သွားကိုက်တဲ့အခါ

ကိုက်ခဲနေတဲ့ သွားတွေက သင့်ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ဒုက္ခရောက်စေပါတယ်။ နာကျင်နေတဲ့ သွားတွေကြောင့် ဘာကိုမှ အာရုံစိုက်လို့မရသလို၊ ဝေဒနာကြောင့် အစားအသောက်ပျက်ရတာ၊ သွားဖုံးတွေရောင်ပြီး စကား
ပြောဖို့တောင် အခက်အခဲဖြစ်ရတာ စတဲ့ ပြဿနာတွေက သာမန်သွားကိုက်တဲ့ ဝေဒနာတစ်ခုကစပြီး ဆင့်ပွားဖြစ်လာနိုင်ပါတယ်။ သွားပိုးပေါက်၊ အခေါင်း၊ သွားနဲ့သွားဖုံးကြား ပြည်တည်ခြင်း၊ သွားယိုင်နှဲ့လာခြင်း စတာတွေကနေပြီးလည်း မခံမရပ်နိုင်တဲ့ သွားကိုက်ဝေဒနာကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ပြဿနာကိုဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ သွားဆရာဝန်နဲ့ ပြသပြီး သင့်တော်တဲ့ ကုသမှုခံယူခြင်းပဲဖြစ်ပါတယ်။ ဒီလိုကုသမှုမခံယူခင် စပ်ကြားမှာ သင့်ရဲ့ဝေဒနာကို အချိန်အနည်းငယ် သက်သာစေနိုင်ဖို့ အားကိုးလို့ရမယ့် အိမ်တွင်းကုထုံးတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
 
ဆားရည်
နာကျင်မှုဝေဒနာကို ခေတ္တလျော့ပါးသက်သာစေဖို့ အကိုက်အခဲပျောက်ဆေးကဲ့သို့ အာနိသင်ရှိတဲ့ ကုထုံးတစ်မျိုးဖြစ်ပါတယ်။ ဆားအနည်းငယ်ကို ဆူအောင်တည်ထားတဲ့ ရေနွေးထဲထည့်ပြီး ဆားတွေ ပျော်သွားအောင်မွှေပေးပါ။ သင့်ခံတွင်းက ခံနိုင်တဲ့အပူချိန် ခပ်နွေးနွေဖြစ်လာပြီဆိုရင် ဆားရည်ကို မိနစ်ဝက်ခန့်ငုံထားပြီး ထွေးထုတ်လိုက်ပါ။ သုံးလေးကြိမ်ခန့် ပြုလုပ်ပြီးချိန်မှာ နာကျင်တဲ့ ဝေဒနာသိသိသာသာ သက်သာလာတာကို သင်ကိုယ်တိုင်ခံစား သိရှိလာရမှာဖြစ်ပါတယ်။ ဆားရည်ငုံပေးခြင်းက သွားကိုက်လို့နာကျင်နေတဲ့ ဝေဒနာကိုသက်သာစေနိုင်ရုံသာမကပဲ သွားဖုံးတွေ ရောင်ရမ်းနေတာကိုလည်း သက်သာစေနိုင်ပါတယ်။ သွားဖုံးနဲ့သွားတွေအတွင်းမှာ ကပ်ညှိကောင်း ကပ်ညှိနေနိုင်တဲ့ အစားအစာ အစအနတွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။အဆိုပါ အစအနတွေကြောင့် ဘက်တီးရီးယားတွေ ပေါက်ပွားပြီး သွားကိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ရေခဲကပ်ခြင်း
နောက်ထပ်အသုံးဝင်တဲ့ နည်းတစ်နည်းကတော့ ရေခဲကို သွားကိုက်နေတဲ့ ဧရိယာတစ်ဝိုက် တိုက်ရိုက်ကပ်ပေးတဲ့ နည်းဖြစ်ပါတယ်။ ရေခဲရဲ့ အအေးဓာတ်က နာကျင်မှုကို ခံစားပြီး ဦးနှောက်ဆီသို့ သသတင်းပို့နေတဲ့ နာ့ဗ်ကြောတွေကို ထုံသွားစေတာကြောင့် နာကျင်မှုကို သိရှိခံစားနိုင်စွမ်းလျော့ပါးသွားပြီး ဝေဒနာသက်သာသလို ဖြစ်စေနိုင်ပါတယ်။ရေခဲကို အ၀တ်ခပ်သန့်သန့်နဲ့ ထုတ်ပြီးသွားကိုက်နေတဲ့ ဧရိယာနားမှာ ၁၀ မိနစ်ခန့် ခပ်နာနာလေးဖိကပ်ပေးထားတာမျိုးပြုလုပ်နိုင်ပါတယ်။ တစ်ချို့မှာတော့ အအေးဓာတ်ကြောင့် သွားကိုက်တဲ့ ဝေဒနာပိုဆိုးလာတယ်လို့ ခံစားကြရတာမျိုးရှိတာကြောင့် သင့်ရဲ့ သွားကိုက်ဝေဒနာက ရေခဲကုထုံးနဲ့ သင့်တော်မှုရှိမရှိဆိုတာကို ပထမဆုံး စမ်းသပ်ကြည့်ပါဦးလို့တော့ သတိပေးလိုပါတယ်။
 
Hydrogen Peroxide
သင်က သွားကိုက်တဲ့ ဝေဒနာကို မကြာခဏခံစားရလေ့ရှိတဲ့သူတစ်ဦးဆိုရင်တော့ ဆေးဆိုင်တွေမှာ ၀ယ်လို့ရတဲ့ Hydrogen Peroxide Solution ကို ဆောင်ထားပါလို့ အကြံပြုချင်ပါတယ်။ 3% Hydrogen Peroxide Solution က ခံတွင်းထဲရှိ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် သွားကိုက်ပြီး မသက်မသာဖြစ်နေတဲ့ ဝေဒနာကို ပျောက်ကင်းစေပါတယ်။ Hydrogen Peroxide အနည်းငယ်နဲ့ ပထမဆုံး ပလုတ်ကျင်းလိုက်ပါ။ ပြီးရင်တော့ ရေသန့်နဲ့ ပြန်ပြီး ပလုတ်ကျင်းပေးဖို့ လိုအပ်ပါတယ်။ သွားကိုက်တဲ့ ဝေဒနာနဲ့အတူ ခံတွင်းနံ့ထွက်တဲ့ ပြဿနာကိုပါတွဲပြီး ခံစားရတဲ့အခါ Hydrogen Peroxide ကို ယာယီအား ကိုးနိုင်ပါတယ်။ ခံတွင်းနံ့ထွက်တာက သင့်ရဲ့သွားဖုံးနဲ့ သွားတွေမှာ ပိုးဝင်တာမျိုးဖြစ်နိုင်ချေရှိတဲ့ လက္ခဏာဖြစ်တာကြောင့် သွားဆရာဝန်နဲ့ပြသဖို့တော့လိုအပ်ပါလိမ့်မယ်။
 
လေးညှင်းပွင့်
သွားကိုက်တာကို ကုသတဲ့နည်းထဲမှာ လေးညှင်းပွင့်လေးတွေကို ကိုက်ခိုင်းထားတဲ့ လူကြီးသူမများရဲ့ ရှေးဟောင်းကုထုံးကလည်း အလွန်အစွမ်းထက်ပါတယ်။ လေးညှင်းပွင့်မှာ ထုံကျင်စေနိုင်တဲ့ အာနိသင်ရှိတဲ့ Eugenol လို့အမည်ရတဲ့ ဓာတ်တစ်မျိုးပါရှိပြီး နာကျင်မှုကို ခံစားသိရှိနိုင်တဲ့ နာ့ဗ်ကြောတွေကို ထုံသွားစေနိုင်တဲ့ အစွမ်းရှိပါတယ်။ လေးညှင်းပွင့်ရှာရခက်ရင်တော့ ဆေးဆိုင်တွေမှာ ရနိုင်တဲ့ လေးညှင်းဆီကို အသုံးပြုနိုင်ပါတယ်။ လေးညှင်းဆီကို အသုံးပြုရင်တော့ အထိမခံတဲ့ သွားဖုံးရဲ့ တစ်သျှူးတွေအပေါ် ပမာဏအများကြီး လောင်းချမိတာမျိုး မဖြစ်အောင် ဂရုစိုက်ရမှာပါ။ ဘာကြောင့်လဲဆိုတော့ လေးညှင်းဆီရဲ့ အပူဓာတ်ကြောင့် သွားကိုက်တဲ့ ဝေဒနာကို ပိုပြီးဆိုးရွားသွားစေနိုင်သလို သွားဖုံးရဲ့ တစ်သျှူးတွေပျက်စီးသွားတာမျိုး အခန့်မသင့်ရင် ဖြစ်နိုင်တာကြောင့် ဖြစ်ပါတယ်။ ဂွမ်းစမှာ လေးညှင်းဆီ တစ်စက်နှစ်စက်ခန့်ထည့်ပြီး နာနေတဲ့သွားအပေါ် တိုက်ရိုက်ဖိပေးတဲ့ နည်းလမ်းက စိတ်ချရပြီးဘေးကင်းပါတယ်။
 
ပူစီနံရွက်
ပူစီနံရွက်ကလည်း သွားဖုံးတွေရောင်ရမ်းပြီး သွားကိုက်တဲ့ဝေဒနာအတွက် အလွန်အစွမ်းထက်ပါတယ်။ ရေနွေးဆူဆူတစ်ခွက်ထဲမှာ ပူစီနံအရွက်ခြောက်ကိုအနည်းငယ်ကို ဖြစ်စေ၊ လတ်ဆတ်တဲ့ အရွက်အနည်းငယ်ကိုဖြစ်စေ ထည့်ပြီး ၁၅ မိနစ်ခန့်ထားပါ။ အနည်းငယ်အေးသွားပြီး သင်ခံနိုင် လောက်တဲ့ အပူချိန်ကိုရောက်ပြီဆိုရင် ပူစီနံစိမ်ထားတဲ့ အရည်နဲ့ ပလုတ်ကျင်းပေးပါ။ ပူစီနံရဲ့ ပူရှိန်းတဲ့ဓာတ်က ရောင်ရမ်းနေတဲ့ သွားဖုံးတွေကို အရောင်ကျစေပြီး နာကျင်မှုကို ခေတ္တခဏ သက်သာစေနိုင်တာကို တွေ့ရမှာပါ။ ပူစီနံရွက် မရှိတဲ့အခါ အသင့်သောက်သုံးဖို့ ပြုလုပ်ပေးထားတဲ့ Tea Bag အထုပ်လေးတွေကို ရေနွေးစိမ်ပြီး နာနေတဲ့ သွားဖုံးနဲ့ သွားတစ်ဝိုက်ကပ်ပေးတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။
ရှာလကာရည်နဲ့ စက္ကူအညို
ဒီနည်းလမ်းက သင့်အတွက် ထူးဆန်းကောင်း ထူးဆန်းနေနိုင်ပြီး တစ်ခါမှ မကြားဖူးသေးတဲ့ ကုထုံးတစ်မျိုးတောင် ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ အညိုရောင်စက္ကူတစ်ရွက်ကိုယူပြီး ရှာလကာရည်ထဲကို နှစ်လိုက်ပါ။ ပြီးရင် ငရုတ်ကောင်းမှုန့်အနည်းငယ်ဖြူးပြီး စက္ကူကိုခေါက်ပြီး သွားကိုက်နေတဲ့ နေရာကို ခန့်မှန်းပြီး ပါးပေါ်မှာ ကပ်ထားပေးပါ။ ကပ်ထားတဲ့ နေရာက နွေးလာတာကိုခံစားရမှာဖြစ်ပြီး ကိုက်ခဲနေတဲ့ ဝေဒနာကနေ အချိန်ခဏတော့ အာရုံပြောင်းသွားစေမှာဖြစ်ပြီး နာကျင်မှုသက်သာသွားသလို ခံစားရစေနိုင်ပါတယ်။ 
အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းတွေက သွားကိုက်တဲ့ ဝေဒနာကို လုံးဝပျောက်ကင်းသွားစေနိုင်တဲ့ ကုထုံးများတော့ မဟုတ်ပါဘူး။ သွားဆေးခန်းကို မသွားနိုင်မီ (သို့) သင့်ရဲ့ သွားဆရာဝန်နဲ့ ချိန်းထားတဲ့ အချိန်မတိုင်မီ အလွန်ကိုက်ခဲနေတဲ့ ဝေဒနာကို ခေတ္တခဏသက်သာသွားအောင် ပြုလုပ်ဖို့အသုံးပြုနိုင်တဲ့ အိမ်တွင်းကုထုံးအချို့သာ ဖြစ်ပါတယ်။ သွားကိုက်ဝေဒနာက ဝေဒနာဖြစ်ရတဲ့ အကြောင်းအရင်းကို သွားဆရာဝန်က ရှာဖွေပြီး သင့်တော်တဲ့ ကုသမှုပြုလုပ်မှသာ သက်သာပျောက်ကင်းနိုင်မယ့် ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ 
 
သွားတွေ ရေရှည်ကျန်းမာကြံ့ခိုင်ဖို့ဆိုရင်
ရောဂါဆိုတာ မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာကသာ အကောင်းဆုံးနည်းလမ်းပါ။ သွားကိုက်တဲ့ ဝေဒနာမခံစားရအောင် သင့်သွားတွေ ရေရှည်ကျန်းမာကြံ့ခိုင်စေဖို့ ကြိုတင်ကာကွယ် ထိန်းသိမ်းမှုတွေ ပြုလုပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။ သင့်ရဲ့ သွားတွေ ကျန်းမာကြံ့ခိုင်ဖို့ ဆောင်သင့်ရှောင်သင့်တဲ့ အခြေခံကိစ္စက (၅)မျိုးသာရှိပြီး ခက်ခက်ခဲခဲ လုပ်ဆောင်ရမယ့် အရာမျိုးမပါဝင်ပါဘူး။
(၁) အချိုများတဲ့ အစားအစာတွေ အလွန်အကျွံစားခြင်းကိုရှောင်ပါ။
(၂) အရမ်းအေးလွန်း (သို့) ပူလွန်းတဲ့ ရေအပါအ၀င် အခြားသောက်စရာမျိုးတွေ သောက်သုံးခြင်းကို ရှောင်ပါ။
(၃) သွားဆရာဝန်နဲ့ သင့်ရဲ့သွားတွေကို ပုံမှန်ပြသစစ်ဆေးပါ။ သင်ဘယ်လိုပဲ သွားတွေရဲ့ သန့်ရှင်းရေးကို ဂရုစိုက်ပါစေ၊ သဘာဝအရဖြစ်လာမယ့် သွားညှိတွေကို တစ်နှစ်တစ်ခါ သွားဆရာဝန်နဲ့ ပြသပြီးဖယ်ရှားပါ။
(၄) သွားပုံမှန်တိုက်ပေးဖို့လိုအပ်ပြီး သွားတိုက်တံတွေနဲ့လျှာခြစ်တံတွေကို ၃လ တစ်ခါအသစ်လဲပါ။
(၅) သွားတိုက်တံနဲ့ တိုက်လို့ မရနိုင်တဲ့သွားပေါက်တွေနဲ့ သွားကြိုသွားကြားထဲက ဘက်တီးရီးယားတွေနဲ့ အကြွင်းအကျန်တွေကိုရှင်းဖို့ ခံတွင်းဆေးတဲ့ ဆေးရည်တွေကိုလည်း တစ်ခါတစ်ရံသုံးပေးဖို့လိုအပ်ပါတယ်။ ဒါက သွားကျန်းမာရေးကို ပိုမိုကောင်းစေပြီး ပိုပြီးလည်း ကြံ့ခိုင်စေပါတယ်။
Ref ; How to Relieve A Toothache When A Dentist Isn't Nearby?