ပန်းသီးပုံ ခန္ဓာကိုယ်ပိုင်ရှင်တို့ ကိုယ်အလေးချိန် မြန်မြန်ကျဖို့ဆိုရင်...

ယနေ့ခေတ်မှာ ကိုယ်အလေးချိန် မြန်မြန်ကျစေဖို့ဆိုရင် ကာလကြာရှည် လုပ်ဆောင်စရာမလိုတဲ့ diet နည်းလမ်းတွေ၊ ခေတ်မီစက်ကိရိယာတွေ တပ်ဆင်ထားတဲ့ ကိုယ်လက်လှုပ်ရှား အားကစားရုံတွေ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်နိုင်တဲ့ ခေတ်မီစက်ပစ္စည်းတွေ စသဖြင့် နည်းလမ်းတွေရော အထောက်အကူပြု ပစ္စည်းတွေပါ ပေါများလှပါတယ်။ ကိုယ်အလေးချိန် မြန်မြန်ကျလိုဇောနဲ့ လေ့ကျင့်ခန်းတွေကို အသည်းအသန်လုပ်မိရင် ဒါမှမဟုတ် ကိုယ်နဲ့ကိုက်ညီမှုမရှိတဲ့ diet နည်းလမ်းတွေကို လုပ်ဆောင်မိရင်တော့ ခန္ဓာကိုယ်ကို ထိခိုက်တာတွေ ဖြစ်စေတတ်ပါတယ်။ 

ကိုယ်အလေးချိန်ကို အမှန်တကယ်ဘဲ မြန်မြန်ဆန်ဆန်ကျလိုတယ်ဆိုရင် ပထမဆုံးအနေနဲ့ ကိုယ်ဟာဘယ်လိုခန္ခာကိုယ် အချိုးအစားလဲဆိုတာကို သိထားဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သစ်တော်သီးပုံ ခန္ဓာကိုယ်အချိုးအစား ရှိတဲ့သူတွေအတွက် ကိုယ်အလေးချိန်ကျစေမယ့် နည်းလမ်းတွေဟာ ပန်းသီးပုံ ခန္ဓာကိုယ်အချိုးအစားရှိသူတွေအတွက်တော့ အလုပ်မဖြစ်လို့ပါဘဲ။ 

ပန်းသီးပုံ ခန္ခာကိုယ်ဆိုတာဘာလဲ။ ဘယ်လို အချိုးအစားမျိုးကို ဆိုလိုပါသလဲ။ 
ယျေဘုယျအားဖြင့် ပန်းသီးပုံ ခန္ဓာကိုယ် အချိုးအစားရှိတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ ဝမ်းဗိုက်ပိုင်း၊ နောက်ကျောနဲ့ ရင်ဘတ်ပိုင်းတွေမှာ အဆီပမာဏအများအပြားကို သိုလှောင်တတ်လေ့ ရှိပါ တယ်။ အဲ့ဒီအဆီတွေဟာ ခန္ဓာကိုယ်အတွင်းပိုင်း အင်္ဂါတွေဖြစ်တဲ့ နှလုံး၊ အဆုတ်၊ အစာအိမ်နဲ့ အူတွေ စတာတွေနဲ့ဆက်စပ်နေပြီး သစ်တော်သီးပုံ  ခန္ခာကိုယ်ပိုင်ရှင်တွေလို ပြင်ပမျက်နှာပြင်မှာ မဟုတ်ဘဲကိုယ်တွင်းအင်္ဂါတွေဆီမှာ အဆီကို သိုလှောင်တတ်ပါတယ်။ 

အကျိုးဆက်အနေနဲ့ကတော့ ပန်းသီးပုံ ခန္ဓာကိုယ်ရှိတဲ့ အမျိုးသမီးတွေရဲ့ ကိုယ်တွင်းအင်္ဂါတွေမှာစုဆောင်းထားတဲ့ အဆီပမာဏက များပြား လာပြီဆိုရင် ကိုယ်အလေးချိန်နဲ့ ဆက်စပ်နေတဲ့ ရောဂါတွေဖြစ်တဲ့ သွေးတိုးတာ၊ ကိုလက်စထရောမြင့်တာ၊ အမျိုးအစား ၂ ဆီးချိုနဲ့ လေဖြတ်တာတို့လို အန္တရာယ်တွေ ဖြစ်ပေါ်လာဖို့ အခွင့်အလမ်း ပိုများစေပါတယ်။ 

ပန်းသီးပုံ ခန္ဓာကိုယ်ပိုင်ရှင်တွေအနေနဲ့ အဓိကထားပြီး ရှောင်ရှားရမယ့် အစားအစာကတော့ သကြားဒါမှမဟုတ် အချိုဓာတ်မြင့်မားစွာ ပါဝင်နေတဲ့ အစားအစာတွေဘဲ ဖြစ်ပါတယ်။ သကြားမြင့်မားစွာပါဝင်တဲ့ အစားအစာတွေဟာ ပန်းသီးပုံ ခန္ဓာကိုယ်အချိုးအစားရှိတဲ့ အမျိုးသမီးတွေအတွက်တော့ သေစေတတ်တဲ့အထိ အန္တရာယ်ရှိတယ်လို့ ဆိုနိုင်ပါတယ်။

ခန္ဓာကိုယ်အလယ်ပိုင်းရဲ့ အနီးတစ်ဝိုက်မှာစုဆောင်းသိုမှီးထားတဲ့ အဆီတွေကြောင့် ပန်ကရိယမှာရှိတဲ့ ဘီတာဆဲလ်တွေကအင်ဆူလင်ကို အလုံအလောက် ထုတ်ပေးနိုင်ခြင်းမရှိတော့ဘဲ သွေးတွင်းသကြားဓာတ်ကို ပုံမှန်အနေအထားအတိုင်းထိန်းညှိနိုင်စွမ်းမရှိတာမျိုး ဖြစ်လာပါတယ်။ အဆီဆဲလ်တွေရှိခြင်းရဲ့ အကျိုးဆက်ကတော့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိမပေးနိုင်ဘဲ အမြင့်ဆုံးအထိ မြင့်တက်သွားစေပါတယ်။ ဒီလိုသွေးတွင်းသကြားဓာတ် အမြင့်ဆုံး မြင့်တက်စေ ခြင်းက ပိုနေတဲ့ အချိုဓာတ်တွေကို ဝမ်းဗိုက်ပိုင်းမှာအဆီအဖြစ် စုဆောင်းစေပြန်ပါတယ်။ ခန္ဓာကိုယ်မှာသိုလှောင်ထားတဲ့ အဆီတွေကြောင့် သွေးတွင်း သကြားဓာတ် မြင့်မားစေတယ်၊ သွေးတွင်းသကြား ဓာတ်မြင့်မားတဲ့အခါ ခန္ဓာကိုယ်မှာ အဆီတွေအဖြစ် သိုလှောင်တယ်ဆိုတဲ့ စက်ဝန်းတစ်ခု ဖြစ်လာပါတယ်။ 

အဆီသိုလှောင်တဲ့ စက်ဝန်းကိုရပ်တန့် ထိန်းချုပ်လိုတယ်ဆိုရင်တော့ အချိုဓာတ်မြင့်မားစွာ ပါဝင်တဲ့ အစားအစာတွေနဲ့ အဆင့်ဆင့် ချက်ပြုတ်ပြင်ဆင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေကို မဖြစ်မနေရှောင်ရှားရမှာဘဲ ဖြစ်ပါတယ်။

အချိုဓာတ် မြင့်မားစွာပါဝင်နေတဲ့ အစားအစာတချို့ကတော့  
၁။    အသင့်စားကွေကာတွေနဲ့ ပြုလုပ်ထားတဲ့ မုန့်ချောင်းတွေ (သကြားပါဝင်မှု ၅၆ ရာခိုင်နှုန်းအထက်) 
၂။    ဆော့(စ) အမျိုးမျိုး - ခရမ်းချဉ်သီးဆော့၊ တင်လဲရည်၊ အရွက်သုပ်တွေထဲမှာ သုံးတဲ့ dressing ၊ ချောကလက်အရည် (သကြားပါဝင်မှု ၅၀ ရာခိုင်နှုန်းအထက်) 
၃။    ဂက်(စ) ပါတဲ့ အချိုရည်တွေနဲ့ အချိုရည် အမှုန့်တွေ (သကြားပါဝင်မှု ၉၄ ရာခိုင်နှုန်းအထက်) 
၎။    သကြားခဲ၊ ပျားရည်၊ တင်လဲရည်၊ သကြားညို၊ ပြောင်းဖူးကထုတ်တဲ့ သကြား၊ နို့ဆီတို့လို အချိုအတွက် သုံးတဲ့အရာတွေ (သကြားပါဝင်မှု ၉၉ ရာခိုင်နှုန်းအထက်) 
၅။    သကြားလုံးတွေ၊ သကြား၊ ပျားရည်နဲ့ ကြက်ဥအကာတို့နဲ့ လုပ်ထားတဲ့ မုန့်ချိုခဲ (သကြားပါဝင်မှု ၈၃ ရာခိုင်နှုန်းအထက်) သစ်သီးယိုတွေကိုလည်း မစားရင်ပိုကောင်းပါတယ်။ 
၆။    သစ်သီးခြောက်တွေ၊ သရက်ပြင်တွေလို သစ်သီးနဲ့ ပြုလုပ်ထားတဲ့ မုန့်တွေ၊ သတွတ်သီးခြောက်ဒါမှမဟုတ် သဖန်းသီးခြောက်တွေ၊ စွန်ပလွံသီးအခြောက်၊ ဆီးသီးခြောက်၊ မင်းဂွတ်သီးခြောက်တွေ (သကြားပါဝင်မှုက ၈၁ ရာခိုင်နှုန်းအထက်)
၇။    ကွတ်ကီးတွေ၊ ကိတ်တွေနဲ့ ပိုင်မုန့််တွေ (သကြားပါဝင်မှု ၇၁ ရာခိုင်နှုန်း အထက်)
၈။    သကာရည်ပါဝင်တဲ့ စည်သွပ်သစ်သီးဘူးတွေ  (သကြားပါဝင်မှု ၂၂ ရာခိုင်နှုန်းအထက်)  သစ်သီးတွေဆိုတိုင်းစားသုံးဖို့ စိတ်ချရတာ မဟုတ်ပါဘူး။ စတာတွေဘဲ ဖြစ်ပါတယ်။ 
ပန်းသီးပုံ ခန္ဓာကိုယ် အချိုးအစားရှိသူတွေအတွက် ရွေးချယ်သင့်တဲ့ အစားအစာတွေကတော့ အဆီပါဝင်မှုနည်းတဲ့ အသားတွေနဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဘဲ ဖြစ်ပါတယ်။ 

အဆီနည်းတဲ့အသား
ခန္ဓာကိုယ်မှာ ကြွက်သားများများရှိလေ လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ ကယ်လိုရီတွေ လောင်ကျွမ်းဖို့ လွယ်ကူလေဖြစ်ပါတယ်။ ဒါကြောင့် ဝမ်းဗိုက်ပိုင်းကအဆီတွေကိုလည်း လောင်ကျွမ်းစေပါ လိမ့်မယ်။ အဆီလောင်ကျွမ်းစေတဲ့ ကြွက်သားတွေကို တည်ဆောက်ဖို့ဆိုရင် အသားဓာတ်များများရရှိဖို့ လိုအပ်ပါတယ်။ ကြက်ဆင်ရင်အုံသား၊ ငါးနဲ့ အရိုးမပါ၊ အရေခွံမပါတဲ့ ကြက်ရင်ပုံသားတို့လို အဆီနည်းတဲ့ အစားအစာတွေကိုစားသုံးပေးခြင်းဖြင့် ကြွက်သွားတွေကို လျင်မြန်စွာ တည်ဆောက်ဖို့ အကူအညီဖြစ်စေပါတယ်။ ပြီးတော့ အချိန်အကြာကြီး ကြာတဲ့အထိ ပြည့်အင့်နေတဲ့ ခံစားချက်ကိုလည်း ထိန်းသိမ်းထားပေးပါတယ်။ 

အမျှင်ဓာတ် 
Red velvet cupcake တွေကို ရှောင်ရှားပြီး မုန်လာဥနီနဲ့ ဘရိုကိုလီတို့လို အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးသင့်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးခြင်းဖြင့် အစာခြေတဲ့အဖွဲ့အစည်းက သကြားဓာတ်ကို ချေဖျက်ဖို့ထက် အချိန်ပိုယူရပါတယ်။ ယင်းက အင်ဆူလင်ရေချိန်ကို လျော့ကျစေပြီး အချိန်ကြာကြာဗိုက်ပြည့်စေတဲ့ ခံစားချက်ကို ရရှိအောင် ကူညီပေးပါတယ်။ 

အမျှင်ဓာတ်မြင့်မားစွာပါဝင်တဲ့ အစားအစာတွေကတော့ 
၁။    ပန်းသီး
၂။    ဘရိုကိုလီ
၃။    မုန်လာဥနီ
၎။    မှို
၅။    ဗာဒံစေ့၊ သီဟိုဠ်စေ့တို့လို အခွံမာသီးများ
၆။    ပဲပြားအဖြူ၊ ကုလားပဲ၊ ပဲခေါင်းချွန်းတို့လိုပဲအမျိုးမျိုး
၇။    ကန်စွန်းဥ
၈။    ငရုတ်ကောင်းတို့ပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ် အချိုးအစားအလိုက် Diet လုပ်ခြင်း
အဆီပါဝင်မှုနည်းတဲ့ အစားအစာတွေကို စားသုံးပေးတာက ခန္ဓာကိုယ်အတွက် ကောင်းတယ်ဆိုပေမယ့် သစ်တော်သီးပုံ ခန္ဓာကိုယ်ပိုင်ရှင်တွေအတွက် ပိုပြီးသင့်တော်ပါတယ်။ ပန်းသီးပုံ ခန္ဓာကိုယ်ပိုင်ရှင်တွေကတော့ ဒီိလိုနည်းလမ်းကို သုံးမယ်ဆိုရင် ကိုယ်အလေးချိန်ကျဖို့ နှေးကွေးပါလိမ့်မယ်။ သကြားဓာတ်နည်းပြီး အမျှင်ဓာတ်များတဲ့ အစားအစာတွေကသာ ခန္ဓာကိုယ်အလယ်ရပ်ဝန်းဆီက အဆီတွေကို ကိုင်တွယ်ဖို့အတွက် အဓိကသော့ချက်ဖြစ်ပြီး ပန်းသီးပုံ ခန္ဓာကိုယ်ပိုင်ရှင်တွေအတွက် ကိုယ်အလေးချိန် မြန်မြန်ကျစေတဲ့ အရေးကြီးအရင်းအမြစ်လည်း ဖြစ်ပါတယ်။

အတိုချုပ်ပြီး ပြောရမယ်ဆိုရင်တော့ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ၊ အချိုလျှော့စားပါ၊ အမျှင်ဓာတ်ပါတဲ့ အစားအစာများများစားပေးပါ။ ဒီလိုဆိုရင်တော့ ပန်းသီးပုံ ခန္ဓာကိုယ်ပိုင်ရှင်တစ်ယောက်အနေနဲ့ ကျန်းမာပျော်ရွှင်တဲ့ ဘဝနေနည်းပုံစံကို ထိန်းသိမ်းထားနိုင်ဖို့ သေချာသွားပြီဆိုတဲ့အကြောင်းအကြံပြုရင်း နှုတ်ဆက်လိုက်ပါတယ်။ 

Ref :    Lose Weight Fast for Body Shape: Best Diet & Foods to Achieve Weight Loss for Women with Apple Shaped Bodies