အမျိုးသမီးများ လစဉ်ရင်ဆိုင်ရတဲ့ ပြဿနာ

Premenstrual syndrome (PMS) ဆိုတာကို အမျိုးသမီးတွေ လစဉ် ဓမ္မတာမပေါ်ခင် (ဓမ္မတာပေါ်ခါနီး) ရက်သတ္တပတ် နှစ်ပတ်တာအချိန်အတွင်း ခံစားရလေ့ရှိတဲ့ ဝေဒနာလက္ခဏာများလို့ အကြမ်းဖျင်းဆိုနိုင်ပါတယ်။ PMS လို့ ဆိုရာမှာ ကွဲပြားခြားနားတဲ့ ဝေဒနာ လက္ခဏာများစွာရှိပြီး ယေဘူယျအားဖြင့် ဗိုက်ပူလာခြင်း၊ ရင်သားနာကျင်ခြင်း၊ စိတ်အပြောင်းအလဲမြန်ခြင်း၊ အလို လို စိတ်တိုဒေါသထွက်နေခြင်း စတဲ့ ဝေဒနာတွေကတော့ အမျိုးသမီး အများစုခံစားရလေ့ရှိတဲ့ ရောဂါလက္ခဏာများ ဖြစ်ပါတယ်။ အဆိုပါ ဝေဒနာတွေက ရာသီစပေါ်တာနဲ့ အလိုလို ပျောက်သွားတာမျိုးရှိသလို ရာသီပေါ်ပြီးနောက် ရက်ပိုင်းအတွင်းတစ်ဖြည်းဖြည်း သက်သာသွားတာမျိုးလည်း ရှိပါတယ်။ အပျိုဖော်ဝင်ပြီးတဲ့ မိန်းကလေးတိုင်းမှာ PMS ခံစားရနိုင်ခြေရှိပြီး အသက် ၂၀ ကနေ အသက် ၄၀ အတွင်း အမျိုးသမီးတွေမှာတော့ ပိုပြီး ဖြစ်နိုင်ခြေရှိတယ်လို့လည်း သိရပါတယ်။ Premenstrual syndrome (PMS) ဘာကြောင့် ဖြစ်ရသလဲဆိုတဲ့ မေးခွန်းအတွက် တိကျတဲ့ အဖြေတော့ မရှိသေးပါဘူး။ ပညာရှင်တွေကတော့ လေ့လာမှုတွေပြုလုပ်ပြီးနောက် အမျိုးသမီးတွေ ရာသီစက်ဝန်းထဲရောက်ရှိနေချိန် ခန္ဓာကိုယ်ထဲက ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်နိုင်တယ်လို့ ကောက် ချက်ချခဲ့ကြပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း၊ အ၀လွန်နေခြင်း၊ စိတ်ဖိစီးမှုများနေခြင်း၊ အာဟာရဓာတ်ပြည့်ဝအောင် စားသောက်မှုမရှိခြင်း စတဲ့ တစ်ချို့ လူနေမှု ဘ၀ပုံစံတွေကလည်း PMS ကို ခံစားရစေနိုင်တဲ့ အကြောင်းရင်းတွေ ဖြစ်တယ်လို့ ပညာရှင်တွေ ပြောဆိုထားပါတယ်။

PMS ရဲ့လက္ခဏာတွေ
Premenstrual syndrome (PMS) ရဲ့ လက္ခဏာတွေက အမျိုးသမီးတစ်ဦးနဲ့တစ်ဦး မတူညီကြသလို တစ်ဦးချင်းစီမှာတောင်မှ တစ်လနဲ့ တစ်လကွဲပြားတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လေ့ ရှိတတ်ပါတယ်။ တွေ့ရှိမှတ်တမ်းတင်ထားတဲ့ Premenstrual syndrome (PMS) ရဲ့ လက္ခဏာ အမျိုးပေါင်း ၁၀၀ ကျော်လောက်ရှိတယ်လို့ သိရပြီး  အဆိုပါ လက္ခဏာတွေထဲမှာ ရုပ်ပိုင်းဆိုင်ရာရောဂါဝေဒနာများအပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများလည်း ပါဝင်ပါတယ်။

ရုပ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာများ
-    ဗိုက်ပူပြီး တင်းလာခြင်း
-    ၀မ်းဗိုက်နားတစ်ဝိုက်နာကျင်ပြီး မအီမသာဖြစ်ခြင်း
-    ခေါင်းကိုက်ခြင်း
-    ခါးကိုက်ခြင်း
-    ကြွက်သားနဲ့အဆစ်များ နာကျင်ကိုက်ခဲခြင်း
-    ရင်သားနာကျင်ခြင်း
-    အိပ်မပျော်ခြင်း
-    ပျို့အန်ခြင်း
-    ကိုယ်အလေးချိန်တက်လာခြင်း ( ၁ ကီလို ဂရမ်နှင့်အထက်)
-    ရင်ကြပ်ခြင်းနှင့် ခေါင်းတစ်ခြမ်းကိုက်ခြင်း ကဲ့သို့သော နာတာရှည်ရောဂါများ အခြေအနေ ပိုဆိုးလာခြင်း စတာတွေက အမျိုးသမီးတွေ ရာသီမပေါ်ခင် (ရာသီပေါ်ခါနီး) အချိန်တွေများ ခံစားရလေ့ရှိတဲ့၊ အဖြစ်များတဲ့ Premenstrual syndrome (PMS) ရဲ့ ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများဖြစ်တယ်လို့ Mayo Clinic  ရဲ့အဆိုအရ သိရပါတယ်။

စိတ်ပိုင်းဆိုင်ရာနဲ့ အမူအကျင့်ပိုင်းဆိုင်ရာ လက္ခဏာများ
Premenstrual syndrome (PMS) မှာ အမျိုးသမီးတစ်ချို့တွေ့ကြုံရင်ဆိုင်ရလေ့ရှိတဲ့၊ ဘာကြောင့်ရယ်လို့ အတိအကျ သက်သေမပြနိုင်သေးတဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေလည်း ပါဝင်ပါတယ်။ 
-    စိတ်အပြောင်းအလဲမြန်လာခြင်း
-    ၀မ်းနည်းပြီး စိတ်ထိခိုက်လွယ်ခြင်း
-    စိတ်တိုနေပြီး အလွယ်တကူဒေါသထွက်ခြင်း
-    စိုးရိမ်မှုတွေ များနေခြင်း
-    အာရုံစူးစိုက်လို့မရခြင်း
-    စိတ်ရှုပ်ထွေးပြီး သတိမေ့လွယ်လာခြင်း
-    ကိုယ့်ကိုကိုယ်ယုံကြည်မှု မရှိတော့ခြင်း
-    စိတ်ပိုင်းဆိုင်ရာပင်ပန်းနွယ်နယ်ခြင်း
-    အစားစားသောက်ပုံပြောင်းလဲလာခြင်း
-    စိတ်ကျခြင်း
စတဲ့ လက္ခဏာတွေကို အချို့သော အမျိုးသမီးတွေ ဓမ္မတာမလာခင် ရက်သတ္တပတ် နှစ်ပတ်ခန့်အတွင်းမှာ တွေ့ကြုံရင်ဆိုင်ရလေ့ရှိပါတယ်။ 

တစ်ခါတစ်ရံ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများနဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကိုပါတွဲပြီး ခံစား ရတဲ့ အမျိုးသမီးတွေလည်း ရှိတတ်ပါတယ်။

Premenstrual Dysphoric Disorder (PMDD)
Premenstrual Dysphoric Disorder (PMDD) ဆိုတာကတော့ PMS ထပ်ပိုပြီး ပြင်းထန်တဲ့ ရောဂါအခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ Premenstrual Dysphoric Disorder (PMDD) က PMSနဲ့ လက္ခဏာတွေ တူကောင်းတူနေနိုင်ပါတယ်။ ဒါပေမဲ့ PMDDရဲ့ လက္ခဏာတွေမှာ ရုပ်ပိုင်းဆိုင်ရာ ရောဂါထက် စိတ်နဲ့ အမူအကျင့်ပိုင်းဆိုင်ရာ လက္ခဏာတွေ  ပိုမိုပြင်းထန်လေ့ရှိပြီး၊ နေ့စဉ်နေထိုင်လှုပ်ရှားမှုပုံစံကိုပါ ထိခိုက်လာစေနိုင်တဲ့ အခြေအနေမျိုးတွေ ပါဝင်ပါတယ်။
-    စိတ်ဓာတ်အလွန်အမင်းကျခြင်း
-    ပြင်းပြင်းထန်ထန် စိတ်တိုဒေါသထွက်ခြင်း
-    သာမန်ထပ်ပိုအိပ် (သို့) အိပ်ချိန်နည်းလာခြင်း
-    စိုးရိမ်ပူပန်မှုလွန်ကဲလာခြင်း
-    ဆတ်ဆတ်ထိ မခံဖြစ်လာခြင်း
    စတဲ့ စိတ်ပိုင်းဆိုင်ရာ အမူအကျင့်တွေ သိသိသာသာပြောင်းလဲလာပြီး ပတ်ဝန်းကျင်နဲ့  ကိုယ်တိုင်အတွက်ပါ ထိခိုက်မှုဖြစ်လာစေတဲ့ လက္ခဏာတွေ ပြလာပြီဆိုရင်တော့ ဒီအခြေအနေကို PMDD အဖြစ် သတ်မှတ်ရတော့မှာဖြစ်ပါတယ်။ 

စိတ်ကျခြင်းက PMDD နဲ့ ဆက်စပ်ပြီး အများဆုံးတွေ့ရတဲ့ ရောဂါလက္ခဏာတစ်မျိုးဖြစ်ကာ တစ်ခါတစ်ရံ ကိုယ့်အသက်ကိုယ်ရန်ရှာလိုတဲ့ စိတ်မျိုးဝင်လာနိုင်တဲ့အထိ ဆိုးရွားသွားတာမျိုး ဖြစ်နိုင်ချေရှိတယ်လို့ ပညာရှင်တွေ သတိပေးထားတာကိုလည်း တွေ့ရပါတယ်။ ဒေါသအလွန်အမင်းထွက်ခြင်း၊ ဆတ်ဆတ်ထိမခံ ဖြစ်လာခြင်းတွေရဲ့ နောက်ဆက်တွဲအနေနဲ့ စိတ်လိုက်မာန် ပါတုန့်ပြန်မှုတွေ ပြုလုပ်မိရာက လူမှုပတ်ဝန်းကျင်အပေါ် ထိခိုက်မှုတွေ ဖြစ်စေတာမျိုးလည်း ဖြစ်လာနိုင်တာကိုလည်း သတိပြုသင့်တယ်လို့ ဆိုထားပါတယ်။ ရောဂါဖြစ်ရတဲ့ အကြောင်းအရင်း အတိအကျကိုလည်း မသိရှိနိုင်သေးတဲ့အပြင် အမျိုးသမီးများရဲ့သဘာဝအရ လစဉ်လိုလို  ရာသီစက်ဝန်း လည်ပတ်လေ့ရှိတာကြောင့် Premenstrual Dysphoric Disorder (PMDD)က ခံစားရတဲ့ ကာယကံရှင်အတွက်ရော ဆရာဝန်အတွက်ပါ ခက်ခဲတဲ့ အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ 

PMS ဖြစ်စေတဲ့ အကြောင်းရင်းများ
ဘာကြောင့်ဖြစ်ရလဲဆိုတဲ့ တိကျတဲ့ အကြောင်းအရင်းကို မသိရှိရသေးပေးမဲ့ PMS လက္ခဏာတွေ ဖြစ်ပေါ်လာစေနိုင်တဲ့ ကိစ္စတစ်ချို့ရှိနေပါတယ်။

ဟော်မုန်းပြောင်းလဲခြင်း - အမျိုးသမီးတွေ ရာသီစက်ဝန်းထဲ ရောက်ရှိနေစဉ်မှာ Oestrogen ၊  Progesterone စတဲ့ ဟော်မုန်းတွေအတက်အကျ ဖြစ်လာတတ်ပါတယ်။ အဆိုပါ ဟော်မုန်းပမာဏ ပြောင်းလဲမှုက PMS ဖြစ်စေဖို့ အဓိက အကြောင်း
အရင်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ဦးနှောက်အတွင်း Chemical များပြောင်းလြဲ ခင်း - ဟော်မုန်းပမာဏ ပြောင်းလဲသွားတာက Serotonin   လိုမျိုး ဦးနှောက်ထဲက အချို့သော ဓာတုပစ္စည်းတွေ ထုတ်လုပ်မှုအပေါ် သက်ရောက်  မှုရှိစေပါတယ်။ အဆိုပါ Serotonin က စိတ် ခံစား
မှု အခြေအနေတွေကို ထိန်းချုပ်ရာမှာ အရေးပါတဲ့ ပစ္စည်းတစ်မျိုးဖြစ်တာကြောင့် PMS အနေနဲ့ စိတ်အပြောင်းအလဲမြန်ခြင်း၊ ဒေါသထွက်လွယ် ခြင်း၊ ၀မ်းနည်းခြင်း စတာတွေကို ခံစားရတာဖြစ်နိုင်တယ်လို့ ပညာရှင်တွေဆိုထားပါတယ်။

နေထိုင်မှုပုံစံ - နေ့စဉ် နေထိုင်မှု ပုံစံကလည်း PMS ခံစားရနိုင်ချေကို မြင့်တက်စေပါတယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အ၀လွန်နေတာ၊ စိတ်ဖိစီးမှုများတာ၊ အာဟာရ မပြည့်ဝတာ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့နေတာ စတာ တွေဖြစ်ပါတယ်။

ကုသမှု ခံယူသင့်တဲ့အချိန်
ရာသီမပေါ်ခင် ရက်သတ္တပတ် ၂ ပတ်အတွင်း Premenstrual syndrome (PMS) ရဲ့ လက္ခဏာတွေခံစားရတာက အမျိုးသမီးတိုင်းအတွက် သာမန်ကိစ္စတစ်ရပ်လို့ ယူဆနိုင်ပါတယ်။ ဒါပေမဲ့ အဆိုပါရောဂါ လက္ခဏာတွေက သင့်ရဲ့ နေ့စဉ်ဘ၀နဲ့ လူမှုရေး၊ ပတ်ဝန်းကျင်ကိုပါ ထိခိုက်နိုင်တဲ့ အထိ ဆိုးရွားလာတယ်လို့ ထင်ရတဲ့ အခါမှာတော့ သက်ဆိုင်ရာ ဆရာဝန်များနဲ့တိုင်ပင်ဆွေးနွေးပြီး သင့်တော်တဲ့ ကုသမှုကို ခံယူသင့်ပါတယ်။ PMS နဲ့ ဆက်စပ်ပြီး ဖြစ်ပေါ်လာတဲ့ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေက အလုပ်၊ လူမှုရေး၊ ကျောင်း၊ ပတ်ဝန်းကျင်စတာတွေအပေါ် ထိခိုက်မှုရှိနိုင်လောက်တဲ့အထိ ဖြစ်လာမှသာ Premenstrual Dysphoric Disorder (PMDD) အဆင့်လို့ သတ်မှတ်မှာဖြစ်ပြီး ဒီအဆင့်မှာတော့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာမှာပါ သင့်တော်တဲ့ ကုသလမ်းညွှန်မှုလို အပ်လာမှာဖြစ်ပါတယ်။ 

ကုသခြင်း
အထက်မှာ ဖော်ပြထားပြီးသလိုပါပဲ၊ ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းကို အတိအကျ မသိရှိရတာကြောင့် PMS ကို လုံးဝပျောက်ကင်းသွားအောင်ကုသဖို့ ခက်ခဲပါတယ်။ ဒါပေမဲ့ PMS ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာများ သက်သာလျော့
ပါးသွားအောင်တော့ ပြုလုပ်နိုင်ပါတယ်။ အကယ်၍ ရာသီမပေါ်မီ ၀မ်းဗိုက်ပူပြီး ပြည့်ကယ်နေသလို ခံစားရလေ့ရှိတယ်ဆိုရင် ဆားလျှော့ စားတာ၊ အစားအသောက်တွေကို အများကြီးတစ်ထိုင်တည်း စားတာမျိုးထက် ပမာဏ အနည်းငယ်ကို အကြိမ်ရေများများစားတာမျိုး ပြုလုပ်ပြီး ဝေဒနာသက်သာအောင် ပြုလုပ်နိုင်ပါတယ်။ ရေဓာတ်လုံလောက်မှု မရှိခြင်းက ခေါင်းကိုက်တဲ့ ဝေဒနာကို ပိုဆိုးစေနိုင်တာကြောင့် PMS ကြောင့် ခေါင်းကိုက်လေ့ရှိတယ်ဆိုရင် ရေများများသောက်ပေးဖို့ မမေ့သင့်ပါဘူး။ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအသောက်များဖြစ်တဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေကို မကြာမကြာ စားသောက်ပေးခြင်းကလည်း PMS နဲ့ ဆက်စပ်တဲ့ ရောဂါတွေကို သက်သာစေနိုင်ပါ တယ်။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံများများ စားသုံးပေးခြင်းက PMS ဝေဒနာကို သက်သာစေနိုင်ရုံမက သင့်ရဲ့အလုံးစုံသော ကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေပါတယ်။ PMS က သင့်ရဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာကို အနှောင့်အယှက် ဖြစ်စေတယ်လို့ ခံစားရရင်တော့ ရာသီစက်ဝိုင်းနား နီးကပ်လာတဲ့ရက်တွေမှာ အရက်နဲ့ ကဖိန်းပါတဲ့ အစားအသောက်တွေကို ရှောင်ကြဉ်သင့်တယ်လို့ သိရပါတယ်။ 
Ref    ; Premenstrual syndrome (PMS)/nhs.uk