နေရောင်ကို ၁၀၀% မရှောင်ပါနဲ့

နွေရာသီကို ပီပီပြင်ပြင်ရောက်ရှိလာပါပြီ။ ပူပြင်းတဲ့ အပူချိန်ကြောင့် နေရောင်နဲ့ထိတွေ့ဖို့ တတ်နိုင်သလောင်ရှောင်ကြပြီး နေရောင်မထိအောင် ကာကြကွယ်ကြရတဲ့ အချိန်လည်း ဖြစ်ပါတယ်။ နေရောင်ကာလိမ်းဆေးတွေနဲ့ သင်တို့ ကျွန်ုပ်တို့ရဲ့ အရေပြားကိုနေရောင်ခြည်နဲ့ မထိအောင် ကာကွယ်နေရတဲ့ အချိန်မှာကျန်းမာရေးနဲ့ အသက်ရှင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ နေရောင်ခြည်ကနေရမယ့် အကျိုးကျေးဇူးတစ်ခုကိုတော့ ခေတ္တ မေ့နေကြမယ်လို့ ထင်ပါတယ်။ နေရောင်ခြည် ဗီတာမင်လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဗီတာမင် D အမျိုးအစားကို ကျွန်ုပ်တို့နေရောင်ခြည်ကနေတစ်ဆင့်သာ ပြည့်ပြည့်၀၀ ရရှိနိုင်ပါတယ်။ အိုဇုန်းလွှာပေါက်ပြဲမှုကြောင့် နေရောင်ခြည်ထဲမှာ ကျန်းမာရေးကိုထိခိုက်စေတဲ့ ခရမ်းလွန်ရောင်ခြည်ပါဝင်မှု ညွှန်းကိန်းမြင့်မားလာတာနဲ့အတူ နေရောင်ခြည်နဲ့ ထိတွေ့မှုကို အလွန်အမင်းရှောင်ကြတာကြောင့်  ဗီတာမင် D ချို့တဲ့တဲ့ ပြဿနာကိုခံစားနေရတဲ့ လူဦးရေပမာဏလည်း မြင့်တက်လာပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဗီတာ မင် D အကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

ဗီတာမင် D ဆိုတာ
ဗီတာမင် D ဆိုတာ သင်တို့၊ ကျွန်ုပ်တို့ ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ Fat-soluble secosteroids အုပ်စုထဲမှာ ပါဝင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်ပြီး စားသုံးလိုက်တဲ့အစားအသောက်များထံမှ ကယ်လ်ဆီယမ်ဓာတ်တို့၊ ဖော့စ်ဖိတ်ဓာတ်တို့ကို ခန္ဓာကိုယ်က ဗီတာမင် D ရဲ့ အကူအညီနဲ့သာ စုပ်ယူနိုင်ပါတယ်။ ဗီတာမင် D  ကို အစားအသောက်များမှတစ်ဆင့် တိုက်ရိုက်ရရှိနိုင်ဖို့ခဲယဉ်းပြီး နေရောင်ခြည်နဲ့ထိတွေ့လိုက်တဲ့အခါမှသာ ခန္ဓာကိုယ်က ထုတ်လုပ်ပေးတာကလည်း အခြားသောဗီတာမင်များနဲ့ မတူဘဲထူးခြားတဲ့ အချက်ဖြစ်ပါတယ်။ 

ဗီတာမင် D အမျိုးအစားများ
ဗီတာမင် D ကို D2 (သို့) Ergocalciferolနဲ့ D3  Cholecalciferol ဆိုပြီး အမျိုးအစား ၂ မျိုး ခွဲနိုင်ပါတယ်။ D2 အမျိုးအစား ဗီတာမင် D ကို ဗီတာမင်ဓာတ်ပါအောင် ပြုပြင်စီမံထားတဲ့ အစားအသောက်များ၊ ဟင်းသီးဟင်းရွက်စတဲ့ အပင်ကရတဲ့ အစားအစာများနဲ့ ဖြည့်စွက်စာများမှ တစ်ဆင့်ရရှိနိုင်ပါတယ်။ ဗီတာမင် D3 ကိုတော့ ပြုပြင်ထားတဲ့ အစားအသောက်များ၊ ငါး၊ ကြက်ဥ၊ အသည်း စတဲ့ တိရိစ္ဆာန်ကရတဲ့ အစားအစာများကတစ်ဆင့် ရရှိနိုင်ပြီး အရေပြားကနေရောင်ခြည်နဲ့ ထိတွေ့လိုက်တဲ့အချိန်မှာ ခန္ဓာကိုယ်ကလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။ 

ခန္ဓာကိုယ်က နေရောင်ခြည်ကို ဗီတာမင် D အဖြစ် ပြောင်းလဲခြင်း
နေရောင်ခြည်ထဲမှာပါဝင်တဲ့ UVB လို့ လူသိများတဲ့ ခရမ်းလွန်ရောင်ခြည် B က အရေပြားထဲ မှာရှိတဲ့ ကိုလက်စထရောတွေကို ဗီတာမင် D အဖြစ်  ပြောင်းလဲစေပါတယ်။ အသားအရောင် ခပ်လတ်လတ်ရှိသူတွေနဲ့ အသားဖြူသူလူငယ်တွေအတွက် တစ်ပတ်ကို ၂ ကြိမ်မှ ၃ကြိမ်အထိ နေ့ခင်းနေ့လယ်အချိန်မှာ မိနစ် ၂၀ လောက် နေရောင်ခြည်ထိပေးနိုင်ရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့  ဗီတာမင် D ပမာဏရရှိနိုင်ဖို့ လုံလောက်ပြီး အသားရောင်ပိုရင့်သူတွေနဲ့ အသက်အရွယ်ကြီးသူတွေကတော့ လိုအပ်တဲ့ ဗီတာမင် D ပမာဏရရှိနိုင်ဖို့ နေရောင်ခြည်နဲ့ မကြာမကြာထိတွေ့ပေးဖို့ လိုအပ်တာကိုပညာရှင်တွေ တွေ့ရှိခဲ့ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ဖို့လိုတယ်ဆိုတဲ့အခါမှာ နေဆာလှုံတာမျိုးကို ဆိုလိုတာမဟုတ်လဲ ပြင်ပနေရောင်နဲ့သွားရင်လာရင်း ထိတွေ့ပေးရုံနဲ့လည်း လုံလောက်မှုရှိပါတယ်။ 

ဗီတာမင် D ချို့တဲ့ခြင်း
လူတွေမှာ ဗီတာမင် D ချို့တဲ့လာတာက ကမ္ဘာတစ်ဝန်းကြုံတွေ့လာရတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်လာနေတယ်လို့ ပညာရှင်တွေ သုံးသပ်ထားပါတယ်။ ကမ္ဘာမှာ ဗီတာမင် D ချို့တဲ့တဲ့ ပြဿနာခံစားနေရသူ သန်းတစ်ထောင်နီးပါးရှိတယ်လို့ ခန့်မှန်းထားပါတယ်။ အသားရောင် ရင့်တဲ့သူတွေ၊ သက်ကြီးသူတွေနဲ့ အ၀လွန်နေတဲ့ သူတွေမှာ ဗီတာမင် D ချို့တဲ့နေတာမျိုး အဖြစ်များတယ်လို့လည်းသိရပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် D အလုံအလောက်ရှိမရှိကို သွေးစစ်ရုံနဲ့ သိနိုင်ပါတယ်။ The Institute of Medicine က ထုတ်ပြန်ထားတဲ့ အသက်အရွယ်အုပ်စုအ လိုက် တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် D ပမာဏတွေကတော့ အသက် ၁ နှစ်မှ ၇၀ နှစ်အတွက် ဗီတာမင် D 600 IU ၊ အသက် ၇၀ နှစ်နဲ့အထက် 800 IU ၊ ကိုယ်ဝန်ဆောင် နဲ့ နို့တိုက်မိခင်များအတွက် 600IU ဆိုပြီး သတ်မှတ်ပေးထားပါတယ်။ အဆိုပါ ပမာဏအတိုင်း ဗီတာမင် D မရရှိထားဘူးဆိုရင်တော့ သင့်မှာဗီတာမင် D ဓာတ်ချို့တဲ့နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ 

ဗီတာမင် D ဘာကြောင့်ချို့တဲ့ရတာလဲ
ခန္ဓာကိုယ်ထဲမှာ လုံလောက်တဲ့ဗီတာမင် D ပမာဏမရှိတဲ့အခါမှာ ဗီတာမင် D ချို့တဲ့တဲ့ ကျန်းမာရေးပြဿနာ ဖြစ်ပေါ်လာရပါတယ်။ လူအတော်များများနေရောင်နဲ့ ထိတွေ့မှုများတာ ကြောင့် အရေပြားရောဂါပြဿနာတွေနဲ့ ကြုံတွေ့နေရချိန်မှာတောင် ဗီတာမင် D ချို့တဲ့မှုက ကမ္ဘာတစ်ဝန်း ကျန်းမာရေးပြဿနာ တစ်ခုဖြစ်နေတာက ပညာရှင်တွေအတွက် ခေါင်းခဲစရာကိစ္စ တစ်ခု ဖြစ်နေခဲ့ပါတယ်။ ဗီတာမင် D ချို့တဲ့ရတဲ့ အကြောင်းအရင်း တစ်ချို့ရှိနေပါတယ်။ 

အထက်မှာဖော်ပြထားခဲ့သလိုပဲ နေရောင်ခြည်ဟာ ဗီတာမင် D ရရှိနိုင်တဲ့ အဓိကရင်းမြစ်တစ်ခုဖြစ်ပြီး နေရောင်ခြည်နဲ့ ထိတွေ့မှုကိုကန့်သတ်ထားခြင်းက ဗီတာမင် Dချို့တဲ့ရခြင်းရဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ 

အရေပြားကင်ဆာနဲ့ အသားအရေအိုမင်းမှုကို ကာကွယ်ဖို့အတွက် နေရောင်ကာလိမ်းဆေးတွေကို အလွန်အမင်းအသုံးပြုခြင်းကလည်း နောက်ထပ် ဗီတာမင် D ချို့တဲ့ရတဲ့ အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။ SPF 30 ပါဝင်တဲ့ နေရောင်ကာလိမ်းဆေး အသုံးပြုသူတွေရဲ့ အရေပြားမှာဗီတာမင် D ထုတ်လုပ်မှု ပိုပြီးလျော့နည်းနေနိုင်တယ်လို့ ပညာရှင်တွေဆိုထားပါတယ်။ ခန္ဓာကိုယ်ကဗီတာမင် D ထုတ်လုပ်မှုက ရာသီဥတု၊ နေ့တာကြာရှည်ချိန်၊ အိုဇုန်းပမာဏ၊ ကိုယ်နေနိုင်တဲ့ နေရာရဲ့ လတ္တီ တွဒ်၊ တိမ်ထူထပ်မှု စတဲ့ အခြေအနေတွေပေါ်မှာလည်း မူတည်နေပါသေးတယ်။ အီကွေတာနဲ့ နီးလေလေ ဗီတာမင် D ထွက်ရှိလာဖို့ မရှိမဖြစ်လိုအပ်တဲ့ UVB နေရောင်ထဲမှာ ပါဝင်မှုကလည်း မြင့်မားလေလေဖြစ်ပါတယ်။ ဒါကြောင့် နေရောင်ခြည်ရရှိမှုနည်းတဲ့ ဒေသမှာနေထိုင်သူတွေမှာ ဗီတာမင် D ချို့တဲ့တာမျိုး ပိုမိုကြုံတွေ့ရနိုင်ချေရှိတယ်လို့သိရပါတယ်။ 

နောက်တစ်ချက်ကတော့ သတ်သက်လွတ်စားသုံးတဲ့သူတွေမှာလည်း ဗီတာမင် D ချို့တဲ့ နေနိုင်ပါတယ်။ များသောအားဖြင့် ဗီတာမင် D ကို တိရိစ္ဆာန်အခြေပြု အစားအစာများဖြစ်တဲ့ ငါး၊ ငါးအဆီ၊ ကြက်ဥအနှစ်၊ ချိစ်၊ ပြုပြင်ထားတဲ့ နို့နဲ့နို့ထွက်ပစ္စည်းများ၊ အမဲအသည်းစတဲ့ အစားအစာများမှ တစ်ဆင့်သာ အဓိကရရှိနိုင်တာကြောင့် ဖြစ်ပါတယ်။ 

အသားအရောင် ရင့်တဲ့သူတွေမှာလည်း ဗီတာမင် D ဓာတ် ပိုပြီးချို့တဲ့နိုင်ချေရှိပါတယ်။ 

အသားညိုတဲ့သူတွေမှာ Melanin ဆိုတဲ့ ရောင်ခြယ်တစ်မျိုး ပိုများနေတတ်ပြီး အဆိုပါ ရောင်ခြယ်ပစ္စည်းက နေရောင်မှာ ပါဝင်တဲ့ UVB ကို စုပ်ယူနိုင်ပြီး အရေပြားကဗီတာမင် D ထုတ်လုပ်မှုကို လျော့နည်းစေနိုင်တာကြောင့်ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အ၀လွန်နေတဲ့သူတွေမှာ ဖြစ်ပါတယ်။ Body Mass Index လို့ခေါ်တဲ့ BMI  ညွှန်းကိန်း ၄၀ အထက်ရှိတဲ့ သူတွေမှာ ညွှန်းကိန်း ၄၀ အောက်ရှိသူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ ဗီတာမင် D Serum ၁၈% ခန့် လျော့နည်းနေတာကို သုတေသီတွေ တွေ့ရှိခဲ့ရပါတယ်။

အသက်ကြီးလာတဲ့အခါမှာ ခန္ဓာကိုယ်က နေရောင်ခြည်နဲ့ ထိတွေ့သော်လည်း ဗီတာမင် D ထုတ်လုပ်နိုင်မှု လျော့နည်းလာတာကြောင့် အသက်ကြီးသူတွေမှာလည်း ဗီတာမင် D ချို့တဲ့နေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်တွေ၊ အစာလမ်းကြောင်းမှ တစ်ဆင့် ဗီတာမင် D ကို မစုပ်ယူနိုင်တဲ့ ကျန်းမာရေးပြဿနာရှိနေသူတွေ၊ ကျောက်ကပ်ရောဂါရှိနေသူတွေမှာလည်း ဗီတာမင် D ချို့တဲ့နေတာမျိုး ဖြစ်နိုင်တယ်လို့ သိရပါတယ်။ 

ဗီတာမင် D ချို့တဲ့နေပြီဆိုရင်
ကလေးငယ်တွေမှာ ဗီတာမင် D ချို့တဲ့နေပြီဆိုရင် အကြောဆွဲခြင်း၊ တက်ခြင်းနဲ့ အသက်ရှူခက်ခဲတဲ့ ပြဿနာများဖြစ်လာနိုင်ပါတယ်။ အဆိုပါ လက္ခဏာများက အဓိကအားဖြင့် ကယ်လ်ဆီယမ်ချို့တဲ့ခြင်းကြောင့် ဖြစ်လေ့ရှိပြီး စားသုံးလိုက်တဲ့ အစားအစာများဆီမှ ကယ်လ်ဆီယမ် စုပ် ယူနိုင်ဖို့အတွက် ခန္ဓာကိုယ်ထဲမှာ ဗီတာမင် D ပမာဏ လုံလုံလောက်လောက်မရှိခြင်းရဲ့နောက်ဆက်တွဲ လက္ခဏာများဖြစ်ပါတယ်။ နောက်ထပ် အန္တရာယ်ရှိတဲ့ လက္ခဏာတွေကတော့ ဦးခေါင်းခွံ ပျော့တာ၊ အရိုးတွေပျော့ပြီး ခြေခွင်တာ၊ အရိုးနဲ့ ကြွက်သားတွေနာကျင်ပြီး ကြွက်သားတွေ အားမရှိ တာတွေ ဖြစ်လာနိုင်ပါတယ်။ ကလေးရဲ့အရပ်ရှည် ကြီးထွားမှုကလည်း ဗီတာမင် D ပြည့်ဝမှု ရှိ၊ မရှိနဲ့ သက်ဆိုင်ပြီး ဗီတာမင် D ချို့တဲ့ နေတဲ့ ကလေးတွေဟာ လမ်းလျှောက်နောက်ကျတာ၊ သွားပေါက်နှေးတာတွေ ဖြစ်လေ့ရှိတယ်လို့လည်း ပညာရှင်တွေ သတိပေးထားပါတယ်။ 

အရွယ်ရောက်ပြီးသူတွေမှာတော့ ဗီတာမင် D ချို့တဲ့တဲ့အခါ မောပန်းနွမ်းနယ်ပြီး နေမကောင်းဖြစ်ခြင်း၊ အကြောင်းအရင်းမရှိ ကိုက်ခဲနာကျင်ခြင်း၊ နံရိုးနဲ့ ညှို့သကျည်းရိုးတွေမှာ တစ်ခုခုဖိထားသလို နာကျင်နေခြင်း၊ ခါး၊ တင်ရိုးနဲ့ ခြေထောက်တွေ
နာခြင်း၊ သိမြင်နားလည်နိုင်မှု စွမ်းရည်နိမ့်ကျလာခြင်းစတာတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ 

နောက်ဆက်တွဲရောဂါများ
ဗီတာမင် D က နေ့စဉ်အစားအစာတွေမှာ မပါမဖြစ်ပါရမယ့် Dietary Vitamin အမျိုးအစား မဟုတ်ပေမဲ့ ခန္ဓာကိုယ်ရဲ့အလုံးစုံသော ကျန်းမာရေးအတွက်၊ အဓိကအားဖြင့် အရိုးတွေနဲ့ ကြွက်သားတွေရဲ့ ကျန်းမာရေးအတွက် ခန္ဓာကိုယ်ထဲ မှာ ရှိနေဖို့လိုအပ်ပါတယ်။ ဗီတာမင် D ချို့တဲ့ခြင်းကြောင့် ရေရှည်မှာ ဆီးချိုရောဂါ၊ တီဘီ၊ အရိုးပျော့ရောဂါ၊ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ အရေပြားရောဂါ၊ စိတ်ကျရောဂါ၊ ရင်သားကင်ဆာနဲ့ အချို့သောကင်ဆာရောဂါတွေ ဖြစ်
ပေါ်နိုင်ချေရှိတယ်လို့ ပညာရှင်တွေ သတိပေးထားပါတယ်။ 

ဗီတာမင် D ပြည့်ဝအောင်
ဒါကြောင့် သင့်ခန္ဓာကိုယ်ထဲမှာ ဗီတာမင် D ပြည့်ဝနေအောင် နေထိုင်စားသောက်ပေးဖို့ လိုအပ်ပါတယ်။ နေရောင်ခြည်နဲ့ထိတွေ့လိုက်ရုံနဲ့ ခန္ဓာကိုယ်က ဗီတာမင် D ထုတ်လုပ်ပေးနိုင်ပြီ ဖြစ်တာကြောင့် ဘေးကင်းနိုင်တယ်လို့ ပညာရှင်တွေ ထောက်ခံချက်ပေးထားတဲ့ အတိုင်းအတာတစ်ခုအထိ နေရောင်နဲ့ထိတွေ့ပေးပါ။ ဗီတာမင် D ပါဝင်တဲ့ အစားအသောက်တွေက အလွန်ပင်နည်းသော်လည်း အချို့အစားအသောက်တွေမှာ သဘာဝအတိုင်းဗီတာမင် D ပမာဏ အနည်းငယ်ပါဝင်ပါတယ်။ ချက်ပြုတ်ပြီးသား ဆယ်လ်မွန်  ၆ ကျပ်သားခန့်မှာ ဗီတာမင် D 360 IU  ၊ အသင့်သောက်သုံးနိုင်တဲ့ နို့တစ်ခွက်မှာဗီတာမင် D 98IU ၊ ကြက်ဥတစ်လုံးမှာဗီတာမင် D 20IU စသဖြင့် ပါဝင်ပါတယ်။ လူတစ်ယောက် တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် D ပမာဏက 600IU ခန့် ဖြစ်ပါတယ်။ နေရောင်နဲ့ထိတွေ့မှုလည်း နည်းမယ်၊ အစားအသောက်များက တစ်ဆင့်လည်း ဗီတာမင် D လုံလောက်အောင် မရရှိထားဘဲ၊ သွေးစစ်ကြည့်လို့ ဗီတာမင် D သိသိသာသာလျော့နည်းနေတဲ့အခါ သက်ဆိုင်ရာဆရာဝန်ရဲ့ ညွှန်ကြားမှုနဲ့  ဖြည့်စွက်ဗီတာမင် D ဆေးဝါးတစ်မျိုးမျိုးကို သောက်သုံးနိုင်ပါတယ်။
Ref ;    Vitamin D Deficiency - Causes, Symptoms And Treatment