၁ နှစ်မပြည့်ခင်မှာ ကလေးတွေကို ဒီလိုကျွေးပါ

ကလေးတစ်ယောက်ရဲ့ ပထမတစ်နှစ်အရွယ်ဟာ အလွန်အရေးအကြီးတဲ့အချိန်ဖြစ်ပါတယ်။ ဒီကာလအပိုင်းအခြားမှာ ကလေးငယ်လေး ဟာ ပြင်ပက ဘ၀နဲ့ လိုက်လျောညီထွေဖြစ်ဖို့ သင် ယူလေ့လာနေရသလို ကိုယ်တွင်းမှာလည်း ကြီးထွားဖွံ့ဖြိုးလာဖို့ လိုအပ်တာတွေကို လုပ်ဆောင် နေရပါတယ်။ ကလေးငယ်ရဲ့ ဒီဖြစ်စဉ်တွေမှာ တစ်ချို့ကဏ္ဍတွေကို မိဘက ကူညီပေးနိုင်တာမျိုးရှိသလို သူ့ရဲ့ သဘာဝအတိုင်းဖြစ်ရမယ့် အရာ တွေလည်း ရှိပါတယ်။ ကလေးရဲ့ ပထမတစ်နှစ်မှာ အစာစားခြင်းကဏ္ဍက ကြီးထွားဖွံ့ဖြိုးစေဖို့နဲ့ သင်ယူလေ့လာခြင်း အပိုင်း ၂ ပိုင်းလုံးနဲ့ ပတ်သက်နေပြီး မိဘဖြစ်သူက ကူညီပေးနိုင်တဲ့အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကလေး အသက် ၁ နှစ်အရွယ်မတိုင်ခင် အစားစားတဲ့ အလေ့အကျင့်ကောင်းကောင်းရအောင် ပြုစုပျိုးထောင်ပေးနိုင်ဖို့ ပညာရှင်တွေ အကြံပြုထားတဲ့ အချက်အလက်တွေ ကို ဖော်ပြပေးလိုက်ပါတယ်။

ပြင်ပအစာ စတင်ကျွေးနိုင်တဲ့ အချိန်
ပညာရှင်တွေ လေ့လာမှုတွေ၊ သုတေသနတွေ ပြုလုပ်ပြီးနောက် ကလေးကို မိခင်နို့အပြင် အခြားဖြည့်စွက်အစာတွေ စတင်ကျွေးနိုင်တဲ့ အသက်အပိုင်းအခြားက ကလေးအသက် ၄လ ကနေ ၆ လအရွယ်ခန့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကလေးကို အစာစတင်မကျွေးခင်မှာ ကလေးက (အကူအညီနဲ့ဖြစ်စေ) ထိုင်နိုင်တဲ့ အနေအထားရှိရမှာဖြစ်ပြီး ခေါင်းလေးကိုလည်း မတ်မတ်ထောင်ထားနိုင်တဲ့အထိ ကြီးထွားဖွံ့ဖြိုးနေဖို့ လိုအပ်တယ်လို့လည်း သတိပေးထားပါတယ်။ အကယ်
၍ ကလေးက အစာစတင်ကျွေးနိုင်တဲ့ အသက်အပိုင်းအခြားကို ရောက်နေသော်လည်း မထိုင်နိုင်သေးဘူး၊ ခေါင်းမထောင်နိုင်သေးဘူးဆိုရင်တော့  အစာမကျွေးသေးပါနဲ့ဦးလို့ ပညာရှင်တွေ သတိပေးထားပါတယ်။ ဒီအချိန်မတိုင်ခင်အထိတော့ ကလေးကို အတတ်နိုင်ဆုံး မိခင်နို့တစ်မျိုးထဲသာ တိုက်ကျွေးပေးဖို့ ပညာရှင်တွေ အထူးတလည် တိုက်တွန်းထားပါတယ်။

နို့မဖြတ်လိုက်ပါနဲ့ 
ကလေးကို ဖြည့်စွက်အစာတွေ စတင်ကျွေးကာစမှာ သင်သတိထားရမှာက ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်စွက်ပေးတာမျိုးပဲဖြစ်ပြီး မိခင်နို့ (ဒါမှမဟုတ်) နို့ဘူးနဲ့ လုံးလုံး အစားထိုးပစ်လိုက်ရမှာ မဟုတ်ဘူးဆိုတဲ့ အချက်
ပါ။  ဒါကြောင့်အရင်လိုပဲ နို့တိုက်ရင်းနဲ့ ကလေးကို ပြင်ပအစားအစာကို စတင်မိတ်ဆက်ပေးတယ် ဆိုရုံလောက်သာ ကျွေးသင့်ပြီး တစ်ဖြည်းဖြည်းချင်း ကလေးကို အကျင့်လုပ်ပေးရမှာ ဖြစ်ပါတယ်။

ဘာကို စကျွေးသင့်ပါသလဲ
ကလေးကို ပြင်ပ အစားအစာကျွေးနိုင်ပါပြီ။ ဒီအချိန်မှာ ဘယ်လိုအစားအစာမျိုးကို စတင်ပြီး ကျွေးသင့်သလဲဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။ ကလေးတွေအတွက် ထုတ်လုပ်ထားတဲ့ ဆန်မှုန့် ၊ အာဟာရမှုန့်တွေကသာ ပထမဆုံးအဆင့်အတွက် အသင့်တော်ဆုံးဖြစ်တယ်လို့ ပညာရှင်တွေ အကြံပြုထားပါတယ်။ စကျွေးကျွေးခြင်းမှာ အရည်ကျဲကျဲနဲ့သာ စသင့်ပြီး ကလေးက ပြင်ပအစားအစာသစ်ကို လက်ခံလာနိုင်ပြီး အစားအစာရဲ့ထိတွေမှုအသစ်ကို ရင်းနှီးလာပြီးနောက် တစ်ဖြည်းဖြည်းချင်းမှသာ ခပ်ပျစ်ပျစ်လေးဖျော်ပြီး ကျွေးသင့်တယ်လို့လည်း ဆိုထားပါတယ်။

လေ့ကျင့်ပေးပါ
နို့တိုက်နေတဲ့ ကလေးကို ဇွန်းနဲ့ အစာခွံ့တဲ့အခါ အစပိုင်းမှာ ကလေးအတွက် အနည်းငယ် အခက်အခဲဖြစ်နိုင်ပါတယ်။ဒါကြောင့် ဇွန်းရဲ့ အထိအတွေ့နဲ့ အရည်မဟုတ်တော့တဲ့ အစာခပ်ပျော့ပျော့ရဲ့ အထိအတွေ့တွေကို သူ့ရဲ့ပါးစပ်ထဲမှာ ကျင့်သားရဖို့ အချိန်လိုအပ်ပါတယ်။ ဒါကြောင့် အစပိုင်းမှာ လက်ဖက်ရည်ဇွန်း ၁ ဇွန်းကနေ ၂ ဇွန်းအထိလောက်ပဲ ကျွေးပေးပါဦး။ ဖျော်ထားတဲ့ အာဟာရမှုန့် ဘယ်နှစ်ဇွန်း အကုန်ကုန်ရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး မထားဘဲ ကလေးလေးကို အတွေ့အကြုံသစ်နဲ့ အရင်ဆုံးရင်းနှီးအောင် လုပ်ပေးဖို့က ပိုပြီး အရေးကြီးပါတယ်။ ဒါကနောက်ပိုင်းမှာ စတင်လာမယ့် အခြားအစားအစာတွေကို ကျွေးတဲ့ အဆင့်တွေအတွက်လည်း အကူအညီ ဖြစ်စေပါတယ်။ 

တစ်ကြိမ်မှာ တစ်မျိုးပဲကျွေးပါ
ဖြည့်စွက်အာဟာရမှုန့် ကျွေးတဲ့အဆင့် အောင်မြင်ပြီး ကလေးက အစာကို စားနိုင်တဲ့၊ လက်ခံနိုင်တဲ့ အဆင့်ကျော်လွန်ပြီဆိုရင်တော့ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံနဲ့ အသားစတာတွေ အားလုံးကို သင့်ရဲ့ ကလေးလေးကို ကျွေးမယ့် အစားအသောက်စာရင်းထဲမှာ ထည့်သွင်းထားနိုင်ပါတယ်။ ဒါပေမဲ့ ကလေးရဲ့ ခန္ဓာကိုယ်က တုန့်ပြန်မှုတွေကို စောင့်ကြည့်နိုင်ဖို့ တစ်ကြိမ်မှာ အစားအစာအသစ်တစ်မျိုးကိုပဲ စတင်ကျွေးပါလို့ အကြံပြုလိုပါတယ်။ ဒါမှသာ ကလေးလေးက ဘယ် 
လို အစားအစာမျိုးကို နှစ်သက်သလဲ၊ သူ့ရဲ့ ခန္ဓာကိုယ်က ဘယ်လို အစားအစာမျိုးတွေနဲ့ ဓာတ်မတည့်ဘူးလည်းဆိုတာကို သင်သိရှိနိုင်မှာ ဖြစ်ပါတယ်။ အကယ်၍ ပထမဆုံးအစာသစ်ကျွေးတဲ့ အချိန်မှာ ကလေးက မကြိုက်တဲ့ပုံပြရင် အတင်း
အကျပ် ကျွေးတာမျိုး မလုပ်ဘဲ အချိန်အနည်းငယ်ခြားပြီးမှသာ နောက်တစ်ကြိမ်ကြိုးစားကြည့်ပါ။ ကလေးတစ်ယောက်ဟာ အဆိုပါ အစားအစာကို  ၅ ကြိမ်မှ ၁၀ ကြိမ်အထိ ငြင်းဆန်မှသာ ဒီအစားအစာအမျိုးအစားကို သူတကယ် မနှစ်သက်ဘူးလို့ ယူဆလို့ရတာကြောင့် ဒုတိယအကြိမ်ကျွေးတဲ့ အချိန်မှာ ကောင်းကောင်းစားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။  ကလေး မနှစ်သက်တဲ့ အစားအစာတွေကို စားဖို့ အတင်းအကျပ်လုပ်ဆောင်တာက နောက်ပိုင်းမှာ အစားအသောက်ကျွေးရခက်တဲ့အကျင့်ကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အကယ်၍ အစားအသောက်ဓာတ်မတည့်တဲ့ ပြဿနာမျိုးမရှိဘူး၊ အစားအသစ်တွေကိုလည်း ကောင်းကောင်းစားတယ်ဆိုရင် ဆန်၊ ပဲနဲ့ အခြားဟင်းသီးဟင်းရွက်တွေ၊ အသား (သို့) ငါးတစ်မျိုးမျိုး ရောပြုတ်ပြီး ကျေနေအောင်ချေထားတဲ့ အစာမျိုးကို စတင် ကျွေးသင့်ပါပြီ။

နွားနို့ နဲ့ ပျားရည်ကို ရှောင်ပါ
ကလေးအသက် တစ်နှစ်မပြည့်မချင်း မကျွေးဘဲ ရှောင်ရမယ့်အထဲမှာ နွားနို့နဲ့ ပျားရည်ပါဝင်ပါတယ်။ အကြောင်းရင်းကတော့ အရမ်းငယ်သေးတဲ့ ကလေးတွေရဲ့ အစာချေစနစ်က နွားနို့မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို ချေဖျက်ဖို့အတွက် အဆင်သင့် မဖြစ်သေးတာကြောင့် ဖြစ်ပါတယ်။ ပျားရည်ကတော့ အခန့်မသင့်ရင်ကလေးကို အစာအဆိပ်သင့်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက်တစ်နှစ်အောက် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်က စတင်ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် ပျားရည်မှာပါဝင်တဲ့ ဘက်တီးရီးယားတွေက ကလေးလေးကို ဘေးဖြစ်စေနိုင်တာကြောင့် ရှောင်သင့်ပါတယ်။

အတင်းမကျွေးပါနဲ့
သင့်ရဲ့ ကလေးက သူဗိုက်ပြည့်ပြီဆိုတဲ့ အခါမှာ သင့်ကို အချက်ပြပါလိမ့်မယ်။ ဇွန်းကို တွန်းထုတ်တာမျိုး၊ ပါးစပ်မဟတော့တာမျိုး၊ ပါးစပ်ထဲထည့်လိုက်သမျှ ပြန်ထွေးထုတ်တာမျိုးနဲ့ ငိုတာ မျိုးတွေ လုပ်လာပြီဆိုရင် ဒါ သူဗိုက်ပြည့်ပြီဆိုတဲ့ သဘော ဖြစ်ပါတယ်။ ကလေးတွေဟာ သူတို့ဗိုက်ဆာတဲ့အချိန်မှာ စားကြပြီး ဗိုက်ပြည့်သွားရင် ရပ်လိုက်ကြပါတယ်။ သဘာဝအရပါလာတဲ့ သူတို့ရဲ့ ပင်ကိုယ် အသိစိတ်ကို အသိအမှတ်ပြုပြီး  ဒီအခြေအနေမျိုးမှာ အစားထပ်စားဖို့ အတင်းကျွေးတာမျိုး မလုပ်သင့်ဘူးလို့ ပညာရှင်တွေ သတိပေးထားပါတယ်။ ဒါက နောင်မှာ လိုတာထပ် ပိုစားတတ်တဲ့ အကျင့်ဖြစ်သွားနိုင်ပြီး အ၀လွန်တဲ့ ပြဿနာကို မောင်းဖြုတ်ပေးမယ့် ခလုတ်ဖြစ်သွားနိုင်တယ်လို့ ဆိုထားပါတယ်။

ကိုယ်တိုင်စားပါစေ
ကလေးလေးက ကြီးထွားလာတာနဲ့အမျှ အစားကို ကိုယ်ဘာသာကိုယ် စားကြည့်ဖို့ ကြိုးစားလာပါလိမ့်မယ်။ မျက်နှာတွေ၊ လက်တွေ၊ ဆံပင်တွေနဲ့ အ၀တ်အစားတွေမှာ ပေကျံကုန်မှာ စိုးရိမ်တာကြောင့် ကလေးကို တားဆီးတာမျိုး မလုပ်သင့်ပါဘူး။ နောင်မှာ ကိုယ့်ဘာသာကိုယ် အစားအသောက်တွေ စားသောက်နိုင်တဲ့ ကလေးဖြစ်လာအောင် ဒီအရွယ်ကတည်းက လေ့ကျင့်ပေးနိုင်ပါတယ်။ ဒီလို ပေပွပြီး စိတ်ရှုပ်ရတဲ့ ကာလက ကလေးရဲ့သင်ယူနိုင်စွမ်းနဲ့ သင့်ရဲ့ ထိန်းကျောင်းပေးမှုကြောင့် အချိန်အနည်းငယ်အတွင်း ပြီးသွားနိုင်ပေမယ့် ကိုယ်တိုင်မစားတတ်လို့ တစ်ယောက်ယောက်က လိုက်ခွံ့ပေးရတဲ့ အချိန်ကတော့ သင်မထင်ထားလောက်အောင်ကို ကြာမြင့်သွားနိုင်ပါတယ်။ ဒါကြောင့် ကလေးက အစားအစာတွေကို ကိုယ်တိုင်ယူစားလိုတဲ့ ဆန္ဒရှိရင် ခွင့်ပြုပေးလိုက်ပါလို့ ပညာရှင်တွေ တိုက်တွန်းပါတယ်။

လက်နဲ့ စားပါစေ
၉  လ ကနေနောက်ပိုင်းမှာ ကလေးတွေဟာ သူတို့ရဲ့ လက်ချောင်းလေးတွေကို အသုံးပြုနိုင်ပါပြီ။ ဒီအချိန်မှာ နူးညံ့ပြီး ပျော့ပြောင်းတဲ့ အစား 
အစာတွေကို သူတို့လက်ကလေးတွေနဲ့ ယူစား နိုင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။ ဖြည့်စွက်အာဟာရမှုန့် ကျွေးဖို့လိုအပ်သေးသလို နို့လည်း ဆက်တိုက်သင့်ပါသေးတယ်။ ငှက်ပျောသီးလိုမျိုး နူးညံ့ပြီး ပျော့အိတဲ့ အသီးအနှံတွေနဲ့  ကြက်ဥပြုတ်စတာတွေကို အတုံးလေးတွေ လှီးပေးထားပြီး သူတို့ကို အစာကျွေးတဲ့ စားပွဲလေးပေါ်မှာ ချပေးထားနိုင်ပါတယ်။ သကြားလုံး၊ အာလူးကြော် နဲ့ ဘီစကစ်လိုမျိုး မာကျောတဲ့ အစားအစာများကိုတော့ မကျွေးသင့်သေးပါဘူး။ အသီးအရွက်အစိမ်း 
နဲ့ ကလေးနင်နိုင်မယ့် စပျစ်သီးလို့ အသီးတွေကိုလည်း ဒီအချိန်မှာ ရှောင်သင့်ပါတယ်။ 

သင့်ကလေး အစာစတင်စားတဲ့ ပထမတစ်နှစ်ကို ဒီလိုနဲ့ အချိန်ယူပြင်ဆင်ပြီး ဖြတ်သန်းရမှာ ဖြစ်ပါတယ်။ နို့တိုက်နေသေးတာရယ်၊ ဖြည့်စွက်အာဟာရမှုန့်တွေ ကျွေးနေတာကြောင့် အခြားပြင်ပအစားအစာများကို လောဘတကြီးနဲ့ ကျွေးဖို့လည်း မလိုသေးတဲ့ အချိန်ဖြစ်ပါတယ်။ အစားကို ကောင်းကောင်းမွန်မွန် စားတတ်အောင်၊ စားချင်အောင် လေ့ကျင့်ပေးရမယ့် အချိန်ဖြစ်တာကြောင့် စိတ်ရှည်ရမယ့် အချိန်လည်းဖြစ်ပါတယ်။ အကယ်လို့ ဒီအချိန်မှာ သင် စိတ်မရှည်ဘူး ဆိုရင် နောက်ပိုင်းမှာ ထမင်းကျွေးချိန်ရောက်တိုင်း ကလေးနဲ့ရန်ဖြစ်ရပြီး စိတ်မောရတဲ့ အချိန်တွေကို ကြုံတွေ့လာရနိုင်ပါတယ်။ 
Ref;What to Feed Your Baby in Year 1: Starting Solids