သင်စိတ်ဖိစီးနေပြီလား ?

သင် စိတ်ဖိစီးနေပါသလား။ တစ်ခါတစ်ရံ သင့်မှာ စိတ်ဖိစီးမှု ဖြစ်နေတယ်ဆိုတာကို သင်ကိုယ်တိုင်တောင်မှာ သတိမထားမိဘဲ ဖြစ်နေတတ်ပါတယ်။ အကယ်၍ ကိုယ့်မှာ စိတ်ဖိစီးမှု ဖြစ်နေပြီဆိုရင် ကိုယ်တိုင်ချက်ချင်း ခံစားသိနိုင်လိမ့်မယ်လို့ လူအများစု တွေးထင်ထားလေ့ရှိပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါဘူး။ တစ်ခါတလေ ကိုယ့်ရဲ့ စိတ်ခံစားမှုက ဖိစီးမှုဖြစ်နေတာကို မခံစား၊ မသိရှိနိုင်ဘဲ ဖြစ်နေတာကြောင့် ခန္ဓာကိုယ်က အချက်ပြ သတိပေးလာရတာမျိုးလည်း ရှိတယ်လို့ ပညာရှင် တွေဆိုပါတယ်။ ရေရှည်ဖိစီးမှုက သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာတင်မကဘဲ ရုပ်ပိုင်းဆိုင်ရာမှာပါ နစ်နာမှုတွေ ဖြစ်လာစေနိုင်တာကြောင့် သင့်ကိုယ်ကို ဖိစီးမှုတွေက အချိန်ကြာလွှမ်းမိုးထားတာမျိုးကို ခွင့်မပြုသင့်ပါဘူး။ ဒါကြောင့် ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ ခန္ဓာကိုယ်ရဲ့တီးတိုးအသံတွေကို အမြဲနားစွင့်ထားဖို့ လိုအပ်ပါတယ်။ ဘယ်လို လက္ခဏာတွေက သင့်မှာဖိစီးမှု တစ်စုံတရာရှိနေပြီဆိုတာကို ပြသနေပါသလဲ။

အလွယ်တကူ ပင်ပန်းလာမယ်
ဖိစီးမှု ပမာဏ မြင့်မြင့်မားမား ဖြစ်စေတဲ့ စိတ်ပိုင်းဆိုင်ရာ ကြိုးစားအားထုတ်မှု တစ်မျိုးမျိုးကို အပြင်းအထန် ပြုလုပ်ရခြင်းက သင့်ရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ စိတ်ဖိစိးမှု တစ်မျိုးမျိုးကို ရက်အနည်းငယ် ခံစားရရုံနဲ့တင် ခန္ဓာ 
ကိုယ်က သူမတူတဲ့ ပင်ပန်းနွမ်းနယ်မှုမျိုးကို ခံစားရနိုင်ပါတယ်။စိတ်ဖိစီးမှု ကြုံလာရတဲ့အခါ အိပ်စက်ဖို့ခဲယဉ်းခြင်း၊ အစားစားချင်စိတ် မရှိခြင်း၊ အဆိုးမြင်လာခြင်းစတဲ့ ပြဿနာများလည်း တပါတည်း ဖြစ်ပေါ်လာနိုင်ပြီး မာပန်းနွမ်းနယ်တဲ့ ခံစားမှုနဲ့ပါ ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ သင့်အတွက် အလွန်ကို ပြင်းထန်တဲ့ ကိစ္စတစ်ရပ်ဖြစ်လာပါ တော့တယ်။ ဒါကြောင့် အရေးတကြီးနဲ့ ပင်ပင် ပန်းပန်းလုပ်ကိုင်ရမယ့် ကိစ္စတစ်မျိုးမျိုးမရှိဘဲ သာမန် အချိန်တွေမှာတောင် သင်ဟာ မောပန်းနွမ်း နယ်နေတတ်တယ်ဆိုရင်တော့ ဒါက သင့်မှာ ဖိစီးမှုရှိနေပြီဆိုတာ ပြနေတဲ့လက္ခဏာပဲဖြစ်ပါတယ်။ ခန္ဓာကိုယ်က ပြောလာတဲ့ အသံကိုနားထောင်ပြီး သင့်ကိုဘာက ဖိစီးမှု ဖြစ်နေစေသလဲဆိုတာကို ရှာဖွေရတော့အချိန်လည်း ဖြစ်ပါတယ်။

အိပ်ဖို့ ခက်လာမယ်
သင်ဟာ ညညမှ အိပ်ပျော်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရပါသလား။ ဒါက သင့်မှာ စဉ်းစားစရာကိစ္စတွေ အလွန်ကိုများပြားနေလို့လည်း ဖြစ်ေ ကာင်းဖြစ်နိုင်ပေမဲ့ အိပ်ပျော်ဖို့ ခက်ခဲခြင်းနဲ့ ဆက်စပ်နေတဲ့ ဂန္ဓ၀င် ပြဿနာတစ်ရပ်က စိတ်ဖိစီးမှုများ 
နေခြင်းကြောင့်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုနဲ့ ဆက်နွယ်ပြီး ဖြစ်ပေါ်တတ်တဲ့ အိပ်စက်ခြင်းဆိုင်ရာ ပြဿနာများထဲမှာ အလွယ်တကူ အိပ်မပျော်ခြင်း အပါအ၀င် အိပ်ပျော်ပြီးနောက် ပြန်ပြန်နိုးလာတတ်တဲ့ ပြဿနာလည်းပါဝင်ပြီး လာလိုက် ပြန်အိပ်ပျော် ဖို့ကြိုးစားလိုက်နဲ့ ခက်ခဲတဲ့ညတွေကို ဖြတ်သန်းရလေ့ရှိတတ်ပါတယ်။ အိပ်ချိန်လုံလောက်မှု မရှိတဲ့သူတွေ၊ တစ်နည်းအားဖြင့် အိပ်ရေးမ၀တဲ့ သူတွေဟာ ပုံမှန်အိပ်ချိန်နဲ့ အိပ်ယာထချိန်ရှိတဲ့သူတွေနဲ့ နှိုင်းယှဉ်တဲ့အခါ အာရုံစူးစိုက်ဖို့ခက်ခဲခြင်းနဲ့ နေ့ခင်းဘက်မှာ ပင်ပန်းနေတတ်တာမျိုး စတဲ့ ပြဿနာတွေ ကြုံတွေရနိုင်ချေ ပိုများတယ်လို့ Journal of Psychosomatic Research က တွေ့ရှိချက်တစ်ခုမှာ ဖော်ပြထားတာကြောင့် သင့်ရဲ့နေ့စဉ်ဘ၀ကိုလည်း ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ နောက် တစ်ချက်ကတော့ အိပ်မက်ဆိုးတွေမက်ခြင်း ဖြစ်ပါတယ်။ ညဘက်အိပ်ပျော်သွားတဲ့ အချိန်မှာ သင့်ရဲ့စိတ်ကို မသက်မသာဖြစ်စေတဲ့ အိပ်မက်တွေ မကြာမကြာ မြင်မက်လာလေ့ရှိတယ်ဆိုရင် ဒါက သင့်ရဲ့ ဇီဝစနစ်က သင့်မှာဖိစီးမှုတွေ ဖြစ်နေပြီဆိုတာကို အချက်ပြနေခြင်းပဲဖြစ်ပါတယ်။

အစားစားချင်စိတ်ကမောက်ကမ ဖြစ်လာမယ်
တစ်ခါတစ်ရံ အစားစားချင်စိတ် ပျောက်နေသလိုဖြစ်နေပြီး တစ်ခါတစ်ရံ သကြားပါတဲ့ အစားအစာတွေနဲ့ ဆီကြော်တွေ ဥပမာ - ကိတ်၊ဒိုးနတ်နဲ့ ပီဇာတွေကို အလွန်အကျွံ စားချင်စိတ်တွေ ဖြစ်ပေါ် နေပါသလား။ ဒီလို အစားစားချင်စိတ် မတည်မငြိမ်ဖြစ်ပေါ်ခြင်းကလည်း သင့်ရဲ့ စိတ်ခံစားချက်နဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ပညာရှင်တွေ ဆိုပါတယ်။ Psychoneuroendocrinology အမည်ရ သုတေသနဂျာနယ်တစ်စောင်မှာ ဖော်ပြထားတဲ့ လေ့လာတွေ့ရှိမှုတစ်ခုမှာ စိတ်ဖိစီးလွယ်တဲ့ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုခံစားနေရတဲ့ အချိန်မှာ အချိုဓာတ်စားသုံးမှု သိသိသာသာများလာလေ့ရှိတာကို တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ အကယ်၍ သင်ဟာ အစားစားချင်စိတ် ရှိခြင်းနဲ့ မရှိခြင်းကြား အစွန်းနှစ်ဖက်မှာ ကူးလူးနေပြီး အချိုပါတဲ့ အစားအသောက်တွေကို သိသိသာသာ စားဖြစ်နေ၊ စားချင်စိတ်ဖြစ်နေတယ်ဆိုရင် သင့်ကိုယ်သင် စိတ်ဖိစီးမှု ဖြစ်နေပြီလားဆိုတာ ပြန်လည်ဆန်းစစ်ကြည့် ရတော့မှာဖြစ်ပါတယ်။

ဒေါသကြီးလာမယ်
သင့်မှာဖိစီးမှု တစ်ခုခုရှိနေတဲ့အခါ သင်ဟာ အရာရာကို အလျင်လိုနေပါလိမ့်မယ်။ သင့်ရဲ့ စိုးရိမ်ပူပန်မှုတွေက သင့်ကိုဝါးမြိုထားသလိုဖြစ်နေပြီး အရာရာဟာ ခေါင်းထဲမှာဝဲပျံနေသလို ဖြစ်နေတဲ့ အချိန်မှာ အသေးငယ်ဆုံး ကိစ္စလေးတစ်ခုက တောင် သင့်ကိုပေါက်ကွဲမှု တစ်ခုဆီတွန်းပို့ပေးလိုက်နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်ကြုံတွေ့နေကြ သာမန်အသေးအဖွဲ စိတ်တိုင်းမကျစရာလေး တွေကို သင်သည်းမခံနိုင်ဖြစ်ပြီး အလွယ်တကူ ဒေါသထွက်လာတတ်တယ်ဆိုရင် သင့်မှာ သင် ကိုယ်တိုင် သတိမထားမိတဲ့ ဖိစီးမှု တစ်မျိုးမျိုးရှိနေပါပြီ။

လှုပ်ရှားမှုတွေ မြန်လာမယ်
အထက်မှာ ဖော်ပြခဲ့ပြီးသလိုပါပဲ၊ စိတ်ဖိစီးမှုက သင့်ကို ပင်ပန်းနွယ်နယ်မှု ဖြစ်စေနိုင်ပါတယ်။ သို့တိုင်အောင် သင်ရဲ့ လှုပ်ရှားမှုတွေ အရင်ကထက်စာရင် ပိုပြီးမြန်ဆန်လာပါသလား။ အရေးတကြီး ကိစ္စလည်း မရှိဘဲ၊ ကိုယ်သွားနေကျ အမြန်နှုန်းနဲ့ မဟုတ်ဘဲ လမ်းမြန်မြန်လျှောက်မိနေ တတ်ပါသလား။ အကြောင်းတစ်စုံတရာမရှိဘဲ ခြေထောက်တွေကို လှုပ်နေမိပါသလား (သို့) စိတ်မရှည်တဲ့ ခံစားမှုမျိုးနဲ့ စားပွဲပေါ်မှာ လက်တွေကို ခေါက်နေမိပါသလား။ စာရွက်တွေကို ဆုတ်ဖြဲတာမျိုး၊ လက်သည်းတွေ (သို့) ဘောပင်၊ ခဲတံတွေကို သတိမထားမိဘဲ ကိုက်နေတာမျိုးတွေ လုပ်မိနေပါသလား။ ဒါဟာ သင့်ခန္ဓာကိုယ်ထဲမှာ စိတ်ဖိစီးမှု ဖြစ်စေတဲ့ ဟော်မုန်းတွေ ထွက်နေပြီဆိုတဲ့သင်္ကေတတွေ ဖြစ်ပါတယ်။ အကယ်၍ သင်ကိုယ်တိုင်က သတိ ပြုမိလိုက်လို့ ဖြစ်စေ၊ တစ်စုံတစ်ယောက်က သတိပေးလာလို့ ဖြစ်စေ အထက်ဖော်ပြပါ အပြုအမူတွေ ကို ပြုလုပ်လာမိပြီဆိုရင် သတိထားရတော့မယ် အခြေအနေရောက်လာပြီလို့ ဆိုနိုင်ပါတယ်။

အာရုံစိုက်ဖို့ ခက်လာမယ်
စိတ်ဖိစီးမှုဖြစ်ပေါ်နေတဲ့အခါ အထင်ရှားဆုံး လက္ခဏာကတော့ အာရုံစူးစိုက်လို့ မရတော့ခြင်း ပဲဖြစ်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ အာရုံ တွေ ထွေပြားလာပြီး အကြောင်းအရာများစွာက ကိုယ့်ကို လွှမ်းမိုးလာမှာဖြစ်ပါတယ်။ ဒီလိုဖြစ်လာ တဲ့ အချိန်မှာ စိုးရိမ်ပူပန်မှုနဲ့ သောကစိတ်တွေ ဖြစ်ပေါ်လာပြီး အာရုံစူးစိုက်ဖို့ ခက်ခဲလာမှာ ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ စိတ်ဖိစီမှုများနေတဲ့ သူတစ် ယောက်ဟာ အလုပ်တစ်ခု၊ အကြောင်းအရာ တစ်ခုအပေါ် အချိန်တစ်ခုအတွင်း စိတ်ဝင်စားနေဖို့နဲ့ အာရုံစိုက်ထားဖို့ မတတ်နိုင်တာတော့မျိုး ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ကြားနေ၊ မြင်နေရတဲ့ အကြောင်းအရာတွေဆီက သတင်းအချက်အလက်တွေကို မရရှိတော့တာမျိုး၊ မတုံ့ပြန်နိုင်တော့တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ ဥပမာ - စကား ပြောသံကို မကြားလိုက်တာ၊ ဖတ်လိုက်တဲ့ စာတွေရဲ့ ဆိုလိုရင်းကို မသိတော့တာ စတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ လက်ရှိကိုယ်လုပ်နေတဲ့ အလုပ်ပေါ်မှာ အာရုံစိုက်လို့ မရတာ၊ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို မသိတော့တာ စတဲ့ လက္ခဏာတွေကလည်း သင့်မှာ ဖိစီးမှုကြီးကြီးမား မားရှိနေပြီဆိုတာကို တိတ်တဆိတ်ဖော်ပြနေခြင်းပဲဖြစ်ပါတယ်။

ဒါကြောင့် အထက်ပါ အခြေအနေတွေထဲက တစ်ခု (သို့)တစ်ခုထက်ပိုပြီး ကြုံတွေ့နေရပြီဆိုရင် အနားယူပြီး သင့်မှာ ဘယ်လိုကိစ္စတွေ ရှိနေသလဲ၊ စိုးရိမ်ပူပန်မှုဖြစ်စေတဲ့ ကိစ္စတွေက ဘာလဲ၊ ဘာကြောင့် သောကများနေရသလဲဆိုတဲ့ စိတ်ဖိစီးမှုကို ဖြစ်ပေါ်စေတဲ့ ရင်းမြစ်ကို လိုက်လံရှာဖွေကြည့်ပါ။ ပြီးရင်တော့ စိတ်ဖိစီးမှုတွေ ပပျောက်သွားစေဖို့ ပြဿနာတွေကို တစ်ဆင့်ချင်းဖြေရှင်းကြည့်ပါလို့ ပညာရှင်တွေ အကြံပြုထားပါတယ်။

Ref ;    Signs You Have A Lot Of Stress,Though You Don’t Even Notice It