ပဲပင်ပေါက် : ဘာကြောင့်စားပေးသင့်သလဲ

ပဲပင်ပေါက်တွေ။ ကလေးတိုင်း ငယ်ငယ်တုန်းက မနှစ်သက်ပေမယ့် စားကိုစားခဲ့ရမယ့် အစားအသောက်တွေထဲက တစ်ခုဖြစ်ပါတယ်။ အသက်ကြီးလာချိန်မှာ ပြဿနာမဟုတ်တော့ပေမယ့် ချိုလည်းမချို၊ မွှေးလည်းမမွှေးဘဲ အရသာရယ်လို့ ပြောရလောက်အောင် ထူးထူးခြားခြားမရှိတဲ့ အဆိုပါ အမျှင်တွေကို သင်ငယ်စဉ်က နှစ်သက်ချင်မှ နှစ်သက်ခဲ့ပါလိမ့်မယ်။ ဒါပေမဲ့လည်းပဲပင်  ပေါက်တွေကို စားကိုစားပေးသင့်တဲ့ အကြောင်းအရင်းတွေ တန်းစီပြီးရှိနေပါတယ်။ တန်ဖိုးနည်းပြီး အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ဒီမထူးခြားတဲ့ အပင်တွေမှာ အဖိုးဖြတ်မရနိုင်တဲ့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာနိသင်တွေ ရှိနေပါတယ်။ ပဲပင်ပေါက်မှာပါဝင်တဲ့ အာဟာရဓာတ်တွေက သင့်ရဲ့ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုနေပါသလဲ။ 

အစာချေစနစ်အတွက်
ပဲပင်ပေါက်ကနေ ရရှိနိုင်မယ့် အကောင်းဆုံးအရာဆိုရင် အင်ဇိုင်းတွေ သာမန်ထက်ပိုပြီးများ ပြားစွာပါရှိနေခြင်းပါ။ အဆိုပါ အင်ဇိုင်းတွေမှာ  ခန္ဓာကိုယ်က ဇီဝကမ္မ ဖြစ်ပျက်မှုတွေနဲ့ ဓာတုတုန့် ပြန်မှုလုပ်ငန်းစဉ်တွေ လုပ်ဆောင်တဲ့ အခါမှာပိုပြီး မြန်ဆန်ချောမွေ့စေအောင် ကူညီပေးနိုင်တဲ့ အာနိသင်တွေ ရှိနေပါတယ်။ အဓိကအားဖြင့် အရေးပါတဲ့ ဇီဝကမ္မလုပ်ငန်းတစ်ခုဖြစ်တဲ့ အစာချေဖျက်ခြင်းလုပ်ငန်းကိုဆောင်ရွက်ရာမှာ ပဲပင်ပေါက်မှာပါရှိ တဲ့ အင်ဇိုင်းတွေက အလွန်ကိုအထောက်အကူပြု ပေးနိုင်ပါတယ်။ သူတို့ဟာ စားသုံးလိုက်တဲ့ အစားအသောက်တွေကို ဖြိုခွဲဖို့နဲ့ ရရှိလာတဲ့ အာဟာရဓာတ်ကိုခန္ဓာကိုယ်က အလေအလွင့်မရှိ စုပ်ယူနိုင်ဖို့ ကူညီပေးကြပါတယ်။ ပဲပင်ပေါက်မှာ Dietary Fiber လို့ခေါ်တဲ့ အမျှင်ဓာတ်ကြွယ်ဝစွာပါရှိတာ ကလည်း သင့်ရဲ့အစာချေစနစ်ကိုပိုပြီးကျန်းမာ စေနိုင်တဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ အမျှင်ဓာတ်ပါဝင်မှုကြောင့် အစာချေဖျက်ဖို့ ပိုပြီးလွယ်ကူစေကာ အူလမ်းကြောင်းတစ်လျှောက်က အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တာကြောင့်  အစာဟောင်းစွန့်တဲ့ စနစ်အတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ မကြာခဏ ဝမ်းချုပ်ခြင်းက နောက်ဆက်တွဲအနေနဲ့ အပရိက ကျန်းမာရေး ပြဿနာများဖြစ်ပေါ်လာစေနိုင်သလို အူမကြီးကင်ဆာကဲ့သို့သော အသက်အန္တရာယ်ဖြစ်စေတဲ့ ရောဂါများလည်း ဖြစ်ကောင်းဖြစ်လာစေနိုင်ပါ တယ်။ ပဲပင်ပေါက်မှာအဆိုပါ ပြဿနာကိုဖြေရှင်းပေးနိုင်တဲ့ သဘာဝ အာဟာရဓာတ်တွေ ပါရှိနေပါတယ်။ 

ဇီဝကမ္မဖြစ်ပျက်မှုများအတွက် 
ပဲပင်ပေါက်မှာပါတဲ့ အင်ဇိုင်းတွေက ဇီဝကမ္မဖြစ်စဉ်တွေကို တိုးမြင့်ဖြစ်ပျက်စေဖို့ ကူညီပေးနိုင်တယ်ဆိုတာကို အထက်မှာ ဖော်ပြခဲ့ပြီးပါပြီ။ ပဲပင်ပေါက်မှာ ကြွယ်ကြွယ်ဝဝ ပါရှိနေတဲ့ အင်ဇိုင်းတွေက သာမန်အားဖြင့် အခြားအစားအသောက်တွေမှာ တွေ့ရခဲပါတယ်။ ဒါကြောင့် အစုလိုက် အပြုံလိုက် ပါဝင်နေတဲ့ အင်ဇိုင်းတွေရဲ့ အာနိသင်ကသင့်ရဲ့ ခန္ဓာကိုယ်ထဲက ဇီဝဖြစ်စဉ်တွေကို စားသုံးပြီးနောက် ချက်ချင်းဆိုသလို အရှိန်မြင့်စေအောင် လုပ်ဆောင်ပေးနိုင်စွမ်းရှိနေပါတယ်။ ဒါ့အပြင် ပဲပင်ပေါက်မှာ ပရိုတိန်းဓာတ်လည်း ပမာဏ တော်တော်များများပါရှိပါတယ်။ ဆဲလ်အသစ်တွေဖြစ်ပေါ်ဖို့၊ ဖြစ်ပေါ်ပြီးသားဆဲလ်တွေကို ထိန်းသိမ်းဖို့၊ ခန္ဓာကိုယ်ရဲ့အင်္ဂါအစိတ်အပိုင်းတွေကို ပြုပြင်ဖို့၊ အရေပြားတွေ အသစ်ပြောင်းလဲဖို့၊ အရိုးတွေ 
ကြီးထွားစေဖို့၊ ကြွက်သားတွေ ဖွံ့ဖြိုးလာဖို့နဲ့ အခြားသောကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ကဏ္ဍအသီးသီးအတွက် ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်က ပရိုတိန်းဓာတ်ကို နေ့စဉ် လုံလောက်စွာရရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ပရိုတိန်းဓာတ် ကြွယ်ဝစွာ ပါဝင်နေတဲ့ ပဲပင်ပေါက်ဟာ ကျန်းမာရေးကောင်းမွန်ဖို့နဲ့  ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့အတွက် အလွန်အထောက် အကူပြုနိုင်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အသားငါးမစားတဲ့ သူတွေအတွက် ပဲပင်ပေါက်ဟာ ပရိုတိန်းဓာတ်ရရှိနိုင်မယ့် သက်သတ်လွတ်ရင်းမြစ်
တစ်ခုလို့လည်း ယူဆနိုင်ပါတယ်။ 

သွေးအားကောင်းဖို့အတွက်
သင်နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေထဲမှာ Iron သို့မဟုတ် သံဓာတ်လုံလောက်စွာ ပါဝင်ခြင်းမရှိတဲ့အခါ သွေးတွင်းမှာသွေးနီဥ ပမာဏလျော့နည်းလာမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သံဓာတ်ဟာ သွေးနီဥထုတ်လုပ်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုး  ဖြစ်လို့ပါပဲ။ အကယ်၍ သံဓာတ်ချို့တဲ့မှုကြောင့် သွေးတွင်းမှာ သွေးနီဥပမာဏကျဆင်းလာပြီဆိုရင် အလွယ်တကူ မောပန်းလာတာ၊ အာရုံထွေပြားလာ တာ၊ မူးဝေအော့အန်တာ၊ အစားအသောက်ပျက်တာစတဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာလေ့ရှိပါတယ်။ ဒါကိုသွေးအားနည်းတဲ့ လက္ခဏာလို့လည်း ဆိုလေ့ ရှိကြပါတယ်။ ကျန်းမာပြီး သွေးအားကောင်းနေဖို့ သင်နေ့စဉ်စားသောက်တဲ့ အစားအသောက်တွေမှာ တစ်နေ့တာအတွက်လိုအပ်တဲ့ သံဓာတ်ပမာဏလုံလောက်စွာပါရှိဖို့ လိုအပ်ပါတယ်။ ပဲပင်ပေါက်မှာ သွေးအားကောင်းဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ သံဓာတ်ပါဝင်သလို သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး သွေးတွင်းမှာ အောက်ဆီဂျင်ပါဝင်မှု ပိုမိုများပြားလာစေအောင် လုပ်ဆောင်ပေးနိုင်မယ့် Copper သတ္တုဓာတ်လည်း ပါဝင်ပါသေးတယ်။

နှလုံးကျန်းမာရေးအတွက်
ပဲပင်ပေါက်ဟာ Omega-3 Fatty acids ကို များများစားစားရရှိနိုင်တဲ့ ရင်းမြစ်တစ်ခုလည်း ဖြစ်နေပါသေးတယ်။ Omega-3 Fatty acids ဟာ အဆီတစ်မျိုးဖြစ်ပြီး ကိုလက်စထရောအုပ်စုထဲမှာ ပါဝင်ပါတယ်။ ဒါပေမဲ့ HDL cholesterol လို့ခေါ်တဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့  ကိုလက်စထရောအမျိုးအစားဖြစ်ပြီး သွေးကြောတွေနဲ့ သွေးလွှတ်ကြောတွေထဲမှာ စုပုံနေတဲ့ မကောင်းတဲ့ အဆီနဲ့ ကိုလက်စထရောတွေကို ဖယ်ရှားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ Omega-3 Fatty acids မှာ သဘာဝအတိုင်းရောင်ရမ်းမှုကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိတာကြောင့် သွေးဖိအားကြောင့် နှလုံးသွေးကြောတွေ ရောင်ရမ်းခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ ပဲပင်ပေါက်မှာ ပါဝင်တဲ့ Potassium က သွေးကြောတွေကို
ပျော့ပြောင်းစေပြီး သွေးဖိအားကို လျော့ကျစေနိုင်တာကြောင့် သွေးဖိအားမြင့်ခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ သွေးတိုးနဲ့နှလုံးသွေးကြောဆိုင်ရာရောဂါ များဖြစ်နိုင်ချေကိုနည်းပါးစေသလို ပျော့ပြောင်းနေတဲ့ သွေးကြောကသွေးစီးဆင်းမှုကို ပိုမိုကောင်းမွန်စေတာကြောင့် သွေးတွင်းမှာအဆီနဲ့ ကိုလက်စထရောတွေ စုပုံအနည်ကျတာမျိုးမဖြစ်အောင်လည်း တားဆီးပေးနိုင်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ နှလုံးသွေးကြောကျဉ်းခြင်း၊ Heart Attack နဲ့ လေဖြတ်ခြင်းကဲ့သို့သော အသက်အန္တရာယ် ဖြစ်စေနိုင်တဲ့ ကျန်းမာရေးအခြေအနေများကို အနည်းနဲ့ အများ ကာကွယ်ပြီးသားဖြစ်စေပါတယ်။ တစ်နည်းအားဖြင့် ပဲပင်ပေါက်စားသုံးပေးခြင်းက သင့်နှလုံးရဲ့ကျန်းမာရေးကိုပိုမိုကောင်းမွန်စေနိုင်တယ်လို့ ဆိုလိုနေခြင်းဖြစ်ပါတယ်။ 

ရင်သွေးလေးအတွက် 
Neural tube defects ဆိုတာက မိခင်ဖြစ် သူမှာ ဗီတာမင် B complex အုပ်စုထဲမှာပါဝင်တဲ့ Folate လို့ခေါ်တဲ့ အာဟာရဓာတ်တစ်မျိုးချို့တဲ့ခြင်းကြောင့် ဝမ်းဗိုက်ထဲက ကလေးငယ်လေးမှာ ဖြစ်ပေါ်တတ်တဲ့ အာရုံကြောအဖွဲ့အစည်းချို့ယွင်းတဲ့ အခြေအနေတစ်မျိုးဖြစ်ပါတယ်။ ပဲပင်ပေါက်မှာပါဝင်တဲ့ အာဟာရဓာတ်များစာရင်းကို သင်ကြည့်လိုက်မယ်ဆိုရင် Folate ပမာဏတော်တော် များများနဲ့ ဖွဲ့စည်းထားတာကိုတွေ့ရမှာပါ။ ကိုယ်ဝန်ဆောင်မိခင် တစ်ယောက် တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရ၊  ဗီတာမင် နဲ့ သတ္တုဓာတ်တော်တော်များများလည်း ပါရှိနေသေးတယ်။ ဒါ့ကြောင့် ရင်သွေးလေးနဲ့ မိခင်ရဲ့ကျန်းမာရေးအတွက် သင်မကြိုက်ဘူးဆိုရင်တောင် ကိုယ်ဝန်ဆောင်နေ စဉ်ကာလတစ်လျှောက်မှာ ပဲပင်ပေါက်ကို မကြာမကြာစားပေးသင့်ပါတယ်။ အကယ်၍သင်ဟာ အရာရာကို စေ့စပ်သေချာချင်သူတစ်ဦးဆိုရင်တော့ သင့်ရဲ့ နေ့စဉ်အစားအသောက်စာရင်းမှာ ပဲပင်ပေါက်ကို ထည့်သင့်မသင့် ဆရာဝန်နဲ့ အရင်ဆုံးဆွေးနွေးတိုင်ပင်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ 

ကင်ဆာရောဂါအတွက်
ပဲပင်ပေါက်မှာ Antioxidant ဂုဏ်သတ္တိရှိတဲ့ ဗီတာမင် C နဲ့ ဗီတာမင် A ပါဝင်သလို အမိုင်နိုအက်စစ်၊ ပရိုတိန်းနဲ့ အင်ဇိုင်းတွေလည်း ပါဝင်ပါတယ်။ အဆိုပါ အာဟာရဓာတ်တွေက  ခန္ဓာကိုယ်ကိုလိုအပ်တဲ့ အာဟာရဓာတ်တွေ ထောက်ပံ့ပေးရုံတင်မကဘဲ ဘေးဥပါဒ်ဖြစ်စေတဲ့  Free Radical တွေလို ဓာတ်ပစ္စည်းတွေ ဓာတ်တိုး ခြင်းမှလည်း ကာကွယ်ပေးနိုင်ကြပါတယ်။ Free Radical ဆိုတာက အသက်ရှင်ဖို့အတွက် ဇီဝ ဖြစ်ပျက်မှုတွေလုပ်ဆောင်စဉ် သဘာဝအရ ထွက်ရှိလာတဲ့ ကျန်းမာရေးကိုဒုက္ခပေးနိုင်တဲ့ ဘေးထွက်ပစ္စည်းများဖြစ်ပြီး အဆိုပါ ပစ္စည်းတွေ ဓာတ်တိုးခြင်းကြောင့် ဆဲလ်တွေဖောက်ပြန်ကာ ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။ နှလုံးရောဂါ၊ အရွယ်မတိုင်ခင်အိုမင်းခြင်း၊ မှတ်ဥာဏ်ချို့ယွင်းခြင်းနဲ့ အသက်အရွယ်နဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာများစွာကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ပဲပင်ပေါက် မှာပါတဲ့ သဘာဝ အာဟာရဓာတ်များကအဆိုပါ ရောဂါတွေ ဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်တာကြောင့် စားသုံးပေးသင့်တဲ့ အစားအစာတစ်မျိုးအဖြစ် ပညာရှင်တွေ ထောက်ခံချက်ပေးထားကြတာဖြစ်ပါတယ်။ 

ပဲပင်ပေါက်ဟာ ဈေးနှုန်းချိုသာပြီး ကျန်းမာရေးအတွက် အလွန်သင့်တော်တဲ့ အစားအစာတစ်မျိုးဖြစ်တယ်ဆိုတာကို အထက်ဖော်ပြပါ အချက်အလက်များကို သိရပြီးနောက် သံသယ ဖြစ်စရာမရှိတော့ပေမဲ့ သတိပြုသင့်တဲ့ အချက်တော့ ရှိနေပါသေးတယ်။ ပဲပင်ပေါက်ကအစိမ်းစားနိုင်ရင် ပိုပြီးအကျိုးရှိပါတယ်။ ဒါပေမဲ့ ပဲပင်ပေါက်ရဲ့ သဘာဝအရ ဘက်တီးရီးယားတွေ အလွယ်တကူ ပေါက်ဖွားနိုင်တာကြောင့် မစားခင်မှာသေသေချာချာဆေးကြောပေးဖို့တော့ လိုအပ်ပါလိမ့်မယ်။ 
Ref ;    Health Benefits of Sprouts