ကိုယ်ဝန်ဆောင်နေစဉ်မှာ ဒါတွေရှောင်ပါ

အကယ်၍ စာဖတ်သူဟာ မိခင်လောင်းတစ်ဦးဖြစ်ပါသလား။ ဒါဆိုရင် ပထမဦးစွာဝမ်းသာ ဂုဏ်ယူကြောင်း နှုတ်ဆက်စကားဆိုလိုပါတယ်။ သင့်ရဲ့ ရင်သွေးလေးအတွက် သင်စိတ်လှုပ်ရှားနေသလို တစ်ဖက်ကလည်း စိုးရိမ်စိတ်တွေ ၀င်နေနိုင် 
ပါတယ်။ မိခင်လောင်းများစွာဟာ သူတို့ရဲ့ ကျန်း မာရေးထက် ရင်သွေးလေးရဲ့ကျန်းမာရေးကို ပိုပြီး စိတ်ပူတတ်ကြလေ့ရှိပါတယ်။ ကိုယ်မကြိုက်ပေမယ့် ကလေးလေးကြီးထွားဖွံ့ဖြိုးပြီး ကျန်းမာရေးကောင်းဖို့ တစ်ချို့အစားအသောက်တွေကို ကြိတ်မှိတ်စားကြရသလို ကိုယ်ကြိုက်ပေမယ့် ကလေးရဲ့ ကျန်းမာရေးကြောင့် ရှောင်လိုက်ရတဲ့ အစားအသောက်တွေလည်း မိခင်တိုင်းမှာ ရှိပါလိမ့်မယ်။ ဒီတစ်လမှာတော့ မိခင်လောင်းတိုင်း စိတ်ပူမိကြတဲ့ ကိုယ်ဝန်ဆောင်နေစဉ်မှာ ဘယ်လိုအစားအ သောက်တွေကို ရှောင်သင့်သလဲဆိုတဲ့ မေးခွန်းအတွက် အဖြေတစ်ချို့ကို ဖော်ပြပေးချင်ပါတယ်။

သဘောင်္သီး ၊ နာနတ်သီး နဲ့ စပျစ်သီး
အသီးအနှံတွေဆိုတာ သဘာဝအားဖြင့် စားပေးသင့်တဲ့ အစားအစာတစ်မျိုးပါ။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်နေချိန်မှာတော့ ရှောင်သင့်တဲ့ အသီးအနှံတွေ ရှိနေပါတယ်။ သဘောင်္သီးက ကိုယ်ဝန်ဆောင်နေချိန် ရှောင်သင့်တဲ့ အသီးအနှံများ စာရင်းမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။ မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတော်တော်များများရဲ့ ဓလေ့မှာ ကိုယ်ဝန်ဆောင်ချိန် သဘောင်္သီးစားတာက ကလေးကို ထိခိုက်စေနိုင်တယ်လို့ ယူဆထားခဲ့ကြ ပြီး အချို့က ဒါကို အယူအဆအမှားလို့ ဆိုကြပါတယ်။ ဒါပေမဲ့ လေ့လာမှုတွေပြုလုပ်ပြီးနောက် သဘောင်္သီးအစိမ်းနဲ့ မမှည့်တမှည့် သဘောင်္သီးမှာပါရှိတဲ့ အစေးက သားအိမ်ကြွက်သားတွေကို ကျုံ့စေနိုင်ပြီး အချိန်မတိုင်ခင် မီးဖွားတာမျိုးဖြစ်စေနိုင်တာကို တွေ့ရှိခဲ့ပါတယ်။ သဘောင်္သီးအမှည့်ကိုတော့ စိတ်ချလက်ချစားသုံးနိုင်ပါတယ်။ နာနတ်သီးကလည်း ရှောင်ရမယ့် အသီးတစ်မျိုး ဖြစ်ပါတယ်။ ပုံမှန်အချိန်မှာ နာနတ်သီးစားသုံးခြင်းမှ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးရရှိနိုင်ပေမယ့် နာနတ်သီးမှာပါဝင်တဲ့ Bromelain လို့ခေါ်တဲ့ ဓာတ်တစ်မျိုးက ကိုယ်ဝန်ဆောင်မိခင်တွေကို အချိန်မတိုင်ခင် စောမွေးတာမျိုး ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ စပျစ်သီးကိုတော့ မီးဖွားခါနီး လုံးဝ မစားသင့်ဘူးလို့ ဆိုထားပါတယ်။ စပျစ်သီးက ကိုယ်တွင်းအပူချိန်ကို မြင့်တက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင် ၆ လကျော်ချိန်က စလို့ စပျစ်သီးစားတာ၊ စပျစ်သီးဖျော်ရည်သောက်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ 

ကဖိန်း
ကော်ဖီကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးခဲ့မယ်ဆိုရင် ကိုယ်ဝန်ဆောင်ချိန်မှာတာ့ ကော်ဖီသောက်ခြင်းကို ခေတ္တရပ်နားထားသင့်ပါတယ်။ ကဖိန်းဓာတ်က ကိုယ်ဝန်ဆောင်ချိန်မှာ သင်နဲ့ သင့်ကလေးရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ထဲမှာ ကဖိန်းဓာတ်များနေမယ်ဆိုရင် သားလျှောခြင်း၊ မွေးလာတဲ့ကလေးမှာ ကိုယ်အလေးချိန် မပြည့်ခြင်း၊ ဖွံ့ဖြိုးမှုနှေးကွေးခြင်း စတာတွေ ဖြစ်နိုင်တာကို လေ့လာမှုတွေပြုလုပ်ပြီး သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။ ကဖိန်းဓာတ်ဟာ ခန္ဓာကိုယ်က စားသုံးလိုက်တဲ့ အစားအစာများဆီက သံဓာတ်ကိုစုပ်ယူတဲ့ ဖြစ်စဉ်ကိုလည်း နှေးကွေးစေတာကြောင့် သွေးအားနည်းတဲ့ ပြဿနာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ဟာ သူတစ်ယောက်တည်းရဲ့ ကျန်းမာရေးကိုသာမက ရင်သွေးရဲ့ကျန်းမာရေးအတွက်ပါ တာဝန်ယူထားရတာဖြစ်လို့ သွေးအားနည်းတာက ကောင်းတဲ့အချက်တော့မဟုတ်ပါဘူး။ ဒါကြောင့် ကော်ဖီတင်မကဘဲ ကဖိန်းဓာတ်ပါဝင်တဲ့ ဘယ်လိုဖျော်ရည်၊ အစားအစာမျိုးကိုမဆို ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်သင့်ပါတယ်။ 

ပင်လယ်စာ အစိမ်း
လုံးဝ (လုံးဝ) ရှောင်ရမယ့် အစားအစာများစာရင်းမှာ ပင်လယ်စာ အစိမ်းများ ပါဝင်ပါတယ်။ ခရု၊ ဂဏန်း၊ ဂုံး နဲ့ အခွံမာပင်လယ်စာများ၊ မာလင်ငါး၊ ဓားရှည်နှုတ်သီးငါး၊ ငါးမန်းနဲ့ တူနာငါးများမှာ Methyl Mercury ပါဝင်ပြီး ရင်သွေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေတာကြောင့် လုံးဝ မစားသင့်ပါဘူး။ ငါးကြီးဆီ တစ်မျိုးမျိုးကို မှီဝဲမယ်ဆိုရင်တောင်မှာ သင့်ရဲ့ မီးယပ်သားဖွားဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။ မကျက်တကျက်ငါးတွေနဲ့ ဆူရှီကဲ့သို့သော ငါးအစိမ်းများကိုလည်း မစားသင့်ပါဘူး။ သူတို့မှာပါဝင်တဲ့ ဘက်တီးရီးယားတွေက မလိုအပ်တဲ့ ရောဂါပိုးဝင်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

အသားအစိမ်းများ
ပင်လယ်စာ အစိမ်းများနည်းတူ အသားအစိမ်းများကိုလည်း မထိသင့်ပါဘူး။ အသားအစိမ်း တွေကတော့ဖြစ်နိုင်ရင် ဘယ်အချိန်မှာမှ မစားသင့်သလို ကိုယ်ဝန်ဆောင်ထားချိန်မှာတော့ လုံးဝကို ရှောင်သင့်ပါတယ်။ အသားအစိမ်းတွေမှာ ရောဂါပိုးမွှားတွေပါနိုင်ပြီး၊ ချက်ကြိုးမှတစ်ဆင့် ကလေးထံရောက်ရှိပြီး ကလေးရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ကပ်ပါးကောင်တွေလည်း ပါနေနိုင်ပါတယ်။ အသားငါးတွေကို စားတော့မယ်ဆိုတဲ့အခါ စင်ကြယ်အောင် ဆေးကြောပြီး ကျက်အောင်ချက်ပြုတ်ပြီးမှသာ စားသုံးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် အသားအလွန်အကျွံစားတာမျိုးလည်း မလုပ်သင့်ဘူးလို့ ပညာရှင်တွေ သတိပေးထားပါတယ်။ အသည်းတွေကိုလည်း သိပ် မစားသင့်ပါဘူး။ အသည်းမှာ ဗီတာမင် A ပါဝင်မှုမြင့်မားပြီး ကိုယ်ဝန်ဆောင်ချိန် ဗီတာမင် A လိုအပ်တာထက်ပိုသွားရင် ရင်သွေးငယ်ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ 

ကြက်ဥအစိမ်း 
ကြက်ဥအစိမ်းသောက်ပေးရင် အားရှိတယ်လို့ လူအများယူဆထားပါတယ်။ သင်ကိုယ်ဝန် ဆောင်ထားချိန် အားနည်းနေတဲ့ပုံပေါ်နေလို့ အားရှိအောင် ကြက်ဥအစိမ်းသောက်ပါလို့ တစ်ယောက်ယောက်က အကြံလာပေးရင် လက်မခံပါနဲ့။ ကြက်ဥကို အစိမ်းစားခြင်းက အစာအဆိပ်သင့်စေဖို့ အလွန်လွယ်ကူပါတယ်။ အစာအဆိပ်သင့်တာက ကလေးအပေါ်တော့ ထိခိုက်မှုမရှိပေမယ့် မိခင်လောင်းကိုတော့ အင်မတန် နာမကျန်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကြက်ဥတွေကို သေချာကျက်အောင်ပြုလုပ်ပြီးမှ စားသင့်ပြီးဖြစ်နိုင်ရင် စတိုးဆိုင်တွေမှာ ရောင်းတဲ့ ပိုးသတ်ပြီးသား ကြက်ဥတွေကိုသာ စားသုံးသင့်ပါတယ်။

အယ်လ်ကိုဟော နဲ့ ဆေးလိပ်
အယ်လ်ကိုဟော ပါဝင်တဲ့ အဖျော်ယမကာများကိုလည်း ထိဖို့တောင် မစဉ်းစားပါနဲ့လို့ ဆိုချင်ပါတယ်။ အယ်လ်ကိုဟောဟာ မမွေးသေးတဲ့ ရင်သွေးလေးအတွက် အဆိပ်နဲ့ အလားသဏ္ဍာန်တူပါတယ်။ သင်သောက်သုံးလိုက်တဲ့ အယ်လ်ကိုဟော ပမာဏတိုင်းဟာ အချင်းမှတစ်ဆင့် သင့်ကလေးလေးရဲ့ သွေးထဲကို ချက်ချင်းရောက်ရှိသွားမှာဖြစ်ပြီး ကလေးငယ်မှာ မွေးရာပါ ကုသလို့မရတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်သွားနိုင်ပါတယ်။ မိခင်ကိုယ်တိုင် ဆေးလိပ်သောက်တာနဲ့ သူများသောက်တဲ့ ဆေးလိပ်ငွေ့ကို တစ်ဆင့်ရှူမိတာမျိုးကလည်း ကလေးရဲ့ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်က သန္ဓေသားဖွံ့ဖြိုးမှုကို နှေးကွေးစေပြီး၊ အလေးချိန်မပြည့်တဲ့၊ မဖွံ့ဖြိုးတဲ့ ကလေးမွေးဖွားလာတာမျိုးအထိ ဆိုးကျိုးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိခင်ကိုယ်တိုင် ဆေးလိပ်သောက်တာမျိုး မလုပ်သင့်သလို ဆေးလိပ်ငွေ့ကို မရှူမိအောင်လည်း အတတ်နိုင်ဆုံး သတိထားသင့်ပါတယ်။ ဆေးလိပ်က ကိုယ်ဝန်ဆောင်မိခင်တင်မက၊ လူတိုင်းရဲ့ 
ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ လုံးဝမသောက်တာက အကောင်းဆုံးပါပဲ။

အမြန်စား အစားအသောက်များနဲ့ စည်သွပ်ဘူးများ
အသင့်အမြန်စား အစားအသောက်တွေဟာ ကျန်းမာရေးအတွက် ဘယ်တုန်းကမှ မသင့်တော်ခဲ့သလိုပဲ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း စားသုံးဖို့ မသင့်တော်ပါဘူး။ အသင့်အမြန်စား အစားအသောက်တွေကို ဘယ်လိုပြုလုပ်နေသလဲဆိုတာ သင်မသိနိုင်သလို ပါဝင်တဲ့ ပစ္စည်းတွေ၊ အသီးအရွက်၊ အသားငါးတွေ လတ်လတ်ဆတ်ဆတ် ရှိမရှိ၊ ရေသေချာ ဆေး၊ မဆေးဆိုတာလည်း သင်မသိနိုင်ပါဘူး။ သာမန်အချိန်မှာ သင့်ရဲ့ကိုယ်ခံအားစနစ်က တော်ရုံဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေကို မမှုပေမဲ့ သင့်ရဲ့ ၀မ်းဗိုက်ထဲမှာ ရင်သွေးလေးရှိနေတဲ့ အချိန်မှာတော့ ဒါက ပြဿနာကြီး ဖြစ်လာနိုင်ပါတယ်။ ကလေးရဲ့ ကျန်းမာရေးကိုဦးစားပေးပြီး ၉ လခန့် သည်းခံလိုက်ပါလို့ အကြံပြုလိုပါတယ်။ ဒါ့အပြင် စည်သွပ်ဘူးများကိုလည်း မစားသင့်ပါဘူး။ စည်သွပ်ဘူးတွေမှာ ဘက်တီးရီးယားတွေ ပါရှိနေနိုင်သလို ဘူးတွေ ပြုလုပ်ရာမှာ အသုံးပြုတဲ့ Bisphenol A (BPA)ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးကလည်း ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ဖြစ်ပါတယ်။

အမြဲ သတိပြုရန်
ကိုယ်ဝန်ဆောင်တွေအတွက် ရွှေရောင်စည်းမျဉ်းတစ်ခုရှိပါတယ်။ အကယ်၍ ကိစ္စတစ်ခုခုကို သံသယ၀င်လာပြီဆိုတာနဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါဆိုတဲ့ စည်းမျဉ်းပဲဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ခြင်းဆိုတာက အမျိုးသမီးတွေရဲ့ဘ၀မှာ အလှပဆုံး ပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။ ဒါ ကြောင့် စိတ်အေးအေးထားပြီး ပညာရှင်တွေက ရှောင်ကြဉ်ပါလို့ ပြောထားတဲ့အရာများကို ရှောင်ကြဉ်ပြီး ကျန်းမာရေးကောင်းအောင် နေထိုင် နိုင်ဖို့က အရေးကြီးဆုံးကိစ္စတစ်ခုဖြစ်ပါတယ်။ မိခင်ကျန်းမာမှ ရင်သွေးလည်း ကျန်းမာနိုင်မှာပါ။
Ref ;    What Foods To Avoid During Pregnancy