ချောကလက်စားပြီး ကိုယ်အလေးချိန်လျော့ကြမယ်

ကိုယ်အလေးချိန်လျှော့ချဖို့ စဉ်းစားတဲ့အခါ ဒါမှမဟုတ် မိသားစုဝင်တွေနဲ့ အသိမိတ်ဆွေ သူငယ်ချင်းတွေကို ကိုယ်အလေးချိန် လျှော့တော့မယ့်အကြောင်းပြောမိတဲ့အခါ ပထမဆုံးကြားရနိုင်တဲ့ ထင်မြင်ချက်တွေထဲမှာတော့ ‘ချော ကလက်တွေ ဆက်စားနေရင်တော့ ကိုယ်အလေးချိန်လျော့လာမှာမဟုတ်ပါဘူး’ ဆိုတာလည်း ပါလာနိုင်ပါတယ်။ ဒါပေမဲ့ Diet ပရိသတ်ကြီးရေ တစ်ရက်မှာချောကလက် ၁၀၀ ဂရမ်ကနေ ၂၀၀ ဂရမ်ကြားနေ့စဉ်စားသုံးပြီး ကိုယ်အလေးချိန်လျှော့လို့ ရနိုင်ပါသတဲ့။ အဲ့ဒီအကြောင်းလေးကို ဒီလမှာ လက်တို့ချင်လို့ပါနော်။ သိပ်ပြီးများ အံ့သြသွားကြ ပါသလား။ ဒါပေမဲ့ မှန်ကန်တဲ့ ချောကလက်ကို ရွေးချယ်ပြီး သတ်မှတ်ထားတဲ့အချိန်တစ်ခုမှာစားတတ်ဖို့တော့ လိုပါမယ်နော်။

ချောကလက်ရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ကိုကိုးဟာ ကုန်းကြမ်းအနေအထားအတိုင်းမှာဘဲ Flavanol အမည်ရ အပင်ကရတဲ့ အာဟာရတွေ သဘာဝအတိုင်းဘဲ မြင့်မားစွာပါရှိနေပါတယ်။ ချောကလက်ကိုစားတဲ့အခါ သူ့မှာပါဝင်နေတဲ့ Flavanol က ကိုယ်အလေးချိန်လျော့ကျနိုင်ဖို့ အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နို့ထွက်ပစ္စည်းတွေပါဝင်နေတဲ့ ချောကလက်တွေအများကြီးမစားသေးခင်မှာ သတိထားစရာလေးတွေ နည်းနည်းတော့ ရှိနေပါသေးတယ်နော်။ 

အီတလီမှာရှိတဲ့ L’ Aquila တက္ကသိုလ်က ဆေးပညာဆိုင်ရာဋ္ဌာနရဲ့ သုတေသီတွေဟာ အနက်ရောင် ချောကလက်တွေမှာ Flavanol ပါဝင်နေတာကို တွေ့ရှိခဲ့ကြပါတယ်။ ယင်းက ကျန်းမာရေး ကောင်းမွန်တဲ့ လူတွေမှာရှိတဲ့ Insulin Sensitivity ကို တိုးမြှင့်စေပါတယ်။  အင်ဆူလင် ဆိုတာကတော့ ပန်ကရိယမှာရှိနေတဲ့ ဘီတာဆဲလ်တွေကနေ ထုတ်လွှတ်ပေးနေတဲ့ ဟော်မုန်းတစ်မျိုးပါ။ ခန္ဓာကိုယ်ထဲက ဇီဝဓာတုဆိုင်ရာတုန့်ပြန်မှုတွေမှာ ပါဝင်နေတဲ့ ဒြပ်ပေါင်းဟော်မုန်းတစ်မျိုးလည်းဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ထဲကတစ်ခုကိုတော့ ကိုယ်စားလိုက်တဲ့ အစားအစာဟာ ခန္ဓာကိုယ်ကစုပ်ယူသုံးစွဲလိုက်နိုင်သလား ဒါမှမဟုတ် အဆီအဖြစ် သိမ်းဆည်းလိုက်သလားဆိုတာကိုတော့ ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ Insulin Sensitive ဖြစ်တဲ့ လူတစ်ယောက်ဟာသွေးတွင်းက သကြား ဓာတ်ရေချိန်ကို ထိန်းညှိပေးဖို့အတွက် အင်ဆူလင် ပမာဏအနည်းငယ်သာလိုအပ်ပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေဆီကို လိုအပ်နိုင်မယ့် သကြားဓာတ် ပမာဏကို ထောက်ပံ့ပေးပါတယ်။ ဒါကြောင့် Insulin Sensitivity ကို တိုးမြှင့်လိုတယ်ဆိုရင် ကိုယ်ခန္ဓာကိုယ်ရဲ့ အာဟာရတွေကိုစုပ်ယူနိုင်မှု၊ ကာဘိုဟိုက်ဒရိတ်နဲ့ သကြားဓာတ်အသုံးပြုမှုတွေ တိုးလာမှာ ဖြစ်ပါတယ်။

မှန်ကန်တဲ့ ချောကလက်ကိုရွေးချယ်ပေးပါ။ 
ချောကလက်တွေ အားလုံးကိုတော့ ပဉ္စလက်ဆန်တဲ့ ကိုကိုးတွေ ထည့်သွင်းပံ့ပိုးပေးထားတာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် အနက်ရောင် ချောကလက်တွေဟာ ပုံမှန်အတိုင်းဆိုရင် ကိုကိုးတွေ အများကြီးပါဝင်နေတာပေါ့။ ကိုကိုးအမှုန့်ကြီးဘဲ ၇၀ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းကြား ပါဝင်တတ်ပါတယ်။ ဒါကလည်း ကိုယ်စားသုံးတဲ့ တံဆိပ်ပေါ်မှာမူတည်ပြီးတော့ အပြောင်းအလဲရှိနိုင် ပါတယ်။ ဒါပေမဲ့ ချောကလက်အများစုမှာတော့ အနံ့နဲ့ အညိုရောင် ကာလာကိုရရှိဖို့အတွက်  သကြားကိုလောင်ကျွမ်းပြုပြင်ထားတဲ့ အလွှာပါဝင်မှာဘဲဖြစ်ပါတယ်။ ဒီအလွှာကကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အာနိသင်တွေ ထုတ်ပိုးပါဝင်မနေပါဘူး။ ဘာကြောင့်လဲဆိုတော့ ချောကလက်ထဲမှာ ထည့်သွင်းပါဝင်တဲ့ သကြားတွေဟာအစောပိုင်းက ဖော်ပြခဲ့တဲ့ အဆီသိုလှောင်မှုနဲ့ ဆက်စပ်တဲ့ ဟော်မုန်းအင်ဆူလင်ကို ဖြစ်စေတယ်။ သွေးထဲက အင်ဆူလင်ရဲ့ လယ်ဗယ်တွေကို အမြင့်ဆုံးရောက်အောင် မြင့်တက်သွားစေပါတယ်။ အချိုဓာတ်ကိုအလွန်အမင်း တောင့်တခြင်းဖြစ်ပြီးတဲ့နောက်မှာ မိတ်ဆွေတို့အနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို အစီအစဉ်အတိုင်းစားသုံးတော့မယ်ဆိုပြီး ထားရှိခဲ့တဲ့ စည်းကမ်းလေးက ကျိုးပျက်သွားတော့တာပေါ့။ ဒါကြောင့် ချောကလက်ကိုဝယ်တဲ့အခါမှာ ကိုကိုးပါဝင်တဲ့ ရာခိုင်နှုန်းကို သေချာကြည့်ပြီးတော့မှ ဝယ်ယူဖို့ အကြံပြုလိုပါတယ်။ 

ဘယ်အချိန်မှာ ချောကလက်ကိုစားမလဲ
လက်မောင်းက ကြွက်သားတွေ ကျစ်လျစ်လာဖို့၊ ဝမ်းဗိုက်ပိုင်းကအဆီတွေ လျော့သွားစေဖို့ ဒါမှမဟုတ် ဝမ်းဗိုက်ပိုင်းမှာရှိတဲ့ ကြွက်သွားတွေ သွယ်လျချပ်ရပ်နေစေဖို့ဆိုရင်တော့ ကိုယ်လက်လှုပ်ရှားတဲ့လေ့ကျင့်မှုတွေ ပြုလုပ်ပြီးတဲ့အခါတိုင်း 
မှာ ချောကလက်ကိုစားပေးရမှာဖြစ်ပါတယ်။ ချောကလက်ထဲမှာပါဝင်တဲ့ ကိုကိုးဟာ ကျန်းမာရေးကောင်းမွန်တဲ့ လူပုဂ္ဂိုလ်တွေဆီက သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို ထိန်းညှိနိုင်စွမ်းတိုးတက်လာနိုင်တဲ့အကြောင်းလေးကို သတိရမိမယ် ထင်ပါတယ်။ ဒါကြောင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကိုလည်း လုပ်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဆေးပညာဆိုင်ရာဂျာနယ်တစ်ခုဖြစ်တဲ့ New England မှာဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရ ကိုယ်လက်လှုပ်ရှား လေ့ကျင့်မှုတွေကနေ ကြွက်သားတစ်သျှူးတွေရဲ့သွေးတွင်းသကြားဓာတ်စုပ်ယူမှုအပေါ် သက်ရောက်မှုရှိစေတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ သူတို့ဟာတစ်ပတ်လျှင် လေးကြိမ်နဲ့ တစ်ကြိမ်မှာ တစ်နာရီစက်ဘီးစီိးရပါတယ်။ ရက်သတ္တပတ် ၆ ပတ်ကြာ ပြုလုပ်ရပါတယ်။ 
အကျိုးရလာဒ်ကတော့ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့် လှုပ်ရှားမှုတွေဟာ တစ်သျှူးတွေရဲ့ သွေးတွင်းသကြားဓာတ် စုပ်ယူမှုကို တိုးတက်လာစေပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို တိုးတက်စေပါတယ်။ အတိုဆုံးပြောရမယ်ဆိုရင်တော့ ချော ကလက်များများစားလေ ပိုပြီးချပ်ရပ်ကျစ်လျစ်လာစေမှာဖြစ်ပါတယ်။ 

ဘယ်လိုချောကလက်ကိုစားမလဲ
မူရင်းဆောင်းပါးရှင်ကတော့ အရသာအတွက်ရော အာဟာရဖြစ်စေဖို့အတွက်ပါဆိုရင် ၁၀၀ ရာခိုင်နှုန်း ပီးရူးနိုင်ငံထွက် ကိုကိုးနဲ့ပြုလုပ်ထားတဲ့ Hotel Chocolat က ထုတ်လုပ်တဲ့ ချောကလက်ကိုစားဖို့ အကြံပြုထားပါတယ်။ ဒါပေမဲ့ ချောကလက်ဆိုတာတစ်ယောက်နဲ့ တစ်ယောက်တော့ အကြိုက်ခြင်းတူကြမှာမဟုတ်ပါဘူး။ ကိုကိုး ၇၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းကြား ပါဝင်မှုရှိတဲ့ အနက်ရောင် ချောကလက်ကို ရှာဖွေရွေးချယ်စားသုံးရင် အဆင်ပြေပါတယ်။ နို့ချောကလက်တွေကို 
မှ နှစ်သက်ပါတယ်ဆိုရင်တော့ Supermilk ကို ရှာဖွေရွေးချယ်စေလိုပါတယ်။ Supermilk က ကိုကိုး ၆၅ ရာခိုင်နှုန်းအထိပါပြီး သကြားနည်းနည်းသာပါတာကြောင့် အဆင်ပြေနိုင်မှာ ဖြစ်တယ်လို့ ဆိုထားပါသေးတယ်။ နောက်ထပ် ချောကလက်နဲ့ ပြုလုပ်စီမံထားတဲ့ Chocolate Smoothie ကိုလည်းအဆင်ပြေမယ်ဆိုရင် ဖန်တီးသောက်သုံးနိုင်တဲ့အကြောင်း ထပ်လောင်းပြောကြားထားပါတယ်။ 

အဓိကအကြောင်းအရာလေးတွေ ပြောပြရမယ်ဆိုရင်တော့ ကိုကိုး ၇၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းကြားမှာ ပါဝင်တဲ့ အနက်ရောင်  ချောကလက်ကို ကိုယ်လက်လှုပ်ရှားလေ့ကျင့်မှုတွေ ပြုလုပ်ပြီးတဲ့အချိန်တိုင်း ၁၀၀ ဂရမ်မှ ၂၀၀ ဂရမ်ကြား စားသုံးပေးမယ်ဆိုရင် သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်း အကျဉ်းချုပ်ရင်း နှုတ်ဆက်လိုက်ပါတယ်ရှင်။ 
Ref :    How to lose weight by eating chocolate
By :    Ross Edgley