အစားအသောက်တွေကပြောတဲ့ သင့်အကြောင်း

လူတစ်ယောက်စီတိုင်းမှာ မတူညီတဲ့ အရသာခံ အာရုံတွေ ရှိကြပါတယ်။ သင်တို့တစ်ဦးစီရဲ့ မျိုးရိုးဗီဇအရ လျှာပေါ်က အရသာခံဘုတွေရဲ့ လုပ်ဆောင်ချက်တွေ ကွဲပြားတာနဲ့အမျှ ကြိုက် နှစ်သက်တဲ့ အရသာတွေလည်း မတူညီဘဲ ကွဲပြားသွားပါတယ်။ သင်က ငရုတ်သီးစပ်စပ် ဟင်းပွဲကို နှစ်ခြိုက်စွာ အပြုံးမပျက်စားနိုင်နေချိန်မှာ သင့်ရဲ့ သူငယ်ချင်းမှာတော့ မျက်ရည်တွေနဲ့ ရှူးရှူးရှဲရှဲဖြစ်နေနိုင်ပါတယ်။ ဒီလို မတူညီတဲ့ အကြိုက်တွေက လူတစ်ယောက်ချင်းစီရဲ့ ကွဲပြားတဲ့ ဗီဇစရိုက်တွေကို အကြမ်းဖျင်း ဖော်ပြနေနိုင်ပါတယ်လို့ လေ့လာမှုတွေ ပြုလုပ်ပြီးနောက် ပညာရှင်တွေ အခိုင်အမာဆိုထားပါတယ်။ လူတစ်ယောက် ကြိုက်နှစ်သက်လေ့ရှိတဲ့ အရသာတွေက သူ့ရဲ့ စိတ်သဘောထားနဲ့ ပင်ကိုယ်စရိုက် လက္ခဏာတွေအကြောင်းကို ဘယ်လို ဖော်ပြနေပါသလဲ။ 

အပူအစပ်တဲ့ ကြိုက်သူ
ပူပြီး စပ်တဲ့အစားအစာများကို ကြိုက်နှစ်သက်တဲ့ သူတွေက ဘာမဆို မကြောက်မရွံ့နဲ့ စမ်းသပ်လုပ်ဆောင်ကြည့်လိုသူများ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ဟာ အပြောင်းအလဲနဲ့ အသစ်အဆန်းဖြစ်စေတဲ့ အရာတွေကို ကြောက်လန့်ရှောင်ဖယ်တတ်သူများ မဟုတ်ကြဘဲ အပြောင်းအလဲ မရှိဘဲ ပျင်းရိစရာကိစ္စတွေ ကြုံတွေ့ရမှာကိုသာ ကြောက်ရွံ့ တတ်ကြသူများ ဖြစ်နေလေ့ရှိပါတယ်။ 

ငရုတ်သီးမှာ ပါဝင်တဲ့ Capsaicin လို့ခေါ် တဲ့ ဒြပ်ပေါင်းတစ်မျိုးဟာ လျှာပေါ်က အရသာခံဘုလေးများကို ပူပြီးစပ်တဲ့ ခံစားမှုမျိုးပေးပြီး Adrenaline ဟော်မုန်းထုတ်လုပ်မှုကို ပိုပြီးလျင်မြန်လာစေပါတယ်။ သဘောကတော့ သင့်ကို အစွန်းအဖျားကို ရောက်ရှိသွားတဲ့ ခံစားမှုမျိုးဖြစ်ပေါ်လာအောင် ပူစပ်တဲ့ အစားအစာများက လှုံ့ဆော်မှုပေးမှာ ဖြစ်ပါတယ်။ သင်ကပူစပ်တဲ့ အစားအစာများကို နှစ်ခြိုက်လေ့ရှိသူဆိုရင်  ဒီလိုခံစားချက်မျိုးကို သဘောကျသူတစ်ဦး ဖြစ်နေနိုင်ပြီး အသည်းတအေးအေးနဲ့ စွန့်စားရတဲ့ အရာတွေကို မကြောက်တတ် တဲ့ သူတစ်ဦးဖြစ်ပါတယ်လို့ အာဟာရဗေဒ ပညာရှင် စာရေးဆရာ Keith Kantor က ဆိုထားပါတယ်။ သူက ဆက်လက်ပြီး အပူအစပ်ကို ကြိုက်နှစ်သက်သူများဟာ အပြောင်းအလဲ တစ်စုံတစ်ရာ  ဖြစ်ပေါ်လာတဲ့အခါ ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေကိုလည်း အခြားသူများထက်ပိုပြီး ခံနိုင်ရည်ရှိတတ်ကြတယ်လို့ သုံးသပ်ထားပါတယ်။ 

သူတို့ကို စိတ်လှုပ်ရှားမှုကို ရှာဖွေလိုကြတဲ့ ပင်ကိုယ်စရိုက်လက္ခဏာများရှိတဲ့ အုပ်စုထဲမှာ ထည့်သွင်းဖော်ပြနိုင်ပါတယ်။ သင်ဟာ အပူအစပ်ကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပြီး စိတ်ကျေနပ်စရာကောင်းလောက်တဲ့ အတွေ့အကြုံတွေကို တွေ့ကြုံခံစားရခြင်း မရှိသေးလို့ အားမလိုအားမရ ဖြစ်နေပါသလား။ ကမ္ဘာလောကကြီးရဲ့ နေရာပေါင်းများစွာက သာမန်ထက်ထူးခြားပြီး စိန်ခေါ်မှု ပြင်းထန်တဲ့ ထိတ်လန့်စရာ အတွေ့အကြုံတွေက သင့်အတွက်ပဲ ဖြစ်ပါလိမ့်မယ်။ 

အခါးကြိုက်သူ
ခါးသက်တဲ့ အရသာများကို နှစ်သက်သူများမှာတော့ အနှုတ်သဘောဆောင်တဲ့ စရိုက်လက္ခဏာမျိုး ရှိနေတတ်ကြတယ်လို့ ပညာရှင်တွေမှတ်ချက် ပြုပါတယ်။ ကော်ဖီ၊ အချိုမပါတဲ့ ချောကလက်၊ သံလွင်သီး၊ ချီကိုရီ (ကော်ဖီရဲ့ အရသာပိုခါးအောင် ရောစပ်လေ့ရှိသည့် အမြစ်တစ်မျိုး)၊ ကိုက်လန်၊ ကြက်ဟင်းခါးသီးစတဲ့ အခါးအရသာ ပြင်းတဲ့ အစားအသောက်များမှာ ကိုလက်စထရော ပမာဏကို ထိန်းချုပ်ပေးပြီး အဆီတွေကို လောင်ကျွမ်းစေတဲ့ ဇီဝကမ္မဖြစ်ပျက်မှုကို ကူညီပေးနိုင်တဲ့ အာနိသင်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ ဒီလို ခါးသက်တဲ့ အရသာကို ကြိုက်နှစ်သက်ပြီး စားချင်စိတ်ဖြစ်ပေါ်လေ့ရှိသူများမှာ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ရက်စက်ခြင်း၊ အတ္တကြီးခြင်း စတဲ့ ပင်ကိုယ်စရိုက်တွေ ပိုင်ဆိုင်ထားဖို့ ရာခိုင်နှုန်းများတယ်လို့ သိရပါတယ်။ သူတို့ဟာ ပေါင်းသင်းဆက်ဆံရေးမှာလည်း သိပ်ပြီး အဆင်ပြေလေ့မရှိကြသလို စိတ်ပိုင်းဆိုင်ရာမှာ တစ်နည်းနည်းနဲ့ ပြဿနာရှိနေသူများတောင် ဖြစ်နေနိုင်ပါတယ်လို့ သုတေသီတွေ ဆိုထားပါတယ်။

Austria နိုင်ငံရှိ University of Innsbruck တက္ကသိုလ်မှ သုတေသီတွေ လေ့လာမှု ပြုလုပ်ပြီးနောက် အခါးအရသာကို အလွန်နှစ်သက်လေ့ရှိသူများမှာ အထက်မှာဖော်ပြထားခဲ့တဲ့ အနှုတ်သဘောဆောင်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ထွက်ပေါ်လာဖို့ သေချာသလောက်ရှိတယ်လို့ ဆိုထားတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် အခါးအရသာကို သာမန်ထက်ပိုပြီး စွဲလန်းနေတယ်ဆိုရင်တော့ သင့်ကိုယ်သင် ပြန်လည်ဆန်းစစ်ကြည့်သင့်ကြောင်း အကြံပြုလိုပါတယ်။ 

အငန်ကြိုက်သူ
ငန်ကြွပ်ကြွပ် အာလူးကြော်တွေနဲ့ ဆားနယ်ထားတဲ့ အသားခြောက်တွေ၊ ငါးခြောက်တွေက သင်အကြိုက်ဆုံး အစားအစာများစာရင်းမှာ ပါနေ  ပါသလား။ ကြိုက်နှစ်သက်ပြီး အမြဲတမ်းလိုလို စားချင်နေတာမျိုးမဟုတ်ဘဲ တစ်ခါတရံမှ အငန်ဓာတ်ကဲတဲ့ အစားအစာများကို စားချင်စိတ်ဖြစ်ပေါ်လာတာမျိုးကတော့ သင့်ခန္ဓာကိုယ်က သတ္တုဓာတ်တွေ ချို့တဲ့လာခြင်းနဲ့ ဆက်စပ်မှုရှိပါတယ်။ သင်နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ သံဓာတ်တွေ ချို့တဲ့နေပြီဆိုတာကို အချက်ပြနေခြင်းလည်း ဖြစ်ပါတယ်။ 

ဒီလိုမဟုတ်ဘဲ ငန်တဲ့ အစားအစာများကို ကြိုက်နှစ်သက်ပြီး ဘယ်လိုအစားအသောက်မျိုးကိုမဆို အရသာလေးလေး စားချင်သူများကတော့ ရည်မှန်းချက်ကြီးပြီး ပြိုင်ဆိုင်လိုစိတ် ပြင်းထန်သူတွေ ဖြစ်ကြတယ်လို့ ပညာရှင်တွေ ကောက်ချက်ချထားပါတယ်။ အသိအမှတ်ပြုခံလိုတဲ့ စိတ်မျိုးရှိကြပြီး လုပ်ငန်းခွင်မှာသာမက လူမှုဘ၀မှာပါ ဆုလာဘ်ကဲ့သို့သော သူတို့ကို အသိအမှတ်ပြုတဲ့ ကိစ္စမျိုးကို အလွန်လိုလားကြသူများလည်း ဖြစ်ပါတယ်။ တစ်ခြားတစ်ဖက်မှာတော့ အလွယ် တကူ စိတ်တို၊ စိတ်ရှုပ်လွယ်ကြသူများဖြစ်ကြပြီး အသေးအဖွဲကိစ္စလေးတွေကိုတောင်မှ သည်းမခံနိုင်ဘဲ အလွယ်တကူ ဒေါသထွက် ပေါက်ကွဲချင်သူများလည်း ဖြစ်နေပြန်ပါသေးတယ်။ အ၀တ်အစားရွေးချယ်လို့ အဆင်မပြေတာက အစ ဈေးဝယ်စင်တာမှာ တန်းစီနေရတာ အလယ် ကားလမ်းပိတ်တဲ့ ကိစ္စအဆုံး သူတို့ကို အဆင်မပြေဖြစ်စေပါတယ်။ 

အငန်ကြိုက်သူများဟာ စူပါအရသာခံ အာရုံကို ပိုင်ဆိုင်ထားကြသူများ ဖြစ်နေလေ့ရှိပြီး သာမန်လူများထက် အရသာခံဘုအရေအတွက် ပိုပြီး ရှိနေတတ်ကြတာကိုလည်း လေ့လာမှုတွေမှ တစ်ဆင့်တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ခါးတဲ့ အရသာတွေနဲ့ အခြားပြင်းရှတဲ့ အရသာများကို နှစ်သက်လေ့ မရှိတတ်ကြဘူးလို့လည်းသိရပါတယ်။ သူတို့ဟာ အငန်ဓာတ်ကိုပဲ နှစ်သက်လေ့ရှိကြပါတယ်။ 

ဒါကြောင့် သင်ဟာ တစ်ခါတရံမှ ငန်တဲ့အစားအစာတွေကို စားချင်စိတ်ဖြစ်ပေါ်သူလား၊ ဒါမှမဟုတ်အငန်ဓာတ်ကို ကြိုက်ကို ကြိုက်သူလားဆိုတဲ့ မေးခွန်းပေါ်လာပါပြီ။ သင့်အဖြေပေါ် မူတည်ပြီး သင့်မှာ ဘယ်လိုအကျင့်စရိုက်တွေ ရှိနိုင်မလဲဆိုတဲ့ အဖြေက ကွဲပြားသွားနိုင်ပါတယ်။

အချိုကြိုက်သူ
အချိုကြိုက်သူများ။ သူ့ရဲ့ အရသာခံ အာရုံလိုပဲ သူ့ရဲ့ဗီဇစရိုက်က ချိုမြတယ်လို့ ပြောလို့ရပါ တယ်။ သူတို့ဟာ သူတစ်ပါးကို ကူညီလိုစိတ်ရှိကြသူများဖြစ်သလို  စိတ်ထားပျော့ပြောင်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ သူများလည်း ဖြစ်ပါတယ်။ စိတ်ကူး
ယဉ်ရတာကို ကြိုက်နှစ်သက်သလို လူတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးရှိတာကိုလည်း မက်မောကြပါတယ်။ တစ်ဦးတစ်ယောက်ကို ခင်တွယ်မိပြီဆိုရင် အဆိုပါ ဆက်ဆံရေးကို ဘယ်လို အခြေအနေမျိုးမှာဖြစ်ဖြစ် ဖက်တွယ်ထားတတ်ကြပါတယ်။

အမှန်တရားနဲ့ အချက်အလက်တွေထက် စိတ်ခံစားမှုကို ပိုအားကိုးတတ်ကြပြီး ကိစ္စတိုင်းကို သာမန်ထက်ပိုပြီး သည်းသည်းလှုပ် ခံစားတုန့်ပြန်လေ့ရှိတဲ့ သူများဖြစ်နေတတ်ပါတယ်။ အချိုကြိုက်သူများထဲမှာမှ ချောကလက် အချိုကို မက်မက်မောမော နှစ်သက်သူများထံမှာ အထက်ဖော်ပြပါ အမူအကျင့်တွေ ပိုပြီး ထင်ထင်ရှားရှားတွေ့ရလေ့ရှိတယ်လို့လည်း ပညာရှင်တွေဆိုထားပါတယ်။ လက်တွေ့ဘ၀နဲ့ သိပ်ပြီး နီးနီးစပ်စပ် မရှိသူတွေလို့ ပြောလို့ရသလို ထိလွယ်ရှလွယ်တဲ့ စိတ်သဘောထားမျိုး ရှိကြသူတွေလို့လည်း သတ်မှတ်လို့ ရပါတယ်။ သူတို့ရဲ့ ပင်ကိုယ်စရိုက်မှာ အပေါင်းနဲ့ အနှုတ်လက္ခဏာ နှစ်မျိုးလုံး လွှမ်းမိုးနေတာကို တွေ့မြင်ရမှာပါ။ 

ယောက်ျားဆန်လွန်းတဲ့ အရည်အသွေးကို ပိုင်ဆိုင်ထားပြီး အဆိုပါ အရည်အသွေးကို ဂုဏ်ယူကာ ကိုယ့်ကိုကိုယ် ပိုပြီး ဂရုစိုက်တတ်တဲ့ အမျိုးသားတွေနဲ့ မိန်းမဆန်တဲ့ အရည်အသွေးတွေရှိပြီး စိတ်ထားပျော့ပြောင်းလွန်းတဲ့ အမျိုးသမီးတွေဟာ များသောအားဖြင့် အချိုဓာတ်ကို ကြိုက်နှစ်သက်သူများဖြစ်နေလေ့ရှိတယ်လို့လည်းသိရပါတယ်။ 

အချဉ်ကြိုက်သူ
အချဉ်ဓာတ်ကို သင့်ရဲ့ လျှာက တောင့်တလာပြီဆိုရင်တော့ သင့်မှာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်သောကတွေ များနေပြီဆိုတဲ့ လက္ခဏာကို ပြနေတာပါ။ ဘရာဇီးနိုင်ငံက ပညာရှင်တွေဟာ သံပုရာမျိုးနွယ်ဝင် အသီးတွေရဲ့ ရနံ့ဟာ စိတ်ကို တည်ငြိမ်စေနိုင်တဲ့ အာနိသင်ရှိတာကို တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် သင်စိတ်မရွှင်မလန်းနဲ့ မအီမသာ ဖြစ်နေတဲ့အခါမှာ လိမ္မော်သီးစားပေးတာ၊ သံပုရာရည်သောက်ပေးတာမျိုး ပြုလုပ်လိုတဲ့ ဆန္ဒဖြစ်ပေါ်လာတတ်တာဖြစ်ပါတယ်။ ဒါ့အပြင် သံပုရာသီး၊ ရှောက်သီး၊ လိမ္မော်သီး စတဲ့အသီးတွေဟာ ကိုယ်ခံအားစနစ်ကို သိသိသာသာ တိုးတက်ကောင်းမွန်စေနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရှိပြီး လူတိုင်းနီးပါး ဒီအချက်ကို သိထားကြပါတယ်။ ဒါ့ကြောင့် လက်ရှိခံစားနေရတဲ့ ဝေဒနာကို
သက်သာစေလိုတာမျိုးမဟုတ်ဘဲ မဖြစ်သေးတဲ့ သင့်ရဲ့ ကျန်းမာရေးကို မသိစိတ်က စိုးရိမ်မိတဲ့အခါမှာလည်း အဆိုပါ အသီးတွေကို စားချင်စိတ်ဖြစ် ပေါ်လာလေ့ရှိတတ်တယ်လို့ ပညာရှင်တွေ ဆိုထားပါတယ်။ ကောက်ချက်ချရမယ်ဆိုရင် အချဉ်ကြိုက်တတ်သူများ (သို့မဟုတ်) အချဉ်စားချင်စိတ် မကြာခဏ ဖြစ်ပေါ်လေ့ရှိသူများဟာ သာမန်ထက် စိုးရိမ်သောက ပိုတတ်သူများလို့ ဆိုရမှာပဲဖြစ်ပါတယ်။

အခါးအရသာကို နှစ်သက်သူများ မကြိုက်ဆုံးအရသာက အချဉ်ဓာတ်ဖြစ်ပါတယ်။ အကယ်၍ သင်က အချဉ်ကြိုက်တတ်သူဆိုရင် သင့်ရဲ့ အကျင့်စရိုက်က အခါးကြိုက်သူနဲ့ ပြောင်းပြန်ဖြစ်သွားပါလိမ့်မယ်။ အချဉ်မကြိုက်သူတွေဟာ အစားအသောက်နဲ့ ပတ်သက်ပြီး ဇီဇာကြောင်တတ်ကြသူများ ဖြစ်တာကြောင့် သင်က အချဉ်ကြိုက်သူတစ်ယောက်ဆိုရင် ဘယ်လိုအစားအစာမျိုးကိုမဆို မကြိုက်ရင်တောင် စားနိုင်သူတစ်ဦးလို့ သတ်မှတ်နိုင်ပါပြီ။ အစားအသောက်က စတဲ့ လူမှုရေး ပြဿနာများကလည်း သေးမယောင်နဲ့ ကြီးကျယ်သွားလေ့ရှိတတ်ပါတယ်။ သင်ရဲ့ အရသာခံဘုတွေက သံပုရာသီးရဲ့ အချဉ်အရသာကို သည်းခံနိုင်တယ်ဆိုရင်တော့ သင့်မှာ အထက်ဖော်ပြပါ ပြဿနာတွေ မကြုံဖို့ ရာခိုင်နှုန်းတော်တော်များ
နေပါပြီ။ 

နောက်ထပ် အစားအသောက်အုပ်စုတစ်မျိုးနဲ့ ဆက်စပ်တဲ့ အမူအကျင့်တစ်မျိုး ရှိနေပါသေးတယ်။ အစားအသောက် ထူးထူးဆန်းဆန်းတွေကို ကြိုက်နှစ်သက်တဲ့ အကျင့်ပါ။ ပုရစ်ကြော်၊ ဖားကြော်၊ ခရုဟင်း၊ ဆာရှိမိ နဲ့ အခြား နေ့စဉ် စားနေကြ အစားအစာအုပ်စုများထဲမှ ခွဲထွက်နေတဲ့ အစားအစာများကို ကြိုက်နှစ်သက်သူများဟာ ပင်ကိုယ်အားဖြင့် ပြောင်းသာလွှဲသာရှိတဲ့ အကျင့် စရိုက်မျိုးကို ပိုင်ဆိုင်ကြပြီး အသစ်အဆန်းတွေကို လွယ်လွယ်ကူကူ လက်ခံနိုင်ကြသူများ ဖြစ်တတ်ကြပါတယ်။ ကတိလည်း တည်တတ်ကြတယ်လို့ ဆိုပါတယ်။ 
Ref ;    Your Favorite Food Reveals SCARY Personality Traits