စူပါသီးနှံ စာရင်းဝင် ‘စတော်ဘယ်ရီ’

မြန်မာနိုင်ငံရဲ့ ရာသီဥတုအရ မတ်လ၊ ဧပြီလတွေမှာ လှိုင်လှိုင်ပေါလာတဲ့ စတော်ဘယ်ရီသီးကို အာဟာရဗေဒပညာရှင်များက Super Fruit လို့ ခိုင်းနှိုင်းလေ့ရှိပါတယ်။ ကြွယ်ဝတဲ့ Antioxidant တွေနဲ့ Polyphenolic ဒြပ်ပေါင်းတွေပါဝင်ပြီး အဆိုပါ ဒြပ်ပေါင်းတွေက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်ကောင်းမွန်စေကာ ကင်ဆာရောဂါ အတော်များများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် လွန်ဆန်လို့မရတဲ့ ဇရာရဲ့ လက္ခဏာတွေကို စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ သဘာဝ အာဟာရဓာတ်တွေနဲ့ တွန်းလှန်နိုင်ပါတယ်။ ဒါတွေက စတော်ဘယ်ရီသီး Super ဖြစ်ရတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ စတော်ဘယ်ရီသီးရဲ့ မြောက်များလှစွာသော ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ သွေးဖိအားကို ထိန်း ညှိပေးနိုင်စွမ်း၊ နှလုံးသွေးကြောနဲ့ ပတ်သက်ဆက်နွယ်တဲ့ ရောဂါတွေကိုကာကွယ်နိုင်စွမ်းတွေလည်းပါဝင်ပါတယ်။ ဒါကြောင့် ဈေးကွက်ထဲမှာ အလွယ်တကူပေါပေါများများ ဝယ်လို့ရနေတဲ့ အချိန်၊ အနီရဲရဲ စတော်ဘယ်ရီသီးလေးတွေက သင့်ကိုပိုပြီးဆွဲဆောင်နိုင်အောင် စတော်ဘယ်ရီသီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတစ်ချို့ကို ရှာဖွေ ဖော်ပြပေးလိုက်ပါတယ်။

အမြင်အာရုံအတွက်
ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ Free Radical လို့ခေါ်တဲ့ ဓာတ်ပစ္စည်းများ သို့မဟုတ် ခန္ဓာကိုယ်အတွက်၊ အထူးသဖြင့် အမြင်အာရုံအဖွဲ့အစည်းအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ချို့တဲ့လာတဲ့အခါမှာ မျက်လုံးနဲ့ ပတ်
သက်တဲ့ ရောဂါဝေဒနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အသက်ကြီးလာလို့ အာဟာရဓာတ်တွေ ချို့တဲ့နေတဲ့အခါမှာ ပြင်ပကနေဝင်လာတဲ့ ဆိုးကျိုးဖြစ်စေတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ (Harmful Antioxidant)၊ Free Radical တွေနဲ့ နေရဲ့ ခရမ်းလွန်ရောင်ခြည်တွေက အမြင်အာရုံကို ဆိုးဆိုးဝါးဝါး အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေပါတယ်။ တိမ်စွဲခြင်း၊ မျက်ရည် ခမ်းခြောက်ခြင်း၊ အမြင်အာရုံေ ကြာတွေ ယိုယွင်းလာခြင်း၊ အမြင်အာရုံချို့တဲ့လာခြင်းနဲ့ မျက်လုံးမှာထိခိုက်ဒဏ်ရာရလွယ် ပြီး ဒဏ်ရာကတဆင့် ရောဂါပိုးကူးစက်ခံရတာ စတာတွေ ဖြစ်တတ်ပါတယ်။ စတော်ဘယ်ရီသီးရဲ့ ကြွယ်ဝတဲ့ ဗီတာမင် စီဓာတ်က Free Radical နဲ့ UV Rays တွေကြောင့်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုး တွေကို တားဆီးပေးနိုင်ပါတယ်။ Flavonoid၊ Phenolic Phytochemical၊ Elagic acid စတဲ့ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ Antioxidant တွေကလည်း အထက်ပါ အခြေအနေတွေကနေ ကြီးကြီးမားမား ကာကွယ်မှုပေးနိုင်ပါတယ်။ မျက်လုံးအတွင်းပိုင်းမှာဖြစ်တတ်တဲ့ ဖိအား (Ocular Pre-ssure) ကို အကြောင်းတစ်ခုခုကြောင့် နှောင့်ယှက် ခြင်းခံရမယ်ဆိုရင် မျက်လုံးအတွက် အလွန်ကို အန္တရာယ်များပါတယ်။ Ocular Pressure ကို ပုံမှန်သင့်တော်တဲ့ ဖိအားအတိုင်းရှိနေစေအောင် စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ ပိုတက်ဆီယမ်က ထိန်းညှိပေးနိုင်ပါတယ်။

စွမ်းအားပြည့်တဲ့ ဦးနှောက်အတွက်
အသက်အရွယ်ကြီးလာတာနဲ့ အမျှမှတ်ဉာဏ်စွမ်းရည်တွေ ဆုံးရှုံးလာတာ၊ ခန္ဓာကိုယ်မှာရှိတဲ့ ကြွက်သားတွေ၊ ခြေလက်တွေကို ထိန်းချုပ်ဖို့ ခက်ခဲလာတာစတဲ့ အာရုံကြောစနစ်နဲ့ဆိုင်တဲ့ ပြဿနာတွေ ကြုံတွေ့လာရမှာ ဖြစ်ပါတယ်။ ဒါက သဘာဝဖြစ်စဉ်တစ်ခု ဖြစ်နိုင်သလို သင့်အာရုံကြော အဖွဲ့အစည်းနဲ့ ဦးနှောက်ကအရွယ်မတိုင်ခင် အိုမင်းလာလို့လည်း ဖြစ်နိုင်ပါတယ်။ အာရုံကြောတွေ အိုမင်းလာရခြင်းရဲ့ အဓိကတရားခံကတော့ Free Radical တွေကြောင့်ဖြစ်ပြီး စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ Phytochemical နဲ့ ဗီတာမင် စီဓာတ်က ခန္ဓာကိုယ်စနစ်ကို ပြန်လည်နုပျိုစေနိုင်ပါတယ်။ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ အိုင်အိုဒင်းဓာတ်က ဦးနှောက်နဲ့ အာရုံကြောစနစ်ရဲ့လုပ်ဆောင်မှုတွေကို ထိန်းညှိပေးပါတယ်။ စတော်ဘယ်ရီသီးရဲ့ အ ရေးပါတဲ့ဂုဏ်သတ္တိတစ်မျိုးဖြစ်ပြီး များများစားစားပါဝင်တဲ့ ပိုတက်ဆီယမ်ကတော့ ဦးနှောက်ထဲကို သွေးစီးဆင်းမှုအား ကောင်းမွန်စေပြီး သိမြင်နားလည်နိုင်စွမ်းကို တိုးတက်စေပါတယ်။ သုတေသနပြုမှုတွေအရ သွေးထဲမှာ ပိုတက်ဆီယမ်ပမာဏ မြင့်မားနေချိန်မှာ အာရုံစူးစိုက်မှုတွေ၊ မှတ်ဉာဏ်စွမ်းရည်တွေ၊ ပိုမိုအားကောင်းလေ့ရှိတာကို တွေ့ရှိခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် မိခင်နဲ့ ရင်သွေးကျန်းမာရေး အတွက်
ဗီတာမင် B အုပ်စုထဲမှာ ပါဝင်တဲ့ Folate က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် မရှိမဖြစ် သက်စောင့် အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ကိုယ်ဝန်တည်စအဆင့်မှာ အရေးအကြီးဆုံးဖြစ်တဲ့  သန္ဓေသားရဲ့ ဦးနှောက်၊ ဦးခေါင်းခွံ၊ ကျောရိုးမကြီး တွေ ဖွံ့ဖြိုးဖို့အတွက် အလွန်အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ အနေတော် စတော်ဘယ်ရီသီးရှစ်လုံးမှာ တစ်နေ့တာအတွက် လိုအပ်တဲ့ Folate ပမာဏကိုးရာခိုင်နှုန်းခန့် ပါဝင်ပါတယ်။ ဒါ့အပြင် စတော်ဘယ်ရီသီးမှာပါဝင်တဲ့ ဖောလစ်အက်စစ် (Folic Acid) က ကိုယ်ဝန်ဆောင်စဉ် ကလေးနဲ့ မိခင်ရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓာတ်ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ အခန့်မသင့်ရင် ဖြစ်တတ်တဲ့ ခြေလက်ဖောယောင်ခြင်းတွေကို စတော်
ဘယ်ရီသီးရဲ့ ရောင်ရမ်းမှုကိုသက်သာစေနိုင်တဲ့ Phytochemical ဓာတ်ပေါင်းက ကာကွယ်ပေးနိုင်ပါတယ်။

အဆစ်အမြစ်နာရောဂါနဲ့ ဂေါက်ရောဂါအတွက်
အဆစ်တွေကြားထဲက ကြွက်သားနဲ့ တစ်ရှူးတွေ၊ အရွတ်တွေ  ယိုယွင်းပျက်စီးလာတာ၊ အရိုးအဆစ်တွေ လှုပ်ရှားရလွယ်ကူစေနိုင်ဖို့ ချောဆီကဲ့သို့ လုပ်ဆောင်ပေးတဲ့ အမြှေးတွေ ခမ်းခြောက် လာတာကြောင့် အဆစ်အမြစ်နာကျင်တဲ့ ရောဂါ 
(Arthritis) ဖြစ်ပွားပြီး Uric Acid ကဲ့သို့သော အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေ အဆစ်အတွင်းအနည်ကျခြင်းကြောင့် ဂေါက် (Gout)လို့ခေါ်တဲ့ရောဂါ ဖြစ်တတ်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ဒီရောဂါတွေဟာ အင်မတန်ပြင်းပြင်းထန်ထန် နာကျင်ကိုက်ခဲပြီး အရှင်းပျောက်ကင်းအောင် ကုသဖို့ခက်ခဲတဲ့ ရောဂါများ ဖြစ်ပါတယ်။ စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ အံ့သြဖွယ် Antioxidant တွေနဲ့ အဆိပ်အတောက်တွေ ဖယ်ရှားနိုင်တဲ့ အစွမ်းသတ္တိကကျန်းမာရေးကို ထိခိုက်စေမယ့် အခြေ အနေတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ စတော်ဘယ်ရီသီးမှာ အလွန်စွမ်းအားမြင့်တဲ့ ရောင်ရမ်းခြင်းကို သက်သာစေနိုင်တဲ့ အစွမ်းသတ္တိရှိပြီး ဒါက အဆစ်အမြစ်တွေ ရောင်ရမ်းလို့ ခံစားရတဲ့ နာကျင်မှုဝေဒနာကို သက်သာစေနိုင်ပါတယ်။

အသားအရေနဲ့ ဆံကေသာလှပမှုအတွက်
စတော်ဘယ်ရီသီးမှာ ပါဝင်တဲ့ ဗီတာမင် စီဓာတ်ရဲ့နောက်ထပ် အကျိုးကျေးဇူးတွေ ရှိပါသေးတယ်။ အသားအရေ ကျန်းမာလှပနုပျိုစေဖို့အတွက် အရေးကြီးတာက Collagen လို့ခေါ်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ Collagen က အသားအရေ
ကို တင်းတင်းရင်းရင်းရှိနေစေပြီး အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးနေတဲ့ အသားအရေကို မူလအခြေအနေ ပြန်ရောက်အောင် ကူညီပေးနိုင်တဲ့ မရှိမဖြစ် ဓာတ်ပစ္စည်း ဖြစ်ပါတယ်။ အသက်အရွယ် ကြီးပြင်းလာတာနဲ့အမျှ အရေပြားမှာ Collagen ပမာဏနည်းပါးလာတတ်ပါတယ်။ ဗီတာမင်စီဟာ အရေပြားထဲမှာ Collagen ပြန်လည်ဖြစ်ပေါ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ လေ၊ ရေ၊ နေနဲ့ အခြားဓာတုပစ္စည်းမျိုးစုံနဲ့ ထိတွေ့  ထားရလို့ ပျက်စီးနေတဲ့ သင့်အသားအရေရဲ့ အိုမင်း ခြင်းဖြစ်စဉ်ကို စတော်ဘယ်ရီသီးမှာပါဝင်တဲ့ ဗီတာမင် စီနဲ့ Antioxidant တွေက နှေးကွေးစေပြီးအရေး အကြောင်းကင်းစင်တဲ့ အသားအရေကို ကြာရှည် ထိန်းထားနိုင်အောင် ကူညီပေးနိုင်ပါတယ်။ စတော်ဘယ်ရီသီးရဲ့ Folic Acid ၊ Vitamin B5 ၊ Vitamin B6 နဲ့ EllagicAcid တွေက ဆံပင်ကျွတ်တာကို လျော့ကျစေပြီး ကော့ပါး၊ မဂ္ဂနီဆီယမ် စတဲ့ သတ္တု ဓာတ်များက ဦးရေပြားမှာဗောက်နဲ့ မှိုစွဲခြင်းက နေကာကွယ်နိုင်ပါတယ်။ စတော်ဘယ်ရီသီးကို ဆံ သားတောက်ပြောင်ဖို့အတွက် ပေါင်းတင်တဲ့အခါမှာလည်း ထည့်သွင်းအသုံးပြုနိုင်ပါသေးတယ်။
Ref ;    Health Benefits of Strawberry