ဆံပင်ကျွတ်တဲ့အခါ သဘာဝနည်းကိုအားကိုးပါ

ဆံပင်ကျွတ်တဲ့ ပြဿနာက ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီးမရွေး ကြုံတွေ့နိုင်တဲ့ ပြဿနာဖြစ်ပြီး သင့်ရဲ့အပြင်ပိုင်းက ရုပ်ရည်သွင်ပြင်ကို ထိခိုက်စေရုံသာမကပဲ စိတ်ပိုင်းဆိုင်ရာခံစားမှုကိုပါ အကြီးအကျယ် ထိခိုက်မှုရှိစေနိုင်တဲ့ ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ သန်စွမ်းလှပတဲ့ ဆံပင်တွေကို ပိုင်ဆိုင်ထားတာက ကျန်းမာနုပျိုမှု၊ လှပတင့်တယ်မှုတွေနဲ့ ဆက်စပ်မှုရှိနေတယ်လို့ လူအများစု လက်ခံထားလေ့ရှိတာကြောင့် ဆံပင်တွေကျွတ်ပြီး ဦးရေပြားတွေပေါ်လာတာက လူတစ်ချို့အတွက်တော့ အင်မတန်ထိတ်လန့်စရာကောင်းတဲ့ အရာပါပဲ။

ဆံပင်ကျွတ်တယ်ဆိုတာက သဘာဝအရ ဆံပင်ရဲ့ သက်တမ်းကုန်ဆုံးသွားလို့ ဖြစ်ပါတယ်။ ဆံပင်သန်တယ်လို့ သတ်မှတ်နိုင်တဲ့ အရွယ်ရောက်ပြီးလူတစ်ယောက်ရဲ့ ဦးရေပြားမှာဆံပင် အပင် ပေါင်း ၁ သိန်းခန့်ရှိနိုင်ပြီး တစ်ရက်ကို အပင် ၁၀၀ ခန့် ကျွတ်နိုင်ပါတယ်။ ဒီထက်ပိုလာမယ်ဆိုရင်တော့ ဆံပင်ပါးလာပြီး ဦးရေပြားတွေ ပေါ်လာတော့မှာဖြစ်ပါတယ်။ ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းတွေ ထဲမှာ အသက်အရွယ်နဲ့ မျိုးရိုးဗီဇစတဲ့အရာတွေ ပါသလို ဆေးလိပ်သောက်ခြင်း၊ ဟော်မုန်းပြောင်းလဲခြင်း၊ စိတ်ဖိစီးမှု၊ ဦးရေပြားရောဂါ အစားအသောက်၊ ဆေးဝါးများ နဲ့ သံဓာတ်ချို့တဲ့ခြင်းတွေ ကြောင့်လည်း ဆံပင်တွေ ကျွတ်နိုင်ပါတယ်။ 

ဆံပင်ကျွတ်တာကို သက်သာအောင်လုပ်နိုင်သလို ထပ်မကျွတ်အောင် ကာကွယ်တာမျိုးလည်း ပြုလုပ်လို့ရနိုင်ပါတယ်။ ဒါပေမဲ့ ဈေးကွက်ထဲမှာရရှိနိုင်တဲ့ အမျိုးမျိုးသော ပစ္စည်းတွေမှာ ဓာတုပစ္စည်းတွေ ပါဝင်လေ့ရှိပြီး အဆိုပါ ဓာတုပစ္စည်းတွေက ယာယီသက်သာသလိုထင်ရပေမယ့် ရေရှည်မှာ ဆံပင်ကျွတ်တာကို ပိုပြီးဆိုးရွားသွားတာမျိုးလည်း ဖြစ်စေနိုင်တာကြောင့် ဆံပင်ကျွတ်တဲ့ ပြဿနာကိုဖြေရှင်းတဲ့အခါမှာ အတတ်နိုင်ဆုံး သဘာဝနည်းလမ်းတွေကို အသုံးပြုသင့်တယ်လို့ ပညာရှင်တွေ အကြံပြုထားတာကိုလည်း တွေ့ရပါတယ်။ သင့်ရဲ့ဆံပင်ကျွတ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ ဘယ်လို သဘာဝ ပစ္စည်းတွေကိုအားကိုးနိုင်ပါသလဲ။ 

အုန်းနို့
ဆံပင်တွေ လှပသန်စွမ်းဖို့ အသုံးပြုကြတဲ့ သဘာဝပစ္စည်းတွေထဲမှာ နာမည်အကြီးဆုံး ပစ္စည်းတစ်မျိုးကို ပြပါဆိုရင် အုန်းဆီကို ပြနိုင်ပါတယ်။ ဒါပေမဲ့ ဆံပင်ကျွတ်တာကို အစွမ်းထက်ထက် ကာကွယ်ပေးနိုင်တာက အုန်းနို့ဆိုတာကိုတော့ လူတွေ သိပ်မသိကြပါဘူး။ မှန်ပါတယ်။ အုန်းနို့မှာ ဆံပင်တွေကို အရှည်မြန်စေပြီး သန်စွမ်းစေတဲ့ ပိုတက်ဆီယမ်၊ သံဓာတ် နဲ့ Fatty Acids စတဲ့ အာဟာရဓာတ်တွေ ကွယ်ဝစွာပါဝင်နေတာကြောင့် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိနေပါတယ်။ ဒါ့အပြင် အုန်းနို့မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက ဦးရေပြားထဲကို တိုက်ရိုက်စိမ့်ဝင်နိုင်စွမ်းရှိပြီး ရေဓာတ်ကိုလည်း ဖြည့်တင်းပေးနိုင်သလို ပြင်ပကအပူဒဏ်နဲ့ အခြားအဆိပ်အတောက် ဖြစ်စေမယ့် အရာတွေ ဦးရေပြားနဲ့ဆံပင်ရဲ့အမြစ် 
တွေဆီ ရောက်ရှိမလာအောင်လည်း တားဆီးပေးနိုင်တယ်လို့ သိရပါတယ်။ အုန်းနို့မှာပါတဲ့  Fatty Acids က ဆံပင်တွေ ကျိုးကြေပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပြီး ဆံပင်တစ်ချောင်းချင်းစီကို သန်မာလာစေနိုင်တဲ့ အာနိသင်လည်းရှိနေပါသေး တယ်။ လတ်ဆတ်ပြီး သန့်ရှင်းတဲ့ အုန်းနို့ရည်ကို ခေါင်းမလျှော်ခင် ဦးရေပြားထိစိမ့်ဝင်အောင် လိမ်း ပေးထားလိုက်ရုံပါပဲ။ သိသာတဲ့ ရလဒ်ကို အကြိမ်ရေအနည်းငယ် လုပ်ပေးရုံနဲ့ သင်ကိုယ်တိုင် တွေ့ မြင်လာမှာဖြစ်ပါတယ်။

ကြက်ဥ
ကြက်ဥနဲ့ ဆံပင်ကိုပေါင်းတင်တာကတော့ လူတိုင်းနီးပါး ကြားဖူး၊ ပြုလုပ်ဖူးတဲ့ နည်းတစ်မျိုး ဖြစ်နိုင်ပါတယ်။ ဒီနည်းလမ်းကဆံပင်ကျွတ်ခြင်းကို သဘာဝပစ္စည်းတွေနဲ့ ကုသတဲ့ နည်းလမ်းတွေထဲမှာ ရှေးအကျဆုံးနည်းတစ်နည်းဖြစ်တယ်လို့ တောင်ဆိုနိုင်ပါသေးတယ်။ ကြက်ဥအကာမှာ  Iodine ၊ Selenium ၊ Phosphorous ၊ Iron ၊ Sulfur ၊ Zinc စတဲ့  အာဟာရဓာတ်တွေ ပါဝင်ပြီး အဆိုပါ  သတ္တုဓာတ်တွေက ဆံပင်ရဲ့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဥအကာနဲ့ ဆံပင်တွေ၊ ဦးရေပြား တွေကို နှံ့အောင်သုတ်လိမ်းပြီး ပေါင်းတင်ပေးခြင်းက ဆံပင်ကျွတ်ခြင်းကို သက်သာစေရုံမကဘဲ ကျွတ်သွားတဲ့ ဆံပင်တွေ ပြန်ပေါက်လာအောင်ပါ ကူညီပေးနိုင်ပါလိမ့်မယ်။ 

ကြက်သွန်နီရည်
ဒီနည်းလမ်းကတော့ အနည်းငယ် ကရိကထနိုင်ပြီး အလုပ်ပိုစေနိုင်မယ့် နည်းတစ်နည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကြက်သွန်နီ သတ္တုရည်ကို ဦးရေပြားပေါ် တိုက်ရိုက်လိမ်းကျံပေးရမယ့် နည်းလမ်းဖြစ်ပါတယ်။ မီးဖိုချောင်တိုင်းမှာ  အမြဲရှိနေတတ်တဲ့ ကြက်သွန်နီတွေဟာ သင့်ဆံပင်ရဲ့ ကျန်းမာရေးအတွက် အသုံးပြုရတဲ့ ဈေးကြီးတဲ့ ပစ္စည်းတွေ၊ ဆေးဝါးတွေ ထက်ပိုပြီး အစွမ်းထက်တယ်လို့ဆိုလိုက်ရင် သင်အံ့အားသင့် သွားနိုင်ပါတယ်။ မှန်ပါတယ်၊ ကြက်သွန်နီမှာ  Sulfur ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ဦးရေပြားရဲ့ သွေးလှည့်ပတ်မှုကိုကောင်းမွန်စေနိုင်ပါတယ်။ ဦးရေပြားကိုသွေးစီးဆင်းမှုနည်းရင် လိုအပ်တဲ့ အောက်ဆီဂျင်ထောက်ပံ့မှုကိုအပြည့်အ၀ မရရှိနိုင်တော့ဘဲဆဲလ်တွေ အချိန်မတန်ခင် သေဆုံးကုန်တာမျိုးဖြစ်စေနိုင်ပြီးနောက်ဆက်တွဲအနေနဲ့ ဆံပင်တွေကျွတ်လာနိုင်ပါတယ်။ Sulfur က ဆံပင်ပေါက်မယ့် မွေးညင်းပေါက်လေးတွေကိုအသစ်ပြန်လည်ဖြစ်ပေါ်စေဖို့ ကူညီပေးနိုင်သလို ကျွတ်သွားတဲ့ ဆံပင်တွေနေရာမှာ ဆံပင်တွေ အသစ်ပြန်လည်ပေါက်လာစေဖို့ မရှိမဖြစ်လိုအပ်တဲ့ Collagen တွေထုတ်လုပ်မှုကိုလည်း ပိုပြီးအားကောင်းစေနိုင်ပါသေးတယ်။ ဒါ့အပြင် ကြက်သွန်နီရည်မှာ Antibacterial အာနိသင်လည်းရှိတာကြောင့် ဦးရေပြားကို ပြင်ပကရောဂါပိုး တွေ ကူးစက်ဝင်ရောက်မှုကြောင့် ဖြစ်တတ်တဲ့ ဆံပင်တွေ ကျွတ်တဲ့ ပြဿနာကိုလည်းဖြေရှင်းပြီးသား ဖြစ်စေပါတယ်။ ကြက်သွန်နီကို ကြိတ်ပြီးရလာတဲ့ သတ္တုရည်ကို ခေါင်းမလျှော်ခင် ၁၅ မိနစ်ခန့် ကြိုလိမ်းပေးထားရုံပါပဲ။ အကြိမ်အနည်းငယ် ပြုလုပ်ပြီးနောက် သင့်ရဲ့ဘီးမှာပါလာတဲ့ ဆံပင်အရေအတွက် နည်းလာတဲ့အခါ ကြက်သွန်နီကို သတ္တုရည်ရအောင် ကြိတ်ရခြင်း၊ အနံ့ပျောက်အောင် ခေါင်းသေချာလျှော်ရခြင်းစတဲ့ ကရိကထတွေ ခံရခြင်းကို တန်တယ်လို့ သင်ခံစားလာရပါလိမ့်မယ်။

အာလူးရည်
ဆံပင်ကျွတ်တာက ဆံပင်ရဲ့သက်တမ်းကုန်ဆုံးသွားလို့ဖြစ်ပြီး ဆံပင်တွေ သက်တမ်းမစေ့ခင် အကျွတ်များလာတာက ဆံပင်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အပြည့်အ၀ မရရှိတာကြောင့် ဖြစ်နိုင်ပါတယ်။ သင့်ဆံပင်တွေ အကျွတ်များလာရုံမက၊ ခြောက်သွေ့ပြီးပါးလာတာ၊ ပြတ်ထွက်တာ၊ နှစ်ခွတွေ ဖြစ်လာတာစတဲ့ ပြဿနာတွေ ကြုံလာရပြီဆိုရင်တော့ မီးဖိုချောင်ထဲကအာလူးကို  အားကိုးလိုက်ပါ။ အာလူးမှာဗီတာမင် B6 ၊ ဗီတာမင် A နဲ့ ဗီတာမင် C စတဲ့ ဗီတာမင်တွေ ပမာဏများများပါရှိပါတယ်။ ဒါ့အပြင် Phosphorous ၊ Maganese ၊ Calcium ၊ Niacin စတဲ့ သတ္တု ဓာတ်တွေပါဝင်ပြီးအားလုံးက ဆံပင်နဲ့ ဦးရေပြား ရဲ့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာ မင် နဲ့သတ္တုဓာတ်တွေချည်းပါပဲ။ လတ်ဆတ်တဲ့ အာလူးသတ္တုရည်ကို ဦးရေပြားပေါ် တိုက်ရိုက်လိမ်းကျံပေးတဲ့အခါမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက ဆံပင်ရဲ့ မွေးညင်းပေါက်တွေထဲက ဆံပင် ရဲ့အမြစ်တွေဆီကို ရောက်ရှိသွားမှာဖြစ်ပြီး ဆံပင်တွေ ခြောက်သွေ့ပြတ်ထွက်ခြင်းကို တားဆီးပေးကာဆံပင်ကျွတ်ခြင်းကိုလည်း သက်သာလာစေမှာ ဖြစ်ပါတယ်။ 

နွယ်ချို
ဆံပင်ရဲ့ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပြီး လူသိပ်မသိသေးတဲ့ သဘာဝပစ္စည်းတစ်မျိုး ရှိနေပါသေးတယ်။ ပရဆေးဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရတဲ့ နွယ်ချိုပဲဖြစ်ပါတယ်။ နွယ်ချိုမှာ ဗောက်ထခြင်းနဲ့ ဦးရေပြားယားယံခြင်း
ကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတယ်လို့ သိရပါတယ်။ ဗောက်ထခြင်းနဲ့ ဦးရေပြားယားယံခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့ မွေးညင်းပေါက်တွေ ပိတ်ဆို့ပြီး ဆံပင်တွေကျွတ်လာစေနိုင်ပါတယ်။ နွယ်ချိုကိုအသုံးပြုပြီး ဆံပင်ကျွတ်တဲ့ပြဿနာကို
ဖြေရှင်းဖို့အတွက် နည်းလမ်းကတော့ လွယ်ကူပါ တယ်။ နွယ်ချိုအမြစ်ကို နို့ရည်ထဲမှာ တစ်ညလောက်စိမ်ထားပြီး ပျော့လာတဲ့အခါမှာ ကြေညက်သွားအောင်ချေပြီး ဦးရေပြားပေါ် လိမ်းကျံပေးရုံပါပဲ။ အကယ်၍ နွယ်ချိုမှုန့် ရလာတယ်ဆိုရင် ရေ (သို့) နို့နဲ့ဖျော်ပြီး လိမ်းပေးလို့လည်းရပါတယ်။ ဒီနည်းလမ်းက မွေးညင်းပေါက်တွေ အားနည်းပြီး ဆံပင်ပြန်ပေါက်ဖို့ ခက်ခဲနေသူတွေမှာတောင် ဆံပင်တွေ ပြန်ပေါက်လာနိုင်အောင် အကူအညီဖြစ်စေ တယ်လို့ သိရပါတယ်။

ဆံပင်တွေ ရုတ်တရက် ပုံမှန်ထက် ပိုကျွတ်လာတယ်ဆိုတာက သင့်ရဲ့ အနေအထိုင်နဲ့ အစားအသောက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အာဟာရပြည့်ဝအောင် စားသောက်ပေးဖို့လိုအပ်ပြီး ပုံမှန်ကိုယ်လက်လှုပ်ရှားမှု တစ်မျိုးမျိုးပြုလုပ်တာ၊ အိပ်ချိန်စားချိန်မှန်အောင် ဂရုစိုက်ပေးတာမျိုးတွေ ပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။ စိတ်ဖိစီးမှုများရင်လည်း ဆံပင်ကျွတ်နိုင်တာကြောင့် သင့်မှာဖိစီးမှု တစ်မျိုးမျိုးရှိနေသလားဆိုတာကိုလည်း ပြန်လည် ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။ 
Ref ;    Natural remedies that will stop hair loss and boost hair growth