ကလေးတွေ နေမကောင်းတဲ့အခါ

ကလေးတွေ နေမကောင်းတဲ့အခါ ဘာလုပ်သင့်ပါသလဲ။ မိဘတိုင်း စိတ်ပူပြီး ခေါင်းခြောက်ရတဲ့ အခိုက်အတန့်က ကိုယ့်ရဲ့ ကလေးေ နမကောင်းတဲ့အခါ ဖြစ်ပါတယ်။ မျက်စိအောက်မှာထားပြီး အရိပ်တကြည့်ကြည့် ဂရုစိုက်နေပါရဲ့နဲ့ ကလေးငယ်လေးတွေကလည်း အလွယ်တကူ နေမကောင်းဖြစ်တတ်ကြပါတယ်။ ကလေးတွေ နေမကောင်းဖြစ်တဲ့အခါမှာ သာမန်ဖျားနာမှုမျိုးလည်း ဖြစ်နိုင်တာကြောင့် အကြိမ်တိုင်းမှာ စိုးရိမ်တကြီးနဲ့ ဆေးခန်းကို ပြေးနေဖို့မလိုအပ်ဘူးလို့ ပညာရှင်တွေဆိုပါတယ်။ ကလေးတွေက သူတို့ရဲ့ ဝေဒနာကို ကိုယ်တိုင် မပြောပြနိုင်တာကြောင့် ဆရာဝန်တွေရောဂါရှာဖွေတဲ့အခါမှာ မိဘတွေရဲ့ အခန်းကဏ္ဍက အရေးပါလာပါတယ်။ သင့်ကလေးရဲ့ အမူအကျင့်တွေ၊ ပြောင်းလဲလာတဲ့ အနေအထားတွေကို သင်က ပြောပြနိုင်ဖို့ လိုပါတယ်။ ကလေးတွေ ဖျားနာပြီဆိုတဲ့အခါ ဘယ်အချိန်မှာ စိုးရိမ်ရမလဲ၊ ဘယ်လို လက္ခဏာတွေကို သတိထားသင့်သလဲ၊ ဘယ်အချိန်မှာတော့ ဆေးရုံဆေးခန်းကို သွားသင့်ပြီလဲဆိုတာကို ပညာရှင်တွေ အကြံပြုထားတဲ့ လမ်းညွှန်ချက် တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ပူခြင်း
ကလေးငယ်လေးတွေ ကိုယ်အပူချိန်တက် လာပြီဆိုရင် သူ့ရဲ့ခန္ဓာကိုယ်စနစ်ထဲမှာ တစ်စုံတစ်ရာ မှားယွင်းနေပြီဆိုတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ပြင်ပက ကူးစက်ရောဂါ တစ်မျိုးမျိုးကို တိုက်ထုတ်တော့မယ်ဆိုတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ အပူချိန်ဟာ မြင့်တက်လာလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါ ကူးစက်ရောဂါတွေကို တိုက်ထုတ်ရမယ့် အင်ဇိုင်းတွေက အပူချိန်မြင့်တဲ့အခါမှာ ပိုပြီးအလုပ်ကောင်းကောင်းလုပ်နိုင်ကြလို့ဖြစ်ပြီး ခန္ဓာကိုယ်က အဆိုပါဖြစ်စဉ်ကို  အလိုအလျောက် လုပ်ဆောင်ပါတယ်။ ဒါကြောင့် ကလေးငယ်တစ်ဦးရဲ့ ကိုယ်အပူချိန်မြင့်တက်လာပြီဆိုရင် နားပိုးဝင်ခြင်း၊ အအေးမိခြင်း၊ တုပ်ကွေးစတဲ့ရောဂါများကြောင့်လား၊ ကာကွယ်ဆေးထိုးထားလို့ ကလေးရဲ့ခန္ဓာကိုယ်က တုန့်ပြန်မှုဖြစ် တာလားဆိုတာကိုလည်း ခွဲခြားသိဖို့ လိုအပ်ပါ တယ်။ 

ကိုယ့်ရဲ့ ကလေးလေး ကိုယ်နည်းနည်းပူလာတယ်လို့ ထင်တာနဲ့ မိဘများဟာ စိတ်အပူလွန်တတ်ကြပါတယ်။ ဒါပေမဲ့ ကလေးဆရာဝန်တွေကတော့ အဖျား ၁၀၁ ဒီဂရီလောက်အထိက သိပ်ပြီး စိုးရိမ်ရတဲ့ ကိုယ်အပူချိန်မဟုတ်ဘူးလို့ဆိုပါတယ်။ ကလေးကို အရည်များများတိုက်ပေးပြီး ချွေးစုပ်တဲ့ အင်္ကျီခပ်ပါးပါး ၀တ်ပေးတာမျိုးလုပ်ကာ ကလေးရဲ့ အပူချိန်ကို ၂ ဒီဂရီလောက် ကျဆင်းသွားအောင် လုပ်ကြည့်ပါလို့ အကြံပြုပါတယ်။ 

ဆရာဝန် နဲ့ ပြသသင့်တဲ့ အချိန် 
ဒါပေမဲ့ သင့်ရဲ့ကလေးဟာ မွေးကင်းစ အရွယ် ၂ လထက်ငယ်ဦးမယ်ဆိုရင်တော့ ကိုယ်အနည်းငယ် နွေးလာရင်တောင် သက်ဆိုင်ရာ ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုအပ်ပါတယ်။ ၁ နှစ်အောက်ကလေးတွေ အဖျား ၁၀၂ ဒီဂရီထက်ကျော်
လာရင်၊ အသက် ၁ နှစ်နဲ့အထက် ကလေးတွေ အဖျား ၁၀၄ ဒီဂရီ အထိ၊ ဒါမှမဟုတ် ဒီထက်ပိုလာရင်တော့ ဂရုစိုက်သင့်တဲ့ အခြေအနေကို ရောက်နေပြီလို့ဆိုနိုင်ပြီး ဆေးရုံ၊ ဆေးခန်းကို ခေါ်သွားကာ သင့်တော်တဲ့ စမ်းသပ်ကုသမှုခံယူပါလို့ ဆရာဝန်တွေ ဆိုထားပါတယ်။ 

အအေးမိ၊ တုပ်ကွေး
ကလေးငယ်လေးတွေဟာ တစ်နှစ်မှာ အနည်းဆုံး ၆ ကြိမ်ကနေ ၈ ကြိမ်လောက်အထိ အအေးမိတတ်ကြပြီး ဆောင်းတွင်းနဲ့ မိုးတွင်းမှာ ပိုအဖြစ်များတယ်လို့ သိရပါတယ်။ နှာရည်ယိုတာ၊ နှာချေတာ၊ ချောင်းဆိုတာနဲ့  ကိုယ်ပူနေတာတွေ က သင့်ရဲ့ ကလေးလေးအအေးမိနေပြီဆိုတာကို ပြနေတဲ့ လက္ခဏာတွေဖြစ်ပြီး သာမန် အအေးမိခြင်းက အချိန် ၂ ရက် သို့ ၃ ရက်လောက် ကြာတတ်ပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ တုပ်ကွေးဆိုရင်တော့ အချိန် ၃ ရက် ကနေ ၇ ရက်လောက် ထိ ကလေးက ဝေဒနာခံစားရနိုင်ပြီး ဆရာဝန်နဲ့ ကုသဖို့ လိုအပ်ပါတယ်။ ကလေးတွေ အအေးမိပြီး ချောင်းဆိုးတဲ့အခါမှာ ဖြစ်နိုင်ရင် ချောင်းဆိုးပျောက်ဆေးနဲ့ အဖျားပျောက်ဆေးတွေကို မတိုက်စေချင်ဘူးလို့ ဆရာဝန်တွေက ဆိုပါတယ်။ ဆရာဝန်
ညွှန်ကြားတဲ့ ဆေးဝါးဆိုရင်တော့ တိုက်လို့ ရပါတယ်။ ခြောက်သွေ့တဲ့ လေထုက ကလေးငယ်ကို အသက်ရှူရပိုပြီး ခက်ခဲစေနိုင်တာကြောင့် ကလေး အအေးမိနေစဉ်မှာ ရေနွေးငွေ့လွှတ်ပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ ကလေးက နှာရည်ယိုနေ မယ်ဆိုရင် ခေါင်းဦးခပ်ပါးပါးလေးကို မွေ့ယာအောက်မှာ ခုထားပေးနိုင်ပါတယ်။ ခေါင်းအောက်မှာ တိုက်ရိုက်ခုတာမျိုးတော့ မလုပ်သင့်ပါဘူး။ ကလေးက ဖျားနေစဉ်မှာ နို့ရော၊ ရေရော သိပ်မသောက်ဘူးဆိုရင် ဓာတ်ဆားရည် တိုက်သင့်ပါ
တယ်။ ကလေးဆရာဝန်ထံမှာ သင့်ကလေးကို တိုက်လို့ရနိုင်မယ့် ဓာတ်ဆားရည် အမျိုးအစားကို တစ်ခါတည်း မေးထားပါလို့ အကြံပြုလိုပါတယ်။

ဆရာဝန် နဲ့ ပြသသင့်တဲ့ အချိန် 
အကယ်၍ သင့်ကလေးဟာ မွေးကင်းစအရွယ်ဖြစ်နေရင် အအေးမိတယ်လို့ သံသယရှိရှိခြင်းမှာ ဆရာဝန်ထံ သွားရောက်သင့်ပါတယ်။ ဒါမှမဟုတ် အအေးမိပြီး နောက်အဖျားကြီးလာတယ်ဆိုရင်လည်း ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ နောက်ထပ်ရာသီမှာ တုပ်ကွေးထပ်မမိအောင် ၆ လနဲ့ အထက်ကလေးများကို ကာကွယ်ဆေးထိုးပေးထားသင့်တယ်လို့ ဆရာဝန်တွေ အကြံပြုပါတယ်။

နားပိုးဝင်ခြင်း
စကားမပြောတတ်သေး ၊  ကိုယ်ရဲ့ဝေဒနာကို မဖော်ပြတတ်သေးတဲ့ ကလေးလေးတွေရဲ့ရောဂါကို ခန့်မှန်းရတာ လွယ်ကူတဲ့ ကိစ္စတစ်ရပ်တော့ မဟုတ်ပါဘူး။ နားပိုးဝင်ခြင်း (Ear Infection)  ကလည်း ကလေးတွေမှာ အလွန်အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါဖြစ်နေတာကိုလည်း သိဖို့ ခက်ခဲပါတယ်။ နှာရည်ယိုပြီး အဖျားလည်း နည်းနည်းရှိမယ်၊ လက်ကလေးနဲ့ နားကို မကြာခဏ ထိနေမယ်ဆိုရင် ဒါက ကလေးမှာ နားပိုးဝင်နေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အအေးမိပြီးနောက် ကလေးတွေမှာ နားပိုးဝင်ခြင်းပါ နောက်ဆက်တွဲလိုက်ဖြစ်တတ်တယ်လို့ ဆရာဝန်တွေဆို ပါတယ်။ 

တစ်ချို့နားပိုးဝင်တဲ့ အခါမှာ ခန္ဓာကိုယ်က အလိုအလျောက်ပြုပြင်ပေးသွားလို့ ၁ ရက် ၂ ရက် ကြာပြီးနောက် ပြန်ကောင်းသွားလေ့ရှိပါတယ်။ 


    
ဆရာဝန် နဲ့ ပြသသင့်တဲ့ အချိန် 
အကယ်၍ ကလေးကသက်သာတဲ့ ပုံမပြရင်တော့ ဆရာဝန်နဲ့ ပြသပါ။ နားပိုးဝင်တာ ဟုတ်မဟုတ်ကို ဆရာဝန်ကပဲစမ်းသပ်အဖြေထုတ်နိုင်ပါတယ်။ နားပိုးဝင်တာကို မကုသဘူးဆိုရင် နားစည်ပေါက်ပြဲတာမျိုးဖြစ်နိုင်ပြီး အကြားအာရုံ ဆုံး 
ရှုံးတာမျိုးဖြစ်နိုင်လို့ မပေါ့ဆသင့်တဲ့ ကလေးရောဂါ တစ်မျိုးဖြစ်ပါတယ်။

ဝမ်းပျက် ၀မ်းလျှော
ကလေးငယ်တွေရဲ့ ကျန်းမာရေးမှာ နောက် ထပ်စိုးရိမ်စရာ ပြဿနာတစ်ခုက ၀မ်းသွားခြင်းပါပဲ။ ကလေးတွေ ၀မ်းပျက်ဝမ်းလျှောဖြစ်ရခြင်း အကြောင်းရင်းမျိုးစုံရှိပါတယ်။ ဗိုင်းရပ်စ် (သို့) ဘက်တီးရီးယား ကူးစက်ခံရခြင်း၊ ဓာတ်မတည့်ခြင်း၊ အစားမှားခြင်း၊ ဆေးဝါး တစ်မျိုးမျိုးနဲ့မတည့်ခြင်း စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ကလေးတွေ ၀မ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေ ၀မ်းပျက်ဝမ်းလျှောတဲ့အခါ လူကြီးတွေလို မဟုတ်ဘဲ အနည်းဆုံး ၅ ရက်ကနေ ၁၀ ရက် ခန့်
အထိကြာတတ်ပါတယ်။ ၀မ်းပျက်ဝမ်းလျှော ဖြစ်တဲ့အခါမှာ အရေးကြီးဆုံး သတိထားရမယ့်အချက်က ကလေးမှာ ရေဓာတ်မဆုံးရှုံးသွားစေဖို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ၆လ အောက် ကလေးငယ်တွေကိုဆိုရင် နို့များများတိုက်ပေးဖို့ လိုအပ်ပြီး ၆ လ အထက်ကလေးတွေကိုတော့ နို့အပါအ၀င် အရည်များများဝင်အောင်တိုက်ပေးဖို့ လိုအပ်ပါတယ်။ အကယ်၍ ကလေးက အရည်တွေကို ပြန်အန်ပစ်မယ်ဆိုရင် မိနစ် ၃၀ လောက် စောင့်ပြီး နောက်မှာ ဖြည်းဖြည်းချင်းဝင်အောင် တိုက်ပေးပါ။ ကလေး ရဲ့ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ပြန်လည်ရရှိဖို့ လိုအပ်ပါတယ်။ 

ဆရာဝန် နဲ့ ပြသသင့်တဲ့ အချိန် 
ဝမ်းလျှောနေတဲ့ ကလေးဟာ ကိုယ်လည်းပူလာမယ်၊ ၀မ်းမှာ သွေးလည်းပါလာမယ်ဆိုရင်တော့ အချိန်မဆိုင်းဘဲ ဆေးခန်းသွားပြပါလို့ ဆရာဝန်တွေ သတိပေးထားပါတယ်။ 
Ref ;    What to Do When Baby Gets Sick