ပန်းပွင့်စိမ်းရဲ့ အာနိသင်များ

ပန်းမုံလာ၊ ဂေါ်ဖီထုပ်တို့နဲ့ ဆွေမျိုး နီးစပ်တော်ပြီး ပန်းပွင့်စိမ်းလို့ ခေါ်လေ့ရှိတဲ့ ဘရိုကိုလီဟာ ဟင်းသီးဟင်းရွက်ထဲမှာတော့ နာမည်ကြီးပါပဲ။ အာဟာရတန်ဖိုးမြင့်မားသလို ကင်ဆာအမျိုးအစားတော်တော်များကို ကာကွယ်နိုင်စွမ်းရှိခြင်း၊ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း၊ ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးနိုင်ခြင်း၊ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း စတဲ့ ဆေးဘက်ဆိုင်ရာ အာနိသင်တွေလည်း ရှိပါတယ်။ 

ဒါ့အပြင် အသားအရေကို လှပနုပျိုစေနိုင်တဲ့ ဓာတ်ပေါင်းတွေ ကြွယ်ဝစွာပါဝင်ပြီး ကိုလက်စထရောကို ကျဆင်းစေနိုင်တဲ့ အစွမ်းလည်းရှိတာကြောင့် အလှအပကို ကြိုက်နှစ်သက်ပြီး ကိုယ်အလေးချိန် ထိန်းသိမ်းလိုသူတွေအတွက် အားထားစရာ ဟင်းသီးဟင်းရွက်အမျိုးအစားထဲမှာလည်း ပါဝင်နေပြန်ပါသေးတယ်။ ဒါကြောင့် ဒီတစ်လမှာတော့ ဘရိုကိုလီရဲ့အာဟာရတန်ဖိုးများ၊ ဆေးဘက်ဆိုင်ရာ အာနိသင်များနဲ့ အလှအပအတွက် အကျိုးပြုပုံများကို ဖော်ပြပေးလိုက်ပါတယ်။ 

ကင်ဆာ
ပန်းပွင့်စိမ်းလို့ ခေါ်တဲ့ ဘရိုကိုလီဟာ ကင်ဆာရောဂါ အမျိုးအစားတော်တော်များများအတွက် အံ့အားသင့်ဖွယ် ဆေးဝါးတစ်မျိုးလိုပဲ အစွမ်းထက်တယ်လို့ ပညာရှင်တွေဆိုပါတယ်။ ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ Prostate ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အူနဲ့ အူမကြီးကင်ဆာ၊ အသည်းကင်ဆာနဲ့ ကျောက်ကပ်ကင်ဆာတွေအတွက် ဘရိုကိုလီကို သဘာဝဆေးဝါးတစ်မျိုးကဲ့ သို့ မှီဝဲပေးနိုင်တယ်လို့ သိရပါတယ်။ အထူးသဖြင့် ဘရိုကိုလီဟာ ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ အီစထရိုဂျင်ဟော်မုန်းတွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းရှိတာကြောင့် ရင်သား နဲ့ သားအိမ်ကင်ဆာအတွက် ကောင်းမွန်တဲ့ အာနိသင်ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့  ဘရိုကိုလီမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်တွေကို ဆန့်ကျင်နိုင်တဲ့ Glucoraphanin ၊ Diindolymethane ၊ Beta-carotene ၊  Selenium စတဲ့ စွမ်းအားမြင့်  Anti-Carcinogenic ဓာတ်ပေါင်းတွေ ပါဝင်နေတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ကင်ဆာဆဲလ်တွေကို ဆန့်ကျင်နိုင်တဲ့ Anti-cancer Agent ဂုဏ်သတ္တိရှိတဲ့ ဗီတာမင် C ၊ ဗီတာမင်A ၊ ဗီတာမင် E စတဲ့ ဗီတာမင်တွေ၊  Zinc ၊ Potassium စတဲ့ သတ္တုဓာတ်တွေ နဲ့  Amino Acids တွေလည်း ဘရိုကိုလီမှာ ပါဝင်ပါသေးတယ်။ ဒါကြောင့် ဘရိုကိုလီကို အထက်မှာ ဖော်ပြခဲ့ပြီးတဲ့အတိုင်း ကင်ဆာရောဂါအတွက် အံ့အားသင့်ဖွယ် သဘာဝဆေးတစ်မျိုးလို့ တင်စားကြခြင်းဖြစ်ပါတယ်။ 

အဆိပ်အတောက်
ဗီတာမင် C ၊ Sulphur နဲ့ Amino Acids တွေ ပူးတွဲပါဝင်နေခြင်းကြောင့် ဘရိုကိုလီက ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖယ်ထုတ်ရာမှာ အသုံးပြုနိုင်တဲ့  အကောင်းဆုံး အစားအစာတစ်မျိုး ဖြစ်လာပါတယ်။ ဘရိုကိုလီကို စားသုံးပြီး Uric Acid လိုမျိုး ခန္ဓာကိုယ်ထဲက Free Radical နဲ့ အဆိပ်အတောက်တွေကို ဖယ်ထုတ်သန့်စင်နိုင်ပါတယ်။ သွေးတွင်းက အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တဲ့ အာနိသင်ရှိတာကြောင့် ယားယံခြင်း၊ အင်ပြင်ထခြင်း၊ ဂေါက်၊ အဆစ်အမြစ်ရောင်ခြင်း စတဲ့ ရောဂါများ မဖြစ်လာအောင် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ 

အသားအရေလှပနုပျိုဖို့
အသားအရေလှပဖို့ အရေပြားပေါ် တိုက်ရိုက်လိမ်းကျံလို့ရတဲ့ အလှကုန်နဲ့ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကိုပဲ အားကိုးလို့မရနိုင်ပါဘူး။ သင့်ရဲ့ ကိုယ်တွင်းစနစ်ထဲကိုပါ လိုအပ်တဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းပေးနေဖို့ လိုအပ်ပါသေးတယ်။ အသားအရေ လှပနုပျိုဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ Antioxidant ဂုဏ်သတ္တိဆောင်တဲ့ အာဟာရဓာတ်တွေက Beta-carotene ဗီတာမင် C ၊ ဗီတာမင် B complex ၊ ဗီတာမင် E ၊ ဗီတာမင် A ၊ ဗီတာမင် K ၊ Omega 3 Fatty Acids ၊ Amino Acid ၊ Folate စတဲ့ ဗီတာမင် နဲ့ သတ္တုဓာတ်တွေဖြစ်ပြီး အဆိုပါ ဗီတာမင်နဲ့သတ္တုဓာတ်အားလုံး ဘရိုကိုလီမှာ ပါဝင်နေပါတယ်။ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့်ဖြစ်တဲ့ အိုမင်းရင့်ရော်မှုကို တား
ဆီးပေးနိုင်တဲ့ Glucoraphanin လို့ခေါ်တဲ့ phytonutrient (အပင်တစ်ချို့မှာ ပါဝင်တဲ့ ရောဂါကာကွယ်နိုင်စွမ်းရှိတဲ့ ဓာတ်တစ်မျိုး) ဘရိုကိုလီမှာ ကြွယ်ဝစွာ ပါဝင်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ အသားအရေ လှပနုပျိုစေဖို့ စားသုံးသင့်တဲ့ အစားအသောက်စာရင်းမှာ ဘရိုကိုလီကို ထိပ်ဆုံးက ထည့်သွင်းထားသင့်ပါတယ်။

နှလုံးကျန်းမာရေး
အထက်မှာ ဖော်ပြထားခဲ့ပြီးတဲ့ Antioxidants တွေအပြင် ဘရိုကိုလီမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ အဆိုပါ အမျှင်ဓာတ်နဲ့ Antioxidants တွေ၊ အခြားသော ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ပေါင်းစပ်လိုက်တဲ့အခါမှာ  ဘရိုကိုလီက သင့်နှလုံးရဲ့ ကျန်းမာရေးအတွက် အလွန်သင့်တော် ကောင်းမွန်တဲ့ အစားအစာတစ်မျိုးဖြစ်လာပါတော့တယ်။ သွေးတွင်းက မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့ကျစေပြီး သွေး လှည့်ပတ်မှုကို ကောင်းမွန်စေနိုင်တာကြောင့် သွေးဖိအားကိုလည်း ပုံမှန်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဘရိုကိုလီမှာ Potassium လည်း ပါဝင်တာကြောင့် သွေးကြောတွေကို ပျော့ပြောင်းစေပြီး သွေးစီးဆင်းမှုကိုလည်း ပိုမိုအားကောင်းစေကာ နှလုံးနဲ့ နှလုံးသွေးကြောတွေရဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေနိုင်ပါတယ်။ ဘရိုကိုလီကို ရေနွေးငွေ့နဲ့ ပေါင်းလိုက်တဲ့အခါမှာ ပါဝင်တဲ့ အမျှင်ဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူဖို့ပိုပြီး လွယ်ကူသွားတာကို လေ့လာမှုတွေ ပြုလုပ်ပြီး တွေ့ရှိခဲ့ရ ပါတယ်။ ဒါကြောင့် ဘရိုကိုလီရဲ့ ရှိရင်းစွဲအာနိသင်ကို ပိုပြီး ထက်မြက်လာစေချင်တယ်ဆိုရင် ပေါင်းဖို့အချိန်မပေးနိုင်ရင်တောင် ရေနွေးဖျောပြီး စား ပေးတာမျိုး ပြုလုပ်သင့်ပါတယ်။ 

မျက်စိကျန်းမာရေး
ဘရိုကိုလီမှာ ပါဝင်တဲ့ Zeaxanthin ၊ Beta-carotene ၊ ဗီတာမင် A ၊ ဗီတာမင်B complex ၊ ဗီတာမင် C ၊ ဗီတာမင် E နဲ့ Phosphorus စတဲ့ အာဟာရဓာတ်တွေက မျက်လုံးရဲ့ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ ဖြည်စွက်အာဟာရ ဓာတ်များဖြစ်ပါတယ်။ အသက်အရွယ်ကြောင့် ဖြစ်တဲ့ macular degeneration နဲ့ မျက်စိတိမ် ရောဂါများကို ဘရိုကိုလီမှာပါဝင်တဲ့ ဗီတာမင် နဲ့သတ္တုဓာတ်တွေက ကာကွယ်ပေးနိုင်သလို ရောဂါထပ်မတိုးအောင်လည်း တားဆီးပေးနိုင်တယ်လို့ သိရပါတယ်။ 

ကိုယ်ခံအားကောင်းစေဖို့ 
ဘရိုကိုလီကို အစိမ်းရောင်ဖြစ်စေတာက ပါဝင်တဲ့ ဗီတာမင် C ၊ Beta-carotene ၊ Copper ၊ Zinc နဲ့ Phosphorusတို့ ရဲ့ ဂုဏ်သတ္တိကြောင့် ဖြစ်ပါတယ်။ အဆိုပါ ဓာတ်ပေါင်းတွေက စားသုံးလိုက်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားစနစ်ကောင်းမွန်လာဖို့ အထောက်အကူပြုပါတယ်။ သင့်ရဲ့ ကိုယ်ခံစွမ်းအားကောင်းမွန်နေမယ်ဆိုရင် သာမန် အပရိက ဖျားနာမှုမျိုးတွေကိုသာမက ကြီးမားတဲ့ ကူးစက်ရောဂါတွေ ခန္ဓာကိုယ်ထဲ ဝင်ရောက်တိုက်ခိုက်ခြင်းမျိုးကိုတောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အလုံးစုံသော ကျန်းမာရေးကောင်းမွန်စေဖို့ သင့်ရဲ့ ကိုယ်ခံစွမ်းအားမြင့်မားနေဖို့လိုအပ်ပြီး ကိုယ်ခံအားကောင်းမွန်စေဖို့ကိုတော့ ဘရိုကိုလီက ကူညီပေးနိုင်ပါတယ်။ 

ကိုယ်ဝန်ဆောင်မိခင်များအတွက် 
ဘရိုကိုလီမှာ  ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တော်တော်များများ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များအတွက် နေ့စဉ်မရှိမဖြစ် လိုအပ်တဲ့ ပရိုတိန်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန် ကြုံတွေ့ရလေ့ရှိတဲ့ ဝမ်းချုပ်တဲ့ ပြဿနာကိုလည်း ဖြေရှင်းပြီးသားဖြစ်စေပါတယ်။ ရင်သွေးငယ်ကျန်းမာရေးနဲ့ ကိုယ်အင်္ဂါအစုံအလင်ဖွံ့ဖြိုးလာဖို့ မရှိမဖြစ်လိုအပ်တဲ့ Folate ပါဝင်ခြင်းက ဘရိုကိုလီကို ကိုယ်ဝန်ဆောင်မိခင်တိုင်း စားပေးသင့်တဲ့ အစားအစာတစ်မျိုး ဖြစ်လာစေပါတယ်။ 
Ref ;    Top Benefits of Broccoli