ဘယ်အချိန်မှာ စားရမလဲ

နံနက်ခင်း အိပ်ရာကထပြီဆိုတာနဲ့ တစ်နာရီအတွင်းမှာ နံနက်စာကို စားကို စားပေးသင့်ပါတယ်။ ဒါမှသာ ညဘက် အိပ်ပျော်ခြင်းဖြစ်စဉ်နဲ့ ဆက်စပ်ပြီး နှေးကွေးရပ်တန့်သွားတဲ့ ခန္ဓာကိုယ်က ဇီဝဖြစ်စဉ်တွေကို နှိုးဆွပေးသလိုဖြစ်စေပြီး သင့်ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းက လုပ်ငန်းစဉ်တွေကို စတင်လည်ပတ်စေမှာ ဖြစ်ပါတယ်။ နေ့လယ်စာကိုတော့ နာမည်အတိုင်း မွန်းလွဲပိုင်းနေ့ခင်းမှာ စားပေးရမှာဖြစ်ပြီး ညစာကိုတော့ ၇ နာရီ နောက်အကျဆုံးထားပြီး စားပေးသင့်တယ်လို့ ပညာရှင် 
တွေဆိုပါတယ်။ ဒါက သင့်ရဲ့တစ်နေတာအတွက် လိုအပ်တဲ့  အာဟာရတွေကို အစားအသောက်တွေကတစ်ဆင့် ဖြည့်တင်းရမယ့် အချိန်ဇယားပါ။

ဒါ့အပြင် ဒီအစားအသောက်တွေထဲမှာ ပါဝင်တဲ့ အစားအစာနဲ့ အသီးအနှံတွေကိုလည်း သင့်တော်တဲ့အချိန်မှာ မှန်ကန်စွာ ရွေးချယ်စားသောက်တတ်ဖို့ လိုအပ်ပါသေးတယ်။ အချို့အစားအစာတွေက စားသင့်တဲ့အချိန် အပိုင်းအခြားမှာ စားသောက်ပေးမှာ သူ့မှာပါဝင်တဲ့ အာဟာရဓာတ်တွေကို အပြည့်အ၀ရရှိနိုင်မှာဖြစ်ပြီး အချိန်မှားပြီးစားမိရင်တော့ သင့်ရဲ့အစာအိမ်ကို သူတို့က ဒုက္ခပေးပါလိမ့်မယ်။ 

ဒါကြောင့် ဘယ်အစားတွေကို ဘာကြောင့် ဘယ်အချိန်မှာ စားပေးသင့်ပြီး ဘယ်အချိန်မှာတော့ ရှောင်သင့်သလဲဆိုတဲ့ အကြောင်းအရာကို ဖော်ပြပေးလိုက်ရပါတယ်။ 

Almond (သို့) ဗာဒံစေ့
Almond (သို့) ဗာဒံစေ့က ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစေ့အဆန်တစ်မျိုးပါ။ Almond မှာ ခန္ဓာကိုယ်ရဲ့ကျန်းမာရေးအတွက်  အလွန်ကောင်းမွန်တဲ့ Omega-3 Fatty Acid ပါဝင်တဲ့ အပြင် နေ့စဉ် အသက်ရှင်ဖို့မရှိမဖြစ် လိုအပ်တဲ့ ပရိုတိန်းတွေ၊ အရိုးကျန်းမာရေးအတွက် ကယ်ဆီယမ်တွေ စတာတွေပါ ပါဝင်နေပါသေးတယ်။ ဒါ့အပြင် Almond ဟာ Acid ပါဝင်မှု အနည်းဆုံးအစေ့အဆန် တစ်မျိုးဖြစ်တာကြောင့် ခန္ဓာကိုယ်အတွက် အသင့်တော်ဆုံးအစေ့အဆန် တစ်မျိုးလို့တောင် ဆိုနိုင်ပါသေးတယ်။ 

အသင့်တော်ဆုံး အချိန်
ဖြစ်နိုင်ရင် ညနေပိုင်းမှာအစေ့အဆန်တွေ စားသုံးခြင်းမျိုး ရှောင်ကြဉ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစေ့အဆန်တွေမှာ ကယ်လိုရီပမာဏတော်တော်များများပါရှိတတ်ပြီး အကယ်၍ အဲဒီကယ်လိုရီတွေကို ခန္ဓာကိုယ်ကလှုပ်ရှားမှု အနည်းဆုံးဖြစ်တဲ့ ညဘက်လိုအချိန်မျိုးမှာစားသုံးမယ်ဆိုရင် ရေရှည်မှာကိုယ်အလေးချိန် တိုးလာနိုင်ပါတယ်။ အကောင်းဆုံးစားသုံးသင့်တဲ့ အချိန်ကတော့ နေ့လယ်ခင်းအချိန်ဖြစ်ပြီး သင်စားသုံးလိုက်တဲ့ အစေ့အဆန်မှာပါဝင်တဲ့ ကယ်လိုရီတွေက သင့်ခန္ဓာကိုယ်ကြီးလှုပ်ရှားဖို့ လိုအပ်တဲ့ စွမ်းအင်အဖြစ် ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ 

လိမ္မော်သီး 
သင်နေ့စဉ် စားသုံးနေတဲ့ အစားအစာများ စာရင်းမှာ အသီးအနှံတွေဆိုတာ အလွန်အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်နေပါတယ်။ ကျန်းမာတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ဖို့အတွက် နေ့စဉ်  အသီးအနှံတစ်မျိုးမျိုး စားပေးသင့်တာမှန်ပေမဲ့ အဆိုပါ အကြံပြုချက်က ထင်သလောက် ရိုးစင်းလွယ်ကူတဲ့ ကိစ္စ တစ်ခုမဟုတ်ဘူးလို့ဆိုပါတယ်။ သင်စားသုံးမယ့် အသီးအနှံတွေထံမှ အာနိသင်တွေ အပြည့်အ၀ရရှိနိုင်ဖို့ ဘယ်အချိန်မှာစားသုံးဖို့ အသင့်တော်ဆုံးလည်းဆိုတဲ့ ကိစ္စတစ်ရပ်ကိုသင်သိထားဖို့ လိုအပ်ပါတယ်။ 

နောက် တစ်ချက်ကတော့၊ တစ်ခြားအစားအစာများနဲ့ တွဲဖက်ပြီးစားသင့်သလား၊ သီးသန့်စားသုံးရမှာလားဆိုတာကိုလည်း သိထားသင့်ပါသေးတယ်။ လိမ္မော်သီးတွေကိုတော့ သီးသန့်စား သုံးပေးပါလို့ ပညာရှင်တွေ အကြံပြုပါတယ်။ လိမ္မော်သီးမှာ သဘာဝ သကြားဓာတ် ပမာဏ အတော်လေးပါဝင်ပါတယ်။ အဲဒီသကြားဓာတ်ကို ခန္ဓာကိုယ်ကစုပ်ယူဖို့ အချိန်လိုအပ်ပြီးအကယ်၍ အခြားအစားအစာများနဲ့ တွဲဖက်စားသုံးမယ်ဆိုရင် ပါဝင်တဲ့ သကြားဓာတ်ကို အပြည့်အ၀ မရစေတာမျိုးဖြစ်စေပြီး အစာမကြေခြင်းနဲ့ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကဲ့သို့သော အခြေအနေများကိုပါ ကြုံတွေ့ကောင်း ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ 

ဗီတာမင် C ၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ဖိုလိတ် စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ လိမ္မော်သီးဟာ ကျန်းမာရေးအတွက် အလွန်အကျိုးပြုတဲ့ အသီးတစ်မျိုးပါ။ ကိုယ်ခံအားကိုကောင်းမွန်စေသလို နှလုံးနဲ့ ပတ်သက်တဲ့ရောဂါများဖြစ်ပွားခြင်းမှလည်း အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပြီး သွေးကြောတွေကိုကျန်းမာစေတာကြောင့် ကောင်းမွန်တဲ့ သွေးဖိအားကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဇီဝကမ္မ ဖြစ်စဉ်တွေကို တိုးမြှင့်ဖြစ်ပျက်စေနိုင်တာကြောင့် ခန္ဓာကိုယ်ကိုလည်း ပိုပြီးလန်းဆန်းတက်ကြွ စေနိုင်ပါသေးတယ်။ 

အသင့်တော်ဆုံး အချိန်
ဒီလိုကျန်းမာရေးကို အထောက်အကူပြုပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့  ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ဖြည့်တင်းပေးနိုင်မယ့် အစွမ်းထက် အသီးကိုသင်ဘယ်အချိန်မှာ စားသင့်ပါသလဲ။ နေ့လယ်ခင်းမှာ စားပေးပါလို့ ပညာရှင်တွေ ဆိုထားပါတယ်။ နေ့ခင်းအချိန်မှာ အနည်းငယ် နှေးကွေးလာပြီဖြစ်တဲ့ သင့်ရဲ့ ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်ပျက်မှုတွေကို လိမ္မော်သီးတစ်လုံးနဲ့ အရှိန်တင်ပြီးလန်းဆန်းတဲ့ နေ့လည်ခင်းတွေကို ဖြတ်သန်းကြည့်လိုက်ပါတယ်။ အက်ဆစ်ဓာတ်ပါဝင်တဲ့ အသီးဖြစ်တာကြောင့် သင့်ရဲ့အစာအိမ်ကိုငဲ့ညှာ သောအားဖြင့် နံနက်ခင်းမှာစားသုံးခြင်းမျိုးကိုတော့ ရှောင်ကြဉ်ပါလို့ အကြံပြုလိုပါတယ်။ 

အာလူး
ကာဘိုဟိုက်ဒြိတ်က သင်နေ့စဉ်လှုပ်ရှားသွားလာဖို့ လိုအပ်တဲ့ စွမ်းအင်တွေကိုပေးနိုင်တဲ့ အရာပါ။ သင့်ခန္ဓာကိုယ်က အင်ဂျင်တစ်လုံးဆိုရင် ကာဗိုဟိုက်ဒြိတ်က လောင်စာဆီလို့ ပြောလို့ရပါတယ်။ 

ကာဘိုဟိုက်ဒြိတ်ပါဝင်တဲ့ အစားအစာများကို စားသင့်တဲ့အချိန်မှာ စားပေးနေသ၍ကတော့ သင့်အတွက် လိုအပ်တဲ့ အာဟာရကိုရော ကျန်းမာရေးအကျိုးကျေးဇူးတွေကိုပါ ရရှိနေမှာ ဖြစ်ပါတယ်။ အကယ်၍ အဆိုပါ ကာဘိုဟိုက်ဒြိတ်ပါတဲ့ အစားအစာတွေကို အချိန်မှားပြီး ရေရှည်စားသုံးဖြစ်နေမယ်ဆိုရင်တော့ နောက်ဆက်တွဲအနေနဲ့ အ၀လွန်ခြင်းကဲ့သို့သော ပြဿနာများ ကြုံတွေ့လာရနိုင်ပါတယ်။ 

အသင့်တော်ဆုံးအချိန် 
ဒီ ကာဘိုဟိုက်ဒြိတ် ပါဝင်မှုမြင့်မားတဲ့ အာလူးကဲ့သို့သော အစားအစာတွေကို ဘယ်အချိန်မှာ စားသုံးသင့်ပြီး ဘယ်လိုအချိန်မှာ ရှောင်သင့်ပါသလဲ။ မနက်ပိုင်းတွေက ကာဘိုဟိုက်ဒြိတ်ပါတဲ့ အစားအစာများစားသုံးဖို့ အသင့်တော်ဆုံး ဖြစ်တယ်လို့ သိရပါတယ်။ မနက်ပိုင်းမှာ စားသုံးထားတဲ့ ကာဘိုဟိုက်ဒြိတ်တွေကို ခန္ဓာကိုယ်က တစ်နေ့လုံး ချေဖျက်ပေးမှာ ဖြစ်ပါတယ်။ အိပ်ရာဝင်ချိန်နဲ့ ကပ်လွန်းတဲ့အချိန်မျိုးမှာ စားသုံးခြင်းမျိုးကိုတော့ ရှောင်သင့်ပါတယ်။ ညနေခင်းခပ်စောစောမှာ အာလူးအနည်းငယ်စားပေးခြင်းဖြင့်လည်း သင့်ကို ပိုမို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။ ဒါပေမဲ့ အိပ်ပျော်နေစဉ်မှာ သင့်ခန္ဓာကိုယ်က အဆိုပါ ကာဘိုဟိုက်ဒြိတ်တွေကို ချေဖျက်ရမှာဖြစ်တာကြောင့် ပမာဏ အနည်းငယ်ပဲ စားသင့်ပါတယ်။  

ခရမ်းချဉ်သီး 
ခရမ်းချဉ်သီးဆိုတာက မီးဖိုချောင်တိုင်းရဲ့ မရှိမဖြစ် အသီးတစ်မျိုးပါ။ ခရမ်းချဉ်သီးဟာ သဘာဝအားဖြင့် ဆိုဒီယမ် ပါဝင်မှုနည်းတဲ့ အသီးတစ်မျိုးဖြစ်ပြီး ခရမ်းချဉ်သီးမှာ အဆီနဲ့ ကယ်လိုရီလည်း မပါသလောက် နည်းပါးပါတယ်။ သတင်း
ကောင်းကတော့ ခရမ်းချဉ်သီး  ၂ ဂရမ်လောက် စားသုံးပေးရုံနဲ့ တစ်ရက်တာအတွက် လိုအပ်တဲ့ အမျှင်ဓာတ် ၇% ခန့်ကို ရရှိနိုင်ပါတယ်။ ဒါက အခြားသီးနှံများနဲ့ နှိုင်းယှဉ်တဲ့အခါမှာ အတော်လေးကိုများပြားတဲ့ ပမာဏဖြစ်တယ်လို့ဆိုရမှာပါ။ ခရမ်းချဉ်သီးက ရေဓာတ်ပါဝင်မှုမြင့်မားတဲ့ အသီးတစ်မျိုး ဖြစ်တယ်ဆိုတာကိုတော့ သင်သိထားပြီးသား ဖြစ်မှာပါ။ ဒါကြောင့် ဆား၊ အဆီနဲ့ ကယ်လိုရီ ပါဝင်မှုနည်းပြီး အမျှင်ဓာတ်နဲ့ ရေဓာတ်ပြည့်ပြည့်၀၀ရရှိနိုင်မယ့် ခရမ်းချဉ်သီး စားသုံးပေး ခြင်းဖြင့် သင့်ရဲ့ခန္ဓာကိုယ် အလေးချိန်ကို ထိန်းသိမ်းပေးနိုင်သလို အသားအရေကိုလည်း လှပစေနိုင်ပါတယ်။ 

အသင့်တော်ဆုံး အချိန် 
ခရမ်းချဉ်သီးကို စားသုံးဖို့ အသင့်တော်ဆုံး အချိန်လို့ဆိုရင်တော့ နံနက်ခင်းနဲ့ နေ့လယ်ဘက်တွေလို့ ဆိုရမှာပါပဲ။ ဒီလိုစားတဲ့ အချိန်မှာမှ ခရမ်းချဉ်သီးပါဝင်တဲ့ အစားအစာများကို ပထမဆုံး စားပေးသင့်တယ်လို့ ပညာရှင်တွေ အကြံပြုထားပါတယ်။ ခရမ်းချဉ်သီးမှာပါဝင်တဲ့ အက်ဆစ်က အစာချေဖျက်ရာမှာ လွယ်ကူစေဖို့ ကူညီပေးနိုင်တာကြောင့်ဖြစ်ပြီး အစာအိမ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပိုပြီးချောမွေ့စေအောင် လုပ်ဆောင်ပေး နိုင်တဲ့ ဂုဏ်သတ္တိလည်း ရှိနေလို့ ဖြစ်ပါတယ်။ 

ဒီလို အက်ဆစ်ဓာတ်ပါဝင်တာကြောင့်ပဲ ညဘက်တွေမှာ ခရမ်းချဉ်သီးဖျော်ရည်သောက်တာမျိုး၊ ခရမ်းချဉ်သီး အစိမ်းပါဝင်တဲ့ အစားအစာတွေ စားတာမျိုးကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ Oxalic အမျိုးအစားအက်ဆစ်က ဆား၊ ရေတို့နဲ့ထိတွေ့အခါ ဓာတ်ပြုပြီး အစာအိမ်ကို မသက်မသာ ဖြစ်စေနိုင်ပါတယ်။ 
Ref; Best Timing To Eat Healthy Foods