စားပေးသင့်တဲ့ သလဲသီး

သလဲသီး။ နီနီရဲရဲ နဲ့ အရောင်အဆင်းက စွဲဆောင်မှုရှိသလို အရသာကလည်း ထူးခြားပါ တယ်။ ဒ့ါအပြင်သလဲသီးတွေမှာ အခြားအသီးများနဲ့ မတူတဲ့ဖွဲ့စည်းတည်ဆောက်မှုမျိုးရှိသလို အဖိုးမဖြတ်နိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ လည်း ရှိနေပါတယ်။ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် အီး နဲ့ ဖောလစ်အက်ဆစ်လိုမျိုး နေ့စဉ်ရှင်သန်ဖို့ ခန္ဓာကိုယ်က မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေ သလဲသီးမှာ ပါရှိပါတယ်။ ဒါ့အပြင် သလဲသီးမှာ ခန္ဓာကိုယ်မှာဖြစ်ပေါ်လာနိုင်တဲ့ ဖျားနာမှု ပုံစံအမျိုးမျိုးကို မဖြစ်ပေါ်လာခင် ကြိုတင်ကာကွယ်ပေးနိုင်ပြီး၊ အကယ်၍  ရောဂါဖြစ်လာခဲ့ပြီဆိုရင်လည်း အမြန်ပြန်လည်သက်သာလာစေဖို့နဲ့ ရောဂါရဲ့ အခြေအနေပိုပြီး ဆိုးမသွားစေအောင် တားဆီးပေးနိုင်တဲ့ anti-oxidant, anti-viral and anti-tumor စတဲ့ အစွမ်းအာနိသင်တွေလည်း ရှိပါတယ်။ ရိုးရာဆေးပညာနဲ့ ခေတ်ပေါ် ဆေးပညာတွေ့ရှိချက်တွေအရ သလဲသီးမှာ အသားအရေကိုနုပျိုပြီး ကြည်လင်စေနိုင်တဲ့ အာဟာရဓာတ်ပေါင်းတွေ ပါရှိတယ်လို့လည်း သိရပါနယ်။ ဒီလို ကျန်း မာရေးနဲ့ အလှအပ အကျိုးကျေးဇူးတွေအပြင် သလဲသီးမှာနောက်ထပ် ကောင်းကျိုးတွေလည်း ရှိနေပါသေးတယ်။ 

နှလုံးကျန်းမာရေး 
သလဲသီးရည်ကို ပုံမှန်သောက်သုံးပေးမယ် ဆိုရင် ကိုယ်တွင်းသွေးလှည့်ပတ်စီးဆင်းမှုကို ပိုပြီး ကောင်းမွန်စေနိုင်တယ်လို့ သိရပါတယ်။ သွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေတဲ့ အာနိသင်က နှလုံးခေတ္တရပ်ခြင်းနဲ့ လေဖြတ်ခြင်းကဲ့သို့သော အသက်အန္တရာယ်ဖြစ်စေတဲ့ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ သလဲသီးမှာပါဝင်တဲ့ Antioxidants ဓာတ်ပေါင်းတွေက သွေးတွင်းကိုလက်စထရောများပြီး သွေးကြောနံရံတွေမှာ စုပုံအနည်ကျတာမျိုး မဖြစ်အောင် တားဆီးပေးနိုင်တာကြောင့် နှလုံးသွေးကြောပိတ်ရောဂါဖြစ်နိုင်ချေကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။ ဒီအချက်တွေကြောင့် သလဲသီးဟာ သင့်နှလုံးရဲ့ ကျန်းမာရေးကို အထောက်အကူပြုပေးနိုင်တဲ့ အသီးတစ်မျိုးဖြစ်တယ်လို့ဆိုရခြင်း ဖြစ်ပါတယ်။

ကင်ဆာ 
သလဲသီးမှာ Flavonoids လို့ခေါ်တဲ့ Antio-xidants တစ်မျိုး ကြွယ်ဝစွာပါဝင်ပါတယ်။ အဆိုပါ Antioxidants ဂုဏ်သတ္တိရှိတဲ့ Flavonoids တွေဟာ ကင်ဆာဆဲလ်တွေပျံ့ပွားမှုကို တိုက်ခိုက်နိုင်တဲ့ အစွမ်းရှိတာကို ပညာရှင်တွေတွေ့ရှိထားပြီး ဖြစ်
ပါတယ်။ ဒါကြောင့် ဆီးကျိတ်ကင်ဆာနဲ့ ရင်သားကင်ဆာ ဖြစ်နိုင်ချေရှိတယ်လို့ စစ်ဆေးတွေ့ရှိထားတဲ့သူတွေကို သလဲသီးရည် သောက်ပေးသင့်တယ်လို့လည်း သိရပါတယ်။ သလဲသီးမှာပါဝင်တဲ့ ကင်ဆာဆဲလ်ကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ကြောင့် ကင်ဆာဖြစ်ပွားလာနိုင်ချေကို သိသိသာသာ လျော့ကျစေမှာ ဖြစ်ပါတယ်။ 

သွားနှင့်ခံတွင်းကျန်းမာရေး 
သလဲသီးရဲ့ တန်ဖိုးအရှိဆုံးအရာဆိုရင် သလဲသီးရည်လို့ ဆိုရမှာဖြစ်ပါတယ်။ သလဲသီးရည်မှာ Antibacterial ဆိုတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်နဲ့ ၊ Antiviral ဆိုရဲ့ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင်တွေ ပါရှိပါတယ်။ အဆိုပါ အာနိသင်တွေက ဘက်တီးရီးယားတွေကြောင့် ဖြစ်ပေါ်လာမယ့် သွားချိုးကပ်ခြင်းကို ကာကွယ်ပေးနိုင်သလို အခြားခြားသော ခံတွင်းနဲ့   ပတ်သက်တဲ့ ရောဂါအမျိုးမျိုးကိုလည်း တာဆီးပေးနိုင်ပါသေးတယ်။ သင်လုပ်ဆောင်ရမယ့် အရာကတော့ သလဲသီးရည်ကို ပုံမှန်လေး သောက်သုံးပေးရုံပဲဖြစ်ပါတယ်။ သလဲသီးရည်ဆိုတဲ့အခါမှာ သဘာဝအတိုင်းရတဲ့ သလဲသီးရည်စစ်စစ်က အစွမ်းအထက်ဆုံးဖြစ်ပြီး သဘာဝသလဲသီးရည်စစ်စစ် ရနိုင်ဖို့မလွယ်ဘူးဆိုရင် အခြားအရောအနှောမပါဘဲ သကြားပါဝင်မှုနည်းတဲ့ အသင့်သောက်သုံးနိုင်တဲ့ သလဲသီးရည်ကို သေချာအချိန်ပေးပြီး ရှာဖွေဝယ်ယူဖို့တော့ လိုအပ်ပါလိမ့်မယ်။ 

အရိုးအဆစ် နဲ့ သွေးကြောများ
သလဲသီးဟာ အထက်မှာ ဖော်ပြထားပြီးခဲ့တဲ့အတိုင်း ခန္ဓာကိုယ်မှာဖြစ်ပေါ်လာနိုင်တဲ့ ဖျားနာမှုပုံစံအမျိုးမျိုးကို မဖြစ်ပေါ်လာခင် ကြိုတင်ကာကွယ်ပေးနိုင်သလို ဖြစ်ပြီးသားရောဂါတွေကိုလည်း မပျောက်ကင်းစေနိုင်ရင်တောင်မှ ရောဂါရဲ့ နောက်ဆက်တွဲခံစားရမယ့် ဝေဒနာတွေကို သက်သာလျော့ပါးစေနိုင်တဲ့ အစွမ်းအာနိသင်ရှိတဲ့ သဘာဝရဲ့ လက်ဆောင်တစ်မျိုးဖြစ်ပါတယ်။ သလဲသီးရဲ့ အာနိသင်တွေထဲမှာ သွေးလွှတ်ကြော မာရောဂါနဲ့ အဆစ်အမြစ်ရောင်ရောဂါတွေ ဖြစ်ပေါ်နိုင်ချေကို လျှော့ချပေးနိုင်စွမ်း ရှိတာလည်း ပါဝင်ပါတယ်။ သလဲသီးက သွေးဖိအားကို လျော့ကျစေပြီး ကိုလက်စထရောတွေ သွေးတွင်းမှာ ဓာတ်တိုးပြီး သွေးကြောတွေ အတွင်းပိတ်ဆို့ခြင်းကို တားဆီးပေးနိုင်တာကြောင့်  သွေးကြောနံရံတွေ ထူပြီးမာလာခြင်းကြောင့် ဖြစ်ပေါ်လာမယ့် သွေးလွှတ်ကြောမာရောဂါကို ကာကွယ်ပေးနိုင်ခြင်း ဖြစ်ပါတယ်။ သလဲသီးစားသုံးပေးတဲ့အခါ သလဲသီးမှာပါဝင်တဲ့ အာဟာရဓာတ်တွေက ခန္ဓာကိုယ်တွင်းက တစ်သျှူးတွေ အချင်းချင်းဆက်သွယ်ထားတာတွေ
ကို ပျက်စီးစေမယ့် အင်ဇိုင်းတွေဖြစ်ပေါ်မှုကိုလည်း ကာကွယ်ပေးနိုင်ပြီး နောက်ဆက်တွဲ အနေနဲ့ ဖြစ်ပေါ်လာမယ့် အဆစ်အမြစ်ရောင်ရောဂါကို တားဆီးပြီးသားဖြစ်စေပါတယ်။

သွေးအားကောင်းစေဖို့ 
ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက် တွေက သင့်ရဲ့ သွေးလှည့်ပတ်မှုစနစ်ကို ကောင်းမွန်စေပါတယ်။ သလဲသီးက ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကောင်းကျိုးပေးနိုင်တဲ့ အသီးတစ်မျိုးဖြစ်တာကြောင့် သလဲသီးမှာလည်း အဆိုပါ အာနိသင်ရှိနေပါတယ်။ သလဲသီးက သွေးတွင်းမှာ သံဓာတ်ပါဝင်မှုပိုမိုများပြားလာအောင် လုပ်ဆောင်ပေးနိုင် တာကြောင့် သင့်ကိုပိုပြီးသွေးအားကောင်းလာစေနိုင်ပါတယ်။ ဒါကြောင့်သွေးအားနည်းတဲ့အခါ ဖြစ်ပေါ်လာမယ့် မောပန်းခြင်း၊ မူးဝေခြင်း၊ အားအင် 
ကုန်ခံခြင်း၊ နားအူခြင်းစတဲ့ ဝေဒနာတွေကို သလဲသီးစားသုံးပေးခြင်းဖြင့် ကြိုတင်ကာကွယ်ထားနိုင်ပါတယ်။ သလဲသီးအလွယ်တကူ မရနိုင်ဘူးဆိုရင်တော့ သလဲသီးရည်ကိုလည်း အစားထိုးသောက်သုံးနိုင်ပါတယ်။ သလဲသီးက ရရှိနိုင်မယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေထဲမှာ အစာချေစနစ်ကို ကောင်းမွန်စေတာ၊ အမျိုးသမီးတွေ ဓမ္မတာပေါ်စဉ် ကြုံတွေ့ရတဲ့ ဝေဒနာတွေကို သက်သာစေနိုင်တာ၊ အယ်လ် ဇိုင်းမားရောဂါ ဖြစ်ပေါ်နိုင်ချေကို လျော့ကျစေတာ၊ အရေးအကြောင်းဖြစ်ခြင်းကို တားဆီးပေးပြီး အ သားအရေကို တင်းရင်းနုပျိုစေတာ စတဲ့ အကျိုးကျေးဇူးတွေလည်း ပါဝင်ပါသေးတယ်။ ဒါကြောင့် အဆိုပါ ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိနိုင်ဖို့ သလဲသီးကို မကြာမကြာစားသုံးပေးပါလို့ တိုက်တွန်းလိုက်ရပါတယ်။ 
Ref ;    Amazing Health Benefits of Pomegranates