ကိုယ်ဝန်ဆောင်ချိန် ဘာကြောင့် ဝိတ်တက်လာရသလဲ

ကိုယ်ဝန်ဆောင်အမျိုးသမီး နှစ်ဦးဆုံကြချိန် “ဘယ်တော့မွေးမှာလဲ” ၊ “နေလို့ကောင်းရဲ့လား၊ မအီမသာဖြစ်သေးလား” စတဲ့မေးခွန်းတွေ အပြန်အလှန်မေးကြလေ့ရှိတတ်ပါတယ်။ ယနေ့အချိန်မှာတော့ နောက်ထပ်အမေးများတဲ့ မေးခွန်းတစ်ခုရှိလာပါတယ်။ “ဝိတ် ဘယ်လောက်တက်လာပြီလဲ”ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ အမျိုးသမီးတိုင်း ကိုယ်ဝန်ဆောင်ထားရချိန်မှာ ကိုယ်အလေးချိန်တက်လာလေ့ရှိပါတယ်။ ရင်သွေးလေး ကျန်းကျန်းမာမာ ဖွံ့ဖြိုးလာဖို့အတွက် ကိုယ်ဝန်ဆောင်ထားချိန်အတွင်း သင့်တော်တဲ့ ကိုယ်အလေးချိန် ပမာဏတက်လာဖို့လည်း လိုကိုလိုအပ်ပါတယ်။ ဒါကြောင့် သင်မေးရမယ့် မေးခွန်းတွေက ကိုယ်အလေးချိန်ဘယ်လောက်အထိ တက်လာဖို့ လိုအပ်သလဲ၊ မိခင်နဲ့ ကလေးအတွက် ဘယ်လောက်စားပေးသင့်သလဲ၊ ကိုယ်အလေးချိန် ဘယ်လောက် မြန်မြန်တက်လာလို့ရသလဲစတဲ့ မေးခွန်းတွေ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေရဲ့ အဖြေတွေကို ဖော်ပြပေးချင်ပါတယ်။

ကိုယ်အလေးချိန် ဘယ်လောက်အထိ တက်လာသင့်ပါသလဲ
ပေါင်ချိန်စက်ပေါ်က ဂဏန်းတွေကိုကြည့် ပြီး စိတ်မညစ်ရမယ့်အချိန်က ကိုယ်ဝန်ဆောင်ထားချိန်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန် အရမ်းတိုးလာတာကို သတိထားဖို့လိုအပ်သလို ကိုယ်အလေးချိန်တက်မလာမှာကိုလည်း မိခင်လောင်းတွေ စိုးရိမ်ရပါမယ်။ ဒါပေမဲ့ လူတစ်ဦးနဲ့ တစ်ဦးကွဲပြားခြားနာတာကြောင့် ဘယ်လောက်  အတိုင်းအတာအထိ ကိုယ်အလေးချိန်တက်လာသင့်သလဲဆိုတဲ့ အခါမှာ အတိအကျဖြေဖို့ ခက်ခဲပါတယ်။ သင့်ရဲ့ ဆရာဝန်ကို မေးကြည့်တာကအကောင်းဆုံးဖြစ်ပါတယ်။
ယေဘူယျအားဖြင့်တော့ သင့်ရဲ့ ကိုယ်ဝန်မဆောင်ခင်က Body Mass Index (BMI) လို့ခေါ်တဲ့ ခန္ဓာကိုယ်အချိုးအစားညွှန်းကိန်းပေါ်ကို မူတည်ပြီးသင့်တော်တဲ့ အလေးချိန်ပမာဏကို ခန့်မှန်းလို့ရပါတယ်။ သင့်ရဲ့ BMI က ၁၈.၅ ကနေ ၂၆ အတွင်းရှိထားမယ်ဆိုရင် ကိုယ်ဝန်ဆောင်ထားချိန် ၂၅ ပေါင်ကနေ ၃၅ ပေါင်အတွင်း တက်လာတာက မိခင်ရောကလေးရောအတွက် သင့်တော်တဲ့ ပမာဏဖြစ်တယ်လို့ ပညာရှင်တွေ သတ်မှတ်ထားပါတယ်။ နဂိုကတည်းက BMI ၂၆ ကနေ ၂၉ အတွင်းရှိပြီး ကိုယ်အလေးချိန်များနေတဲ့ မိခင်များကတော့ ၁၅ ပေါင်ကနေ ၂၅ ပေါင် အတွင်းသာ ပိုတက်လာသင့်တယ်လို့ ဆိုပါတယ်။ 

BMI ၂၉ ထက်မြင့်ပြီး အ၀လွန်နေတဲ့ မိခင်များမှာတော့ ၁၁ ပေါင်ကနေ ပေါင်၂၀ လောက်သာ ထပ်တိုးလာသင့်တယ်လို့ သိရပါတယ်။ 

BMI ၁၈.၅အောက် ပိန်သွယ်တဲ့ မိခင်များကတော့ ၂၈ ပေါင်ကနေ ပေါင် ၄၀ အထိ ကိုယ်အလေးချိန်တက်လာဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီလိုကိုယ်ဝန်ဆောင်ထားချိန်မှာ ကိုယ်အလေးချိန်တက်လာဖို့ ကယ်လိုရီပိုလိုအပ်တာမှန်ပေမဲ့ အများပြောလေ့ရှိတဲ့ “နှစ်ယောက်စာ” စားပေးတာမျိုး ပြုလုပ်ဖို့တော့ မလိုအပ်ပါဘူး။ ကိုယ်ဝန်ဆောင် မိခင်တော်တော်များများအတွက် တစ်ရက်ကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေက ကယ်လိုရီ ၃၀၀ လောက် ပိုစားပေးရုံနဲ့တင် လုံလောက်တယ်လို့ သိရပါတယ်။

ကိုယ်အလေးချိန်ဘယ်လောက်နှုန်းနဲ့ တက်သင့်ပါသလဲ
အထက်မှာဖော်ပြခဲ့ပြီးတဲ့ လိုအပ်တဲ့ ကိုယ်အလေးချိန်က ဘယ်လောက်နှုန်းတက်သင့်သလဲဆိုတာကလည်း အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုက်ထဲကရင်သွေးလေးဆီကို ကယ်လိုရီနဲ့ အာဟာရဓာတ်တွေ ပုံမှန်နှုန်းနဲ့ ထောက်ပံ့ပေးနိုင်ဖို့ အရေးကြီးတာကြောင့် ဖြစ်ပါတယ်။ တဖြည်းဖြည်းချင်း ဝိတ်တက်တာက မိခင်ဖြစ်သူရဲ့ အရေပြားတွေ ဆွဲဆန့်ခံရတဲ့ ဒဏ် ကိုလည်း သက်သာစေပါတယ်။

ကိုယ်ဝန် ပထမသုံးလပတ် - ရင်သွေးလေးရဲ့ အလေးချိန်ဟာ အောင်စဝက်ခန့်သာရှိပါသေးတယ်။ ဒီအချိန်မှာ နှစ်ယောက်စာစားပေးရမယ်ဆိုပြီး လိုအပ်တာထက် ပိုစားတာက သင့်ကိုအလေးချိန် ပိုတိုးလာစေတာကလွဲပြီး ဘယ်လိုမှ  အကျိုးမှမရှိပါဘူး။ ဒီအချိန်မှာ ကိုယ်အလေးချိန် အများကြီးတက်မလာအောင် ဂရုစိုက်သင့်ပြီး အာဟာရပြည့်အောင် စားသောက်ပေးရုံနဲ့ လုံလောက်ပါတယ်။ ၂ ပေါင်ကနေ ၄ ပေါင်လောက်အထိ တက်လာတာက ပုံမှန်ဖြစ်ပြီးသင့်တော်တဲ့ အလေးချိန်ပမာဏဖြစ်ပါတယ်။ တစ်ချို့မိခင်များကတော့ ဒီပထမသုံးလပတ်မှာ ပျို့အန်ခြင်းကြောင့် ကိုယ်အလေးချိန်တောင် ကျသွားတတ်ကြပါသေးတယ်။

ကိုယ်ဝန် ဒုတိယသုံးလပတ် - ကလေးလေးက တဖြည်းဖြည်းချင်း ကြီးထွားဖွံ့ဖြိုးလာတာနဲ့အတူ သင်လည်းကိုယ်အလေးချိန်တိုးလာပါပြီ။ ကိုယ်ဝန် ၄ လကနေ ၆ လ အတွင်းတစ်ပတ်ကို ၁ ပေါင် (သို့) ၁ ပေါင်ခွဲလောက် ပုံမှန်အလေးချိန် တိုးလာပါလိမ့်မယ်။ ကိုယ်ဝန် ၆ လ ရောက်တဲ့အခါ သင့်မှာ ၁၂ ပေါင်ကနေ ၁၄ ပေါင်လောက် အထိအလေးချိန် တက်လာနိုင်ပါတယ်။

ကိုယ်ဝန် တတိယသုံးလပတ် - အလေးချိန်တက်နှုန်းကျဆင်းလာပါပြီ။ တစ်ပတ်ကို ၁ ပေါင် နှုန်းနဲ့ ဒီကာလမှာအများဆုံး ၈ပေါင်ကနေ ၁၀ ပေါင်လောက်ပဲ ကိုယ်အလေးချိန်တိုးလာတော့မှာ ဖြစ်ပါတယ်။ တစ်ချို့ အမျိုးသမီးတွေမှာ ကိုယ်အလေးချိန်တိုးမလာတော့ဘဲ မီးဖွားချိန် ငြိမ်သွားတာမျိုးလည်း ရှိတတ်ပါတယ်။ ဝမ်းဗိုက်မှာ ကလေးလေးက နေရာယူလာတာကြောင့် အစာအိမ်အတွက် နေရာကျဉ်းလာပြီး အစားသိပ်မဝင်တော့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

တိုးလာတဲ့ ကိုယ်အလေးချိန်
ကိုယ်ဝန်ဆောင်ချိန် ဘာကြောင့် ကိုယ်အလေးချိန်တိုးလာရတာပါလဲ။ တိုးလာတဲ့ ကိုယ်အလေးချိန်ကို ခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါမှာ ရင်သွေး - ၈ပေါင်၊  ရေမွှာ - ၂ ပေါင် မှ ၃ပေါင် ၊ ရင်သားတစ်သျှူး - ၂ပေါင်မှ ၃ပေါင်၊ သွေးထောက်ပံမှု - ၄ ပေါင်၊ မီးဖွားဖို့နှင့် နို့တိုက်ကျွေးဖို့အတွက် အသုံးပြုရန် သိုလှောင်ထားသောအဆီ - ၅ ပေါင်မှ ၉ ပေါင်၊ သားအိမ် -၂ ပေါင်မှ ၅ပေါင် စသဖြင့် အသီးသီးရှိပြီး အားလုံးပေါင်းလိုက်တဲ့အခါမှာ ၂၅ ပေါင်မှ ၃၅ ပေါင် အတွင်းရှိပြီး ဒါက ကိုယ်ဝန်ဆောင်ချိန်မှာ တိုးလာတဲ့ မိခင်ရဲ့ ကိုယ်အလေးချိန်ဖြစ်ပါတယ်။

သတိပြုရမယ့် အခြေအနေတွေ
လက်တွေ့မှာ အထက်ဖော်ပြပါ ပုံစံအတိုင်း ကိုယ်အလေးချိန်တိုးလာဖို့ဆိုတာ ကိုယ်ဝန်ဆောင် မိခင်တိုင်းအတွက် လွယ်ကူလေ့ မရှိပါဘူး။ ကိုယ်ဝန်ဆောင်ထားချိန်မှာ အစားစားချင်စိတ် လွန်လွန်ကဲကဲဖြစ်ပေါ်တတ်တဲ့ အခါမျိုးရှိသလို ရေတောင်သောက်လို့မရတဲ့ ရက်တွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ ကိုယ်အလေးချိန် ဇယားအပေါ်မှာ စိုးရိမ်စိတ်လွန်ကဲဖို့ မလိုအပ်ပါဘူး။ နောက်ဆုံးတက်လာသင့်တဲ့ ကိုယ်အလေးချိန်ပမာဏအတွင်းမှာ ၀ိတ်တက်လာဖို့၊ ပညာရှင်တွေ ထောက်ခံချက်ပေးထားတဲ့ ကိုယ်အလေးချိန်တက်နှုန်းနဲ့ မတိမ်းမယိမ်းပမာဏအတွင်း ပုံမှန်ဝိတ်တက်လာဖို့က သာလျှင် အဓိက ဖြစ်ပါတယ်။ 

အကယ်၍ ကိုယ်ဝန်ဆောင်ချိန် ဒုတိယသုံးလအတွင်းမှာ တစ်ပတ်ကို ၃ ပေါင်နဲ့အထက် အလေးချိန်တိုးလာတယ်ဆိုရင်၊ ဒါမှမဟုတ် တတိယသုံးလအတွင်း ၁ပတ်ကို ၂ ပေါင်နဲ့အထက် အလေးချိန်တိုးမြဲဆိုရင်တော့ သင့်ရဲ့ဆရာဝန်နဲ့ တိုင်ပင်ဆွေး နွေးသင့်ပါတယ်။ ဒုတိယသုံးလအတွင်း ၂ ပတ် ဆက်တိုက် ကိုယ်အလေးချိန်တိုးလာခြင်းမရှိဘူးဆိုရင်လည်း ကိုယ်အလေးချိန်ပြောင်းလဲခြင်းမရှိတဲ့အကြောင်း ဆရာဝန်ကို ပြောရမှာဖြစ်ပါတယ်။   ကိုယ်ဝန်ဆောင်ချိန် သင့်ရဲ့ကိုယ်အလေးချိန်ကို စောင့်ကြည့်ရာမှာ ပိုပြီးလွယ်ကူစေဖို့အတွက် အကြံပြုချက် အနည်းငယ်ရှိပါတယ်။ 
-    ပေါင်ချိန်ဖို့အတွက် အချိန်တစ်ခု သတ်မှတ်ထားပါ။
-    ပေါင်ချိန်တဲ့ အချိန်မှာ အ၀တ်အစားကို ပုံမှန်သာ ဝတ်ဆင်သင့်ပါတယ်။
-    ပေါင်ချိန်စက် တစ်ခုတည်းကိုသာ အသုံးပြုပါ။
-    တစ်ပတ်တစ်ခါသာ ပေါင်ချိန်ပါ (နေ့စဉ်ပြောင်းလဲနေတဲ့ ပေါင်ချိန်စက်ပေါ်က ကိန်းဂဏန်း တွေက သင့်ကို ပိုပြီးစိတ်ဖိစီးမှု ဖြစ်စေနိုင်ပါတယ်။) 
Ref;All About Weight Gain During Pregnancy