သစ်တော်သီးပုံ အချိုးအစားပိုင်ရှင်တို့အတွက် ထိရောက်အကျိုးရှိစေမယ့် Diet

ဒီတစ်လမှာတော့ သစ်တော်သီးပုံ ခန္ဓာကိုယ်အချိုးအစားရှိတဲ့ မမတို့၊ ညီမလေးတို့အတွက် ထိရောက်အကျိုးရှိပြီး ကျန်းမာရေးနဲ့လည်း ညီညွတ်စေမယ့် အစားအစာတွေကို ဘယ်လိုစားသုံးသင့်သလဲဆိုတဲ့အကြောင်းလေး ရှာဖွေပြန်ဆိုပေးထားပါတယ်။

မမတို့ ညီမလေးတို့ရဲ့ ခန္ဓာကိုယ်အချိုးအစားကို သိမြင်လွယ်ကူဖို့အတွက် ပန်းသီးပုံ၊ သစ်တော်သီးပုံစသဖြင့် ခွဲခြားသတ်မှတ်ပြောဆို  လေ့ရှိပါတယ်။ သစ်တော်သီးပုံ ခန္ဓာကိုယ်အချိုးအစားဆိုတာကတော့ တင်ပါးနဲ့ တင်ပဆုံတစ်ဝိုက်မှာ အဆီတွေ ပိုပြီးစုဝေးနေတာကြောင့် ခန္ဓာကိုယ်အောက်ပိုင်းက ပိုပြီးတော့ ဖွံ့ထွားတဲ့ ပုံစံရှိပါတယ်။ သစ်တော်သီးပုံ ခန္ဓာကိုယ်အဖြစ် သတ်မှတ်ဖို့ဆိုရင် ဘယ်လိုတိုင်းတာ သိရှိနိုင်မလဲဆိုတော့ ပထမဆုံးမတ်မတ်ရပ်လိုက်ပါ၊ ဝမ်းဗိုက်ပိုင်းကို ရှုံ့မထားပါနဲ့။ ချက်ရဲ့အထက် တစ်လက်မအကွာကနေပြီး ခါးကိုတိုင်းပေးပါ။ နောက်ပြီးခန္ဓာကိုယ်ရဲ့ အကျယ်ပြန့်ဆုံးနေရာဖြစ်မယ့် တင်ပဆုံတစ်ဝိုက်ကိုတိုင်းတာပေးပါ။ ပြီးရင်တော့ ခါးကိုတိုင်းလို့ရရှိလာတဲ့ ကိန်းဂဏန်းနဲ့ တင်ပဆုံတစ်ဝိုက်ကိုတိုင်းတာလို့ ရရှိလာတဲ့ ဂဏန်းတစ်ခုကိုစားပေးပါ။ အဖြေက ၀.၈ ဒါမှမဟုတ် အဲ့ဒီအောက်ငယ်တဲ့ ကိန်းဂဏန်းတစ်ခုဖြစ်မယ်ဆိုရင် သစ်တော်သီးပုံ ခန္ဓာကိုယ်ပိုင် ရှင်အဖြစ် သတ်မှတ်လို့ရပါပြီ။ သစ်တော်သီးပုံ ခန္ဓာကိုယ်ပိုင်ရှင်တွေဟာ တင်ပဆုံတစ်ဝိုက်မှာအရေပြားအောက်မှာ တိုက်ရိုက်သိမ်းဆည်းထားတဲ့ အဆီ တွေကို စုဆောင်းထားတတ်တဲ့သူတွေဖြစ်ပြီး ဝမ်းဗိုက်ပိုင်းမှာရှိတဲ့ ခန္ဓာကိုယ်အတွင်းပိုင်းက အင်္ဂါတွေဆီမှာ သိမ်းဆည်းထားတဲ့ အဆီတွေထက်စာရင်တော့ အန္တရာယ်နည်းပါးတယ်လို့လည်း ဆိုနိုင်ပါတယ်။

သစ်တော်သီးပုံ ခန္ဓာကိုယ်ပိုင်ရှင်တို့အတွက် စိန်ခေါ်မှု 
လူတစ်ယောက်ဟာ သစ်တော်သီးပုံစံ ခန္ဓာကိုယ်ရှိတယ်ဆိုရင် အဆီတွေကိုပေါင်နဲ့ တင်ပါးတစ်ဝိုက်မှာ စုဆောင်းသိမ်းဆည်းပါလိမ့်မယ်။ ပေါင်နဲ့ တင်ပါးတွေဆီက အဆီဆဲလ်တွေဟာ အဆီတွေကိုလာပြီး စုဝေးစေဖို့ အားကောင်းကောင်းနဲ့ ဆွဲဆောင်ပေးတဲ့ အရာတွေပါဘဲ။ စွမ်းအင်လိုအပ်တဲ့ အချိန်မှာလည်း ဒီအဆီတွေကနေပြီးတော့ စွမ်းအင်ကို ထုတ်လွှတ်ပေးပါသေး တယ်။ ဒီလိုဘာကြောင့် ဖြစ်ရလဲဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာဆောင်ရွက်ချက်တွေအရ လောင်ကျွမ်းနိုင်စွမ်းမရှိတဲ့ အဆီပိုတွေလို အဆီမြင့်မားစွာပါဝင်တဲ့ အစားအစာတွေကို စားတဲ့အခါမှာ ပေါင်၊ တင်ပါးနဲ့ တင်ပဆုံတစ်ဝိုက်မှာ အဆီတွေအဖြစ် စုဆောင်းသိမ်းဆည်းစေတာကြောင့်ပါ။ ရှေးယခင်တည်းကပြောခဲ့ကြတဲ့ ဆိုရိုးစကားတစ်ခုရှိပါတယ်။ ‘သင့်နှုတ်ဖျားမှာတော့ ခဏတာ၊ တင်ပါးမှာတော့ ထာဝရပါ။’ တကယ်လို့ ကိုယ့်ရဲ့ ခန္ဓာကိုယ်က သစ်တော်သီးပုံစံဆိုရင်တော့ ဒီဆိုရိုးစကားက မှန်ပါတယ်။ ကိုယ်စားလိုက်သမျှ အဆီတွေက တင်ပါးမှာ လာစုတော့တာပါဘဲ။ နောက်ပြီး သစ်တော်သီးပုံအချိုးအစားရှိတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေဟာ ပန်းသီးပုံ ခန္ဓာကိုယ်ပိုင်ရှင်တွေနဲ့ ယှဉ်မယ်ဆိုရင် ဇီဝတွင်းဖြစ်ပျက်မှုက ပိုပြီးတော့ နှေးကွေးတတ်ကြပါတယ်။ ဒါကြောင့် အလုံးစုံ ခန္ဓာကိုယ်အလေးချိန် ကျဖို့အတွက်ဆိုရင်လည်း ခက်ခဲတတ်ပါတယ်။ 

ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် အစားအစာတွေ ဆိုတာ
ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ စားသုံးသင့်တဲ့ အစားအစာတွေထဲမှာ ဥအမျိုးမျိုးနဲ့ အဆီနည်းတဲ့ အသားတွေဖြစ်ကြတဲ့ ငါး၊ ကြက်ဆင်နဲ့ ကြက်သားတို့ ပါဝင်ပါတယ်။ ငါးမှာဆိုရင်လည်း အိုမီဂါ ၃ ပါဝင်တဲ့ ဆာလ်မွန်နဲ့ မက်ကရယ်တို့က ကိုယ်အလေးချိန်လျော့ကျလိုသူတို့အတွက် ပိုကောင်းပါတယ်။ အဆီများတဲ့ အစားအစာတွေကို ဖယ်ရှားနိုင်ဖို့ဆိုရင် ကာဘိုဟိုက်ဒရိတ်ဒြပ်ပေါင်းတွေ စားသုံးခြင်းကို သတ်မှတ်ချက်တစ်ခုထားရှိပြီး အလွယ်တကူ ပြိုကွဲနိုင်တဲ့အပြင် အင်ဆူလင်ရေချိန် အမြင့်ဆုံးမရောက်နိုင်တဲ့ ကာဘိုဟိုက်ဒရိတ်တွေကို အစားထိုးစားသုံးပေးသင့်ပါတယ်။ ဒီလိုစားသောက်မှု ပုံစံကအဆီပါဝင်မှုနည်းတဲ့ အစားအစာတွေကို အဓိကထားပြီးစားသုံးစေတာကြောင့် သစ်တော်သီးပုံ ခန္ဓာကိုယ် အချိုးအစားပိုင်ရှင်တွေအတွက် ထိရောက်တဲ့ အကျိုးကျေးဇူးကိုခံစားရစေမှာ ဖြစ်ပါတယ်။ 

သစ်တော်သီးပုံ အချိုးအစားပိုင်ရှင်တွေ အနေနဲ့ အဓိကထားပြီး ရှောင်ရှားရမယ့် အစားအစာတွေကတော့ ပြည့်ဝဆီ မြင့်မားစွာပါဝင်နေတဲ့ အစားအစာတွေဘဲ ဖြစ်ပါတယ်။ ပြည့်ဝဆီမြင့်မားစွာပါဝင်နေတဲ့ အစားအစာတွေကို ရှောင်ရှားပေးခြင်းဖြင့် တင်ပါးတစ်ဝိုက်မှာ အဆီတွေ စုဆောင်းသိမ်းဆည်းတဲ့အဆင့်ကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီအစားသစ်သီးတွေ၊ ဟင်းသီးဟင်းရွက်နဲ့ အခွံစင်အောင် ချွတ်မထားတဲ့ အစေ့အဆံတွေလို ကာဘိုဟိုက်ဒရိတ် ဒြပ်ပေါင်းပါဝင်တဲ့ အစားအစာတွေကို အဓိကထားပြီးစားသုံးပေးပါလို့ အကြံပြုလိုပါတယ်။ သံလွင်ဆီနဲ့ ထောပတ်သီးတို့မှာပါဝင်တဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီတွေကတော့ ပိုကောင်းပါတယ်။ 

အားနည်းတဲ့ အရိုးတွေအတွက် စားသုံးရမယ့် အစားအစာ
သစ်တော်သီးပုံ ခန္ဓာကိုယ်ရှိတဲ့သူတွေဟာ အရိုးပွရောဂါနဲ့ အခြားသောအရိုးသိပ်သည်းဆ နည်းတဲ့ ပြဿနာတွေ အဖြစ်များလေ့ရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာပေါ့။ ဘာကြောင့်လဲဆိုတော့ သစ်တော်သီးပုံ ခန္ဓာကိုယ်ပိုင်ရှင်တွေ
ဟာ အားနည်းတဲ့ အီစထရိုဂျင်တွေသာဖန်တီးတတ်တာကြောင့် ဖြစ်ပါတယ်။ အရိုးတွေသန်မာအောင် ထိန်းသိမ်းဖို့အတွက် အီစထရိုဂျင် လိုအပ်ပါတယ်။ ပြီးတော့ အီစထရိုဂျင်က အားနည်းနေမယ် ဒါမှမဟုတ် လုံလောက်တဲ့ ပမာဏမထုတ်လွှတ်ဘူးဆိုရင် အရိုးနဲ့ဆိုင်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာတော့တာပါဘဲ။ ပင်လယ်ရေညှိ၊ ပဲငါးပိပဲနဲ့ ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ကြက်သွန်ဖြူ၊ အာလူး၊ တရုတ်နံနံ၊ ခရမ်းချဉ်သီးတို့လို ကယ်လဆီယမ် ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ လိမ္မော်သီး၊ ပန်းသီးနဲ့ သစ်တော်သီးတို့လို သစ်သီးတွေကိုစားသုံးပေးပြီးသကြားနဲ့ အဆီကိုရှောင်ရှားနိုင်မယ်ဆိုရင် အရိုးတွေကိုသန်မာအောင် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီးအဆီထုတ် ထားတဲ့ နို့ကိုလည်း ကယ်လဆီယမ်ဓာတ် ရရှိနိုင် ဖို့အတွက် သောက်သုံးပေးသင့်ပါတယ်။ 

သဘာဝအတိုင်းရရှိပြီး ချက်ပြုတ်ပြင်ဆင်မှု အနည်းဆုံးအစားအစာ (Clean Diet)     
Clean Diet ဆိုတာကတော့ ကိုယ်စားမယ့် အစားအစာတွေထဲမှာ သဘာဝအတိုင်းရရှိတဲ့ အစားအစာတွေနဲ့ တတ်နိုင်သမျှ အနည်းဆုံး ပြင်ဆင်ချက်ပြုတ်ထားတဲ့ အစားအစာတွေ ထည့်သွင်းပါဝင်စေတာကိုဆိုလိုပါတယ်။ သစ်တော်သီးပုံ ခန္ဓာကိုယ်ပိုင်ရှင်တို့အတွက် အကောင်းဆုံး Diet အမျိုးအစားလည်းဖြစ်ပါတယ်။ ပြည့်ဝဆီ ပါဝင်မှုမရှိတဲ့ အဆီနည်းတဲ့ အသားတွေနဲ့ ကာဘိုဟိုက်ဒရိတ်ဒြပ်ပေါင်းတွေကိုသာ အဓိကထားပြီး စားသုံးရမှာ ဖြစ်ပါတယ်။ Clean Diet အတိုင်း စားသုံးပေးမယ်ဆိုရင် စွမ်းအင်ရေချိန် မြင့်မားစွာ ရှိနေဖို့အတွက် ၂ နာရီကနေ ၃ နာရီကြာတိုင်းမှာ အစားအစာစားသုံးပေးဖို့ လိုအပ်မှာဖြစ်ပြီး ဇီဝတွင်းဖြစ်ပျက်မှုကို မြင့်တက်စေကာအဆီတွေကိုလည်း လွယ်ကူစွာလောင်ကျွမ်းစေမှာ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဆန်လုံးညို၊ အခွံစင်အောင်ချွတ်မထားတဲ့ အစေ့အဆံတွေ၊ အုတ်ဂျုံ၊ ကြက်ဆင်သား၊ ကြက်သားနဲ့ အဆီနည်းတဲ့ ငါးတွေက ကိုယ်အလေးချိန် လျော့ကျစေမယ့် အစားအစာတွေပါဘဲ။ 

 

ကာဘိုဟိုက်ဒရိတ်ဒြပ်ပေါင်းတွေနဲ့ အဆီနည်းတဲ့ အသားတွေ ကြွယ်ဝစွာပါဝင်တဲ့ Diet 

တကယ်လို့ သင်ဟာသစ်တော်သီးပုံ ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားတဲ့သူဆိုရင် သင်စားမယ့် အစားအစာထဲမှာအုတ်ဂျုံ၊ အခွံစင်အောင်ချွတ်မထားတဲ့ ဂျုံနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်၊ ကွေကာ၊ ခေါက်ဆွဲ၊ ဆန်လုံးညိုနဲ့ လတ်လတ်ဆတ် ဆတ်ရရှိတဲ့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တို့လို မြန်မြန်ပြိုကွဲချေဖျက်နိုင်ပြီး ဇီဝတွင်းဖြစ်ပျက်မှုကို လျင်မြန်စေမယ့် ကာဘိုဟိုက်ဒရိတ်ဒြပ်ပေါင်း ၅၀ ရာခိုင်နှုန်းထည့်သွင်းပါဝင်သင့်ပါတယ်။

၂၅ ရာခိုင်နှုန်းကိုတော့ အရေခွံမပါတဲ့ ကြက်သား၊ ငါး၊ ကြက်ဆင်သားရင်ပုံ၊ ပင်လယ်စာ၊ အဆီထုတ်ထားတဲ့ နို့၊ ဒိန်ချဉ်၊ ဒိန်ခဲနဲ့ အဆီနည်းတဲ့ အမဲသားတို့လို အဆီနည်းနည်းသာပါဝင်တဲ့ အသားဓာတ်တွေကို စားသုံးပေးရမှာဖြစ်ပြီး အဆီ ၂၅ ရာခိုင်နှုန်းအနေနဲ့ ထောပတ်သီး၊ ဗာဒံစေ့နဲ့ သံလွင်ဆီတို့ဘဲ ဖြစ်ပါတယ်။ 

အခွံပြောင်စင်အောင် ချွတ်ပြီး ကြိတ်ထား တဲ့ ဂျုံမှုံ့နဲ့ သကြားဖြူတို့ကိုတော့ ရှောင်ရှားပေးပါ။ ယင်းတို့က ဇီဝတွင်းဖြစ်ပျက်မှုကို နှေးကွေးသွားစေနိုင်ပြီး ခန္ဓာကိုယ်ရဲ့ အဆီတွေကို လောင်ကျွမ်းစေဖို့ ပိုပြီးခက်ခဲသွားစေနိုင်ပါတယ်။ ၂ နာရီ ကြာတိုင်းမှာ အစားအစာတစ်ခုခုကိုစားသုံးပေးပါ။ ဒီလိုလုပ်ပေးခြင်းက အစားအစာတွေ ပေါများကြွယ်ဝတာကြောင့် အဆီအဖြစ် သိမ်းဆည်းထားဖို့ မလိုအပ်တဲ့အကြောင်း ခန္ဓာကိုယ်ကို အချက်ပေးလိုက်ခြင်းပါဘဲ။ အစားအစာ မစားတဲ့ အချိန်က ကြာရှည်တဲ့အခါ ခန္ဓာကိုယ်ကို အဆီတွေ သိုမှီးထားဖို့အတွက် အသိပေးနေသလို ဖြစ်တတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စားစရာအစားအစာအလုံအလောက် မရှိတာကြောင့်ဆိုတဲ့ သဘောကို သက်ရောက်နေလို့ပါ။ ဒါပေမဲ့ တစ်လုတ်စားလိုက်တိုင်းဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အပြင် သိပ်အများကြီးမဖြစ်ဖို့လည်း လိုတာကို သတိပြုပေးရမှာ ဖြစ်တဲ့အကြောင်း ပြော ရင်းကိုယ်နဲ့ ကိုက်ညီအဆင်ပြေမယ့် အစားအစတွေကို ရွေးချယ်စားသုံးပြီး ကျန်းမာလှပကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်နော်။
Ref : Effective diet plan for a pear shaped body type