိပြီး ကိုယ်ခံစွမ်းအားကိုပိုပြီး ကောင်းမွန်လာစေနိုင်တဲ့ အာနိသင်ရှိတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ အဆိုပါ Omega-3 Fatty Acids ကို ဆယ်လ်မွန်ငါးမှာ ကြွယ်ကြွယ်ဝဝ တွေ့ရပါတယ်။ ဒါ့အပြင် ဆယ်လ်မွန်ငါးဟာ ဗီတာမင် B12 နဲ့ ဗီတာမင် D ရရှိနိုင်တဲ့ အစားအစာရင်း မြစ်တစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါ ဗီတာမင်တွေက ကင်ဆာရောဂါကာကွယ်ရာမှာ အကူအညီဖြစ်စေတဲ့ ဗီတာမင်တွေဖြစ်ပါတယ်။
 
နနွင်း
နနွင်းမှုန့်။ အရောင်အဆင်းလှပဖို့နဲ့ ရနံ့မွှေးပျံ့စေဖို့ ဟင်းအမယ်တော်တော်များများမှာ မပါမဖြစ် အသုံးပြုလေ့ရှိတဲ့ နနွင်းမှုန့်ကလည်း ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို တိုက်ခိုက်နိုင်တဲ့ အစွမ်းသတ္တိကြောင့် နာမည်ကြီးပါတယ်။ နနွင်းမှုန့်မှာ Curcumin လို့ခေါ်တဲ့ ဓာတ်တစ်မျိုးပါရှိပြီး ကင်ဆာဖြစ်နိုင်ချေရှိတဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။
ဒါ့အပြင် ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ Antioxidant ၊ ရောင်ရမ်းခြင်းကို တားဆီးပေးနိုင်တဲ့ anti-inflam-matory စတဲ့ အာနိသင်တွေလည်းရှိတာကြောင့် ပြင်ပက ညစ်ညမ်းမှုတွေနဲ့ထိတွေ့တာကြောင့် ဆဲလ်တွေထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
 
ကြက်သွန်ဖြူ
ရင်သားကင်ဆာမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ စားသုံးပေးသင့်တဲ့ အစားအစာများထဲမှာတော့ ကြက်သွန်ဖြူက အစွမ်းအထက်ဆုံးဖြစ်တယ်လို့တောင် သတ်မှတ်နိုင်ပါတယ်။ ကြက်သွန်ဖြူထဲမှာပါဝင်တဲ့ ဆာလ်ဖာဓာတ်ပေါင်းက ကင်ဆာဆဲလ်တွေကိုတောင် ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ရင်သားကင်ဆာအပြင် အူမကြီးကင်ဆာ၊ ခံတွင်းကင်ဆာတွေကို ကာကွယ်ရာမှာပါ ကြက်သွန်ဖြူက အထောက်အကူပြုနိုင်ကြောင်း သုတေသီတွေ လေ့လာတွေ့ရှိထားပါ တယ်။
 
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကလည်း ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးနဲ့အလှအပအတွက် အလွန်အားကိုးရတဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ Lycopene ဆိုတဲ့ ရောင်ခြယ်ဓာတ်ပစ္စည်းက ကင်ဆာဆဲလ်တွေ မဖြစ်ပေါ်အောင် တားဆီးပေးရာမှာ အလွန်အစွမ်းထက်ပါတယ်။ ခရမ်းချဉ်သီးကိုစွဲမက်ဖွယ် အနီရောင် အရောင်အဆင်းဖြစ်ပေါ်စေတဲ့ အဆိုပါ ရောင်ခြယ်ပစ္စည်းဟာ အစွမ်းထက်တဲ့ Antioxidant ဂုဏ်သတ္တိလည်း ဆောင်ပါတယ်။ သူ့ရဲ့ ဓာတ်တိုးဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိကြောင့် Free Radical တွေ ဓာတ်တိုးပြီး ဆဲလ်တွေပျက်စီးကာ ကင်ဆာဖြစ်ပေါ်ခြင်းကိုလည်း တားဆီးကာကွယ်ပြီးသား ဖြစ်စေပါတယ်။ Lycopene က အကြိတ်တွေ ကြီးထွားလာခြင်းကိုလည်း ဟန့်တားထားနိုင်စွမ်းရှိတယ်လို့ သုတေသနပြုလုပ်ပြီးနောက် ရရှိလာတဲ့ ရလဒ်တွေအရသိရပါသေးတယ်။ ဆဲလ်တွေပုံမှန်မဟုတ်ဘဲ ကြီးထွားလာတာမျိုးကို  တားဆီးပေးနိုင်တာကြောင့် ဖြစ်ပြီးသား အကြိတ်တွေ ပျံ့နှံ့နှုန်းကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်းရှိပါတယ်။
 
ဘရိုကိုလီ
ပန်းပွင့်စိမ်းလို့ခေါ်တဲ့ ဘရိုကိုလီကလည်း ကင်ဆာရောဂါ ကာကွယ်နိုင်စွမ်းရှိတဲ့ စွမ်းအားမြင့် ဟင်းသီးဟင်းရွက်တစ်မျိုးပါပဲ။ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနဲ့ Prostate ကင်ဆာရောဂါတွေ ပျံ့နှံ့ဆိုးဝါးလာတာမျိုး မဖြစ်အောင် တားဆီးပေးနိုင်တဲ့ အာနိသင်လည်းရှိတဲ့ အစားအစာတစ်မျိုးပါ။ indole-3-carbinol လို့ အမည်ရပြီး ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိတဲ့ ဓာတ်ပေါင်းတစ်မျိုး ဘရိုကိုလီမှာ ပမာဏတော်တော်များများပါဝင်ပြီး အဆိုပါဓာတ်ပေါင်းက Estrogen ဟော်မုန်းရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ပြောင်းလဲပေးနိုင်စွမ်းရှိပြီး ကင်ဆာဖြစ်နေတဲ့ ရင်သားကအကြိတ်ကြီးထွားလာတာကို ဟန့်တားပေးနိုင်တယ်လို့ သိရပါတယ်။ 
 
ဟင်းနုနွယ်
ဟင်းနုနွယ်ကလည်း ရင်သားကင်ဆာကို တားဆီးကာကွယ်ပေးနိုင်တဲ့ နောက်ထပ် အစိမ်းရောင် ဟင်းသီးဟင်းရွက်တစ်မျိုးပါပဲ။ ဟင်းနုနွယ်မှာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တွေ၊ ဗီတာမင်၊ သတ္တုဓာတ်နဲ့ Antioxidant တွေ ပါဝင်နေတာကြောင့် သင့်ရဲ့အစားအသောက်စာရင်းမှာ မကြာမကြာထည့်သွင်းစားသောက်ပေးသင့်တဲ့ အစားအစာတစ်မျိုးလည်းဖြစ်ပါတယ်။ ရင်သားကင်ဆာကို အဓိကကာကွယ်ပေးနိုင်တာက ဟင်းနုနွယ်မှာ ပါဝင်တဲ့ Luteinလို့ခေါ်တဲ့ Antioxidant တစ်မျိုး ကြောင့်ဖြစ်ပြီး ရင်သားကင်ဆာအပြင် အစာအိမ်၊ အူမကြီးနဲ့ခံတွင်းကင်ဆာတွေ ဖြစ်နိုင်ချေကိုပါ လျှော့ချပေးနိုင်စွမ်းရှိတယ်လို့ ပညာရှင်တွေ ဆိုထားပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်မှာ Carotenoids နဲ့ Zeaxanthin လို့ခေါ်တဲ့ ဓာတ်ပေါင်းတွေပါဝင်ပြီး ဒီဓာတ်ပေါင်းတွေရဲ့အလုပ်က တည်ငြိမ်မှုမရှိတဲ့ မော်လီကျူးတွေနဲ့ Free Radicals တွေကို ခန္ဓာကိုယ်ရဲ့ စနစ်ထဲက စွန့်ထုတ်ပစ်စေတဲ့ အလုပ်ကို လုပ်ဆောင်ပေးပါတယ်။ Free Radicals  ဓာတ် တိုးတဲ့ ဖြစ်စဉ်ကြောင့် ကင်ဆာနဲ့ အခြားသောရောဂါ တွေဖြစ်ပေါ်လာစေနိုင်ပါတယ်။ 
 
မှို
၂၀၁၀ ခုနှစ်ကပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ မှိုစားသုံးပေးခြင်းက ရင်သားကင်ဆာဖြစ်နိုင်ချေကို လျော့ကျစေနိုင်တာကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ မှိုမှာ Free Radicals တွေ ဓာတ် တိုးခြင်းကို တားဆီးပေးနိုင်တဲ့ Antioxidants ဂုဏ်
သတ္တိဆောင်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေတာကြောင့်ဖြစ်ပါတယ်။ အဓိကအားဖြင့် ကင်ဆာ ဆဲလ်တွေကို ဖယ်ရှားပေးနိုင်ရုံသာမပဲ ကင်ဆာဆဲလ်တွေ ကြီးထွားလာခြင်း မရှိအောင် ဟန့်တားပေးနိုင်စွမ်းလည်းရှိတဲ့ L-ergothioneine အမည်ရှိတဲ့ Antioxidant တစ်မျိုး မှိုမှာ ကြွယ်ဝစွာပါဝင်တာကြောင့် ဖြစ်နိုင်တယ်လို့ ပညာရှင်တွေယူဆထား  ကြပါတယ်။ 
 
ရှောင်သင့်တဲ့ အစားအသောက်များ
အထက်မှာ ဖော်ပြခဲ့တာက ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်မယ့် အစားအသောက်တွေဖြစ်ပြီး ကျန်းမာရေးအတွက် သင့်တော်ညီညွှတ်တဲ့ အစားအသောက်များဖြစ်တာကြောင့် သင့်ရဲ့ နေ့စဉ်ပုံမှန် စားသောက်နေကျ အစားအစာများထဲမှာ မကြာမကြာထည့်သွင်းပေးရမယ့် အစားအစာများလည်း ဖြစ်ပါတယ်။ ရင်သားကင်ဆာကို ကာကွယ်ဖို့ စားသောက်ပေးသင့်တဲ့ အစားအသောက်တွေ ရှိသလိုပဲ ရင်သားကင်ဆာဖြစ်နိုင်ချေကို မြင့်တက်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ အစားအသောက်များလည်း ရှိနေပါတယ်။
အဆီပါဝင်မှုမြင့်မားတဲ့ အစားအစာတွေ ဥပမာ - သိုးသား၊ အမဲသား၊ ချိစ်၊ ကလီစာများ၊ ထောပတ် နဲ့ ရေခဲမုန့် စတာတွေဖြစ်ပြီး မကြာခဏ (သို့မဟုတ်) ပမာဏများများကို ရေရှည်စားသုံးမယ်ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ချေကို ပိုပြီး မြင့်တက်လာစေနိုင်လို့ သတိထားသင့်ပါတယ်။ 
Ref ; A Complete Diet Guide To Prevent Breast Cancer