လုပ်ငန်းခွင်အမျိုးမျိုးက အမျိုးသမီးတို့အတွက် ကျန်းမာလှပတဲ့ ခန္ဓာကိုယ်ရရှိစေမယ့် နည်းလမ်းများ

နံနက် ၉ နာရီကနေ ညနေ ၅ နာရီထိ စားပွဲမှာထိုင်နေရတဲ့ အလုပ်ကိုလုပ်နေကြတဲ့မမတွေ၊ ညပိုင်းတစ်ညလုံး အလုပ်ဆင်းရတဲ့ မမတွေ၊ ညီမလေးတွေ ဒါမှမဟုတ် မိသားစုကို ပြုစုစောင့်ရှောက်ခြင်းဆိုတဲ့ ၂၄ နာရီပတ်လုံး စိတ်ရောကိုယ် ပါ လှုပ်ရှားဆောင်ရွက်နေရတဲ့ အိမ်ရှင်မတွေစတဲ့ သက်ဆိုင်ရာတာဝန်ကို ထမ်းရွက်နေကြသူမမ၊ ညီမလေးတို့တွေအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ ကိုယ်အလေးချိန်ကို လျှော့ချဖို့ နည်းလမ်းကောင်း ရှာဖွေခြင်းဆိုတာ ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ မဖြစ်နိုင်တာတော့ လည်းမဟုတ်ပါဘူး။ ကျွန်မတို့တွေ အားလုံးနီးပါးဟာ အလုပ်တစ်ခုခုကို မဖြစ်မနေလုပ်ဖို့လိုအပ်ကြသူတွေချည်းပဲမို့ ကျန်းမာလှပတဲ့ ခန္ဓာကိုယ်
အလေးချိန်ကိုရရှိဖို့အတွက် တကယ်အလုပ်ဖြစ်စေတဲ့ အစားအစာရွေးချယ်မှု နည်းလမ်းကိုရှာဖွေတွေ့ရှိဖို့ဆိုတာ သံသယဖြစ်စရာမလိုလောက်အောင်ကို အရေးကြီးမှန်းသိထားပြီးသား ဖြစ်ကြပါလိမ့်မယ်။
မမတို့ ညီမလေးတို့အနေနဲ့ ကြိုတင်ပြင်ဆင်ပြီး စီစဉ်လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတချို့ကို ဝေမျှပေးချင်ပါတယ်။ နေ့စဉ်လှုပ်ရှားနေရတဲ့ လုပ်ငန်းခွင် အနေအထားအလိုက် ကိုယ်အလေးချိန်ကို လျော့ကျစေပြီး ပိုမိုကျန်းမာပျော်ရွှင်တဲ့ ဘဝအဖြစ် ကူညီပေးနိုင်မယ့် နည်းလမ်းလေးတွေကို ဆက်လက်ဖတ်ရှု့ကြည့်ပါဦးနော်။

ရုံးဝန်းထမ်းတစ်ယောက်ဆိုရင်
စားပွဲတစ်လုံးနဲ့ ချည်နှောင်ခံထားရသလိုမျိုး နေ့ရက်တော်တော်များများမှာ ထိုင်နေရသူဖြစ်တာကြောင့် ကိုယ်အလေးချိန်လျော့ကျဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ မထင်လိုက်ပါနဲ့။ အထိုင်များခြင်းဟာ အသက်အန္တရာယ် ထိခိုက်နိုင်လောက်တဲ့အထိ ဖြစ်စေနိုင်ပါတယ်ဆိုပြီး သုတေသီတွေကလည်း သက်သေပြထားကြပါသေးတယ်။ နံနက်စောစောသောက်ရင် ကိုယ်အလေးချိန်လျော့ကျစေတယ်ဆိုတဲ့ လက်ဖက်ရည်တွေရှိသလို ကိုယ်အလေး ချိန်လျော့ကျအောင် ပြုလုပ်နိုင်တယ်ဆိုတဲ့ စက်ပစ္စည်းတွေကလည်း မမတို့ကိုအပြိုင်အဆိုင် ဆွဲဆောင်ကြပါလိမ့်ဦးမယ်။ ဒါပေမဲ့ ဒီလိုနည်းလမ်းတွေက ကိုယ်အလေးချိန်လျော့ကျဖို့ သိပ်ကိုနှေးတာပဲဆိုပြီး ခံစားရရင်လည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒါဆိုရင် ဘာတွေလုပ်လို့ ရသလဲဆိုတာကို ဆက်ပြီးပြောပြပါမယ်။
ကျန်းမာစွာနေထိုင်ပါ ။    ။ ထိုင်ရာက ထလှုပ်ရှားလိုက်ပါ။ ထိုင်နေရာကနေ မကြာခဏထပြီး လှုပ်လှုပ်ရှားရှားလုပ်တတ်တဲ့ သူတွေဟာ အကြာကြီးထိုင်နေတဲ့သူတွေထက် လူတစ်ယောက်ရဲ့ အရပ်ကိုမူတည်ပြီးတွက်ချက်တဲ့ ခန္ဓာ ကိုယ်အလေးချိန် (BMI)က ပိုပြီးနည်းတဲ့အပြင် ပိုပြီးသေးကျဉ်တဲ့ ခါးနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့  သွေးတွင်းသကြားရေချိန်တွေ ရှိတတ်ပါတယ်။ ဒါတောင် ရုံးခန်းပြင်ပမှာ အားပြည့်မာန်ပြည့်နဲ့ လှုပ်ရှားဆောင်ရွက်မှုတွေ ဘယ်လောက်များများလုပ်တယ်ဆိုတာကို ထည့်ပြီးမစဉ်းစားရသေးပါ ဘူး။ တစ်နည်းပြောရမယ်ဆိုရင် မကြာခဏထသွား လှုပ်ရှားနေခြင်းဟာ ကျန်းမာရေးနဲ့ ညီညွတ်မျှတတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတဲ့နေရာ
မှာ သိပ်ကိုအဓိကကျပါတယ်။ နည်းလမ်းက သိပ်ကိုလွယ်ကူတယ်ဆိုပေမယ့် တကယ်တမ်းလိုက်ပါလုပ်ဆောင်ဖို့ကိုတော့ အလွယ်တကူ မေ့သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာမှာ နာရီဝက်ကြာတိုင်း ကိုယ့်ကိုသတိပေးနေစေဖို့ ချိန်ကိုက်သတ်မှတ်ထားပြီး ထိုင်ရာကထကာ လှုပ်ရှားသွားလာပေးပါ။ သန့်စင်ခန်းထဲကိုသွားတာ၊ ထမင်းစားခန်းထဲကို သွားတာ၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်ရှိရာ စားပွဲကို လျှောက်သွားတာ ဒါမှမဟုတ် ရေအေးစက်ထားရှိရာနေရာကို သွားတာဘယ်နေရာပဲဖြစ်ဖြစ် လှုပ်ရှားသွားလာလိုက်ပါ။ နေ့လယ်စာစားတဲ့အချိန်မှာ ၁၅ မိနစ်လောက် လမ်းလျှောက်တာမျိုးလုပ်ကြည့်နိုင်သလို ကိုယ်နဲ့အတူလိုက်ပါလုပ်ဆောင်မယ့် သူငယ်ချင်းတစ်ယောက်ကိုလည်း အဖော်ညှိထားလိုက်ပါဦး။
မျှတစွာစားသုံးပါ ။    ။ အိမ်ကနေပြီးတော့ နေ့လယ်စာထမင်းဘူးယူလာတာကတော့ အကောင်းဆုံးရွးချယ်မှုပါပဲ။ စည်သွပ်ငါး၊ မီးဖုတ်ထားတဲ့ ပဲ၊ စွပ်ပြုတ် အထုတ်ကလေးတွေနဲ့ မိုက်ခရိုဝေ့ထဲထည့်နွှေးပြီး စားသုံးလို့ရတဲ့ ဆန်လုံးညိုထမင်းထုတ်တွေလို ကျန်းမာရေးနဲ့ ညီညွတ်စေမယ့် အစားအစာတွေကို ကြိုးစားပြီး စားသုံးပေးပါ။ ချက်ပြုတ်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကို အိမ်ကနေသယ်ခဲ့မယ်ဆိုရင်လည်း ကောင်းတဲ့ အစီအစဉ်ပါဘဲ။ သွားရည်စာမုန့်တွေ အနေနဲ့ကတော့ မြေပဲတို့ သီဟိုဠ်စေ့တို့လို အခွံမာသီးတွေ ရောနှောပါဝင်တဲ့ အထုတ်တွေ၊ အခွံချွတ်မထားတဲ့ ကောက်နှံတွေနဲ့ ပြုလုပ်တဲ့ မုန့်တွေ၊ သစ်သီးစည်သွပ်ဘူး၊ လေနဲ့ဖောက်ထားတဲ့ ပြောင်းဖူး
ပေါက်ပေါက် ဒါမှမဟုတ် အနက်ရောင် ချောကလက် နှစ်ခုလောက် စားပေးတာမျိုးကို အကြံပြုလိုပါတယ်။ ရေဓာတ်ခမ်းခြောက်တာမျိုး မဖြစ်ရအောင်လည်း ဂရုစိုက်သင့်ပါတယ်။ ရေဘူး တစ်ဘူးကို အမြဲဆောင်ထားပြီး တစ်နေ့တာလုံးအတွက် ရေ ၁.၅ လီတာလောက် အနည်းဆုံးသောက်ပေးရပါမယ်။ ဒီလိုစားသုံးနေထိုင်ပေးမယ်ဆိုရင် အစားအသောက်တွေအပေါ် အမြဲ အာသာပြင်းပြနေတဲ့ ခံစားမှုမျိုးလည်း ရပ်တန့်သွားမှာဖြစ်ပြီး အချိန်တိုင်းလိုလို ဗိုက်ပြည့်နေတယ်လို့ ခံစားမိစေဖို့လည်း အကူအညီဖြစ်စေပါလိမ့်မယ်။

နေ့ဆိုင်း/ ညဆိုင်းဆင်းရတဲ့ အလုပ်ကိုလုပ်တဲ့ သူဆိုရင်
နေ့ဆိုင်း/ ညဆိုင်း အထူးသဖြင့် ညဘက်မှာအလုပ်လုပ်ရတဲ့ သူတွေဟာ ကျန်းမာပြီး ညီညွတ်မျှတတဲ့ ဘဝနေထိုင်မှုကို ကသောင်းကနင်းဖြစ်စေနိုင်ပါတယ်။ အိပ်ပျော်သင့်တဲ့အချိန်ကိုရောက်နေပေမယ့် အလုပ်ကိုနေ့ဘက်မှာ လုပ် လိုက်၊ ညဘက်မှာ တာဝန်ထမ်းဆောင်လိုက်ဆိုတော့ ခန္ဓာကိုယ်ရဲ့ သဘာဝစည်းချက်ကို ရှုပ်ထွေးသွားစေနိုင်ပါတယ်။ ဒါကအိပ်စက်ခြင်းနဲ့ ကျန်းမာရေးအတွက် အကျိုးဆက်တွေ ရှိစေတယ်။ လေ့လာမှုတွေအရ အိပ်စက် အနားယူသင့်တဲ့အချိန်မှာ မအိပ်ရသူတွေနဲ့ ညဘက်မှာ အလုပ်ဆင်းရတဲ့ သူတွေဟာ ချိုတဲ့အစားအစာတွေနဲ့ သဘာဝကနေ ပြုပြင်ထားတဲ့ အစားအစာတွေကို ပိုပြီးနှစ်သက်ကြပါတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ ပိုပြီးညီညွတ် တဲ့ နေ့စဉ်လုပ်ငန်းစဉ်မျိုးကို ဖန်တီးတည်ဆောက်ဖို့နဲ့ ပုံမှန်အတိုင်းဆက်သွားနေနိုင်ဖို့ဆိုရင် အောက်မှာဖော်ပြပေးသွားမယ့် အယူအဆလေးတွေကို လိုက်နာကြည့်စေချင်ပါတယ်။
ကောင်းမွန်စွာ အိပ်စက်အနားယူပေးပါ။ ။ ပထမဆုံးအနေနဲ့ အိပ်ချိန်ကိုသတ်မှတ်ထားရှိရပါမယ်။ တတ်နိုင်မယ်ဆိုရင် အလုပ်မသွားခင်မှာ ၇ နာရီလောက် အိပ်စက်ပေးပါ။ ဒီလိုမှမဖြစ်နိုင်ဘူးဆိုရင် အလုပ်မသွားခင်လေးမှာ ၁၅ မိနစ်လောက် တမှေးမှေးလိုက်ပါ။ နှိုးစက်ပေးထားမယ်ဆိုရင် အလွန်အကျွံအိပ်စက်တာမျိုးလည်း မဖြစ်တော့ပါဘူး။ ပြီးရင်တော့ ကောင်းကောင်း နှိုးကြားသွားစေဖို့ ၅ မိနစ်လောက် ဟိုဟိုသည်သည် လမ်းလျှောက်ပေးလိုက်ပါ။
မျှတစွာစားသုံးပေးပါ ။    ။  နေ့ခင်းဘက်မှာ ပြုလုပ်နေကြ၊ စားနေကြအတိုင်းပုံမှန်ဘဲ ပြုလုပ်ပါ။ တစ်ရက်ကို ၃ နပ်စားပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သွားရည်စာကို ၁၂ နာရီအတွင်းမှာ ၂ ခါစားပေးပါ။ တကယ်လို့ ကိုယ်က ည ၉ နာရီမှာ အိပ်ရာနိုးမယ်ဆိုရင် နိုးတဲ့အချိန်မှာ နံနက်စာစားပါ၊ အလုပ်ကနေ ပြန်ရောက်တဲ့ အချိန်မှာတော့ ညစာကိုစားပေးရပါမယ်။ တစ်ပတ်တာအတွက် အချိန်တစ်နာရီလောက်သုံးပြီး စီစဉ်ချက်ပြုတ်ထားခြင်းက စိတ် ကူးကောင်းလေး တစ်ခုပါဘဲ။ ဘယ်လိုအစားအစာတွေကို စားသုံးပေးရမလဲဆိုရင် အားအင်ရရှိဖို့အတွက်ကိုတော့ ကာဘိုဟိုက်ဒရိတ်တွေ ပြိုကွဲမှုနှေးတဲ့ အစားအစာတွေကို စားသုံးပေးပါ။ အရည်အသွေးမီ အသားဓာတ် အရင်းအမြစ်တွေကို ရနိုင်ဖို့ကတော့ အသားကို စတူးပြုလုပ်စားသုံးပေးကြည့်ပါ။ ဒါမှမဟုတ် လုပ်ငန်းခွင်ထဲမှာ အလွယ်တကူ ပြန်နွှေးပြီးစားသုံးနိုင်တဲ့ အသားနဲ့ ဟင်းသီးဟင်းရွက် ရောနှောချက်ပြုတ်ထားသော ဟင်းလျာတွေ
ကို စားသုံးပေးတာလည်း ကောင်းပါတယ်။ သွားရည်စာအတွက်ကတော့ တူနာငါးသေတ္တာ၊ မီးဖုတ်ထားတဲ့ ပဲစေ့တွေနဲ့ ငှက်ပျောသီးတွေကို အားအင်ရရှိဖို့အတွက် စားသုံးပေးလို့ရပါတယ်။
ကျန်းမာစွာနေထိုင်ပါ ။    ။ တက်ကြွလန်းဆန်း နေစေဖို့ဆိုရင် ကိုယ်တာဝန်ကျရာအချိန်ပိုင်းနဲ့ ကိုက်ညီထားတဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်အောင် စီစဉ်ထားရပါမယ်။ တကယ်လို့ ကိုယ်က ည ၁၁ နာရီကနေ နံနက် ၇ နာရီထိ အလုပ်လုပ်ရတဲ့သူဆိုရင် အလုပ်ချိန်ပြီးပြီဆိုတာနဲ့ ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းလုပ်တဲ့ အကျင့်လေးထားရှိပေးသင့်ပါတယ်။ ပင်ပန်းနွမ်းနယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ်လက်လှုပ်ရှားတဲ့ လေ့ကျင့်ခန်းကို အပျက်မခံလိုက်ပါနဲ့။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းက စွမ်းအင်ရေချိန်ကို မြှင့်တင်ပေးတဲ့အပြင် စိတ်ခံစားချက်ကိုလည်း ပိုကောင်းစေပါတယ်။

အိမ်ကနေ အလုပ်လုပ်တဲ့သူဆိုရင် (အိမ်မှာပဲ နေရ တဲ့ အိမ်ရှင်မဆိုရင်)
    ကိုယ်က အိမ်မှာဘဲ အလုပ်လုပ်ရတဲ့ အိမ်ရှင်မ ဒါမှမဟုတ် ကလေးငယ်လေးကို ပြုစုစောင့် ရှောက်နေရတဲ့သူဆိုရင် ကိုယ့်ရဲ့လိုအပ်ချက်တွေကို ဦးစားပေးဖို့ဆိုတာ ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်လျှော့ချတဲ့ အစီအစဉ်တွေကို ပြုလုပ်ဖို့အတွက် အကျပ်ရိုက်တာမျိုး ဖြစ်တတ်ပါတယ်။ တစ်နေကုန်လုံးအစားအသောက်တွေကို တစ်မျိုးပြီးတစ်မျိုး စားသုံးနေမိတာကလည်း အဓိက ပြဿနာတစ်ခုပါဘဲ။ ကလေးစားလို့ ကျန်တဲ့ အစားအသောက်တွေကို တတိတိစားမိ လိုက်တယ်ဆိုတာကိုယ်ရဲ့ အစားအသောက် အကြိမ်ရေတိုးလာတာပါဘဲ။ ဆိုလိုချင်တာက တစ်နေ့သုံးနပ် ပုံမှန်စားတယ်ဆိုပေမယ့် ကလေးအကျန်ကိုစားရင်း ၄- ၅ နပ် ဖြစ်သွားတာမျိုးပါ။ ဒါတွေကို ကျော်လွှားနိုင်ဖို့အတွက် စမတ်ကျတဲ့နည်းလမ်းလေးတွေကို ပြောပြပေးပါဦးမယ်။
မျှတစွာစားသုံးပေးပါ ။    ။ ပျင်းရိငြီးငွေ့လို့မဟုတ်ဘဲ ကလေးငယ်ကနေကျန်ရှိတဲ့ အစားအစာတွေကို စားမိနေတာဒါမှမဟုတ် အစားအစာတွေကို လေလွင့်တာမျိုး မဖြစ်ရအောင် စားမိနေတာကို သတိထားမိပြီဆိုရင် သူတို့မစားဘဲ ကျန်ခဲ့တာတွေကိုထည့်စရာတစ်ခုခုနဲ့ ထည့်ထားပြီးနောက်တစ်ကြိမ်မှာသူတို့ကို ပြန်ကျွေးတာမျိုး လုပ်ကြည့်ပေးပါ။ ကိုယ်ကိုယ်တိုင်ကလည်းဒါနဲ့ ပတ်သက်လို့ စိတ်ပိုင်းဖြတ်ထားသင့်ပါတယ်။ မစားဘဲကျန်သွားတဲ့ ဟင်းသီးဟင်းရွက်တွေကို စွပ်ပြုတ်ထဲ အလွယ်တကူထည့်လိုက်လို့ရပါတယ်။ ကျောင်းနေအရွယ် ကလေးငယ်ရှိတယ်ဆိုရင်တော့ အရင်ညကတည်းကသူတို့ရဲ့ နေ့လယ်စာကို ပြင်ဆင်စီစဉ်ထားပြီး နေ့လယ်စာထမင်းဘူးကို ကိုယ်
တိုင်ထည့်ပေးတာမျိုးက ပိုကောင်းပါတယ်။ ကိုယ်ထည့်ပေးလိုက်သမျှကိုသာ သူတို့ကစားဖြစ်သွားတာကြောင့် တစ်နေ့တာအတွက် ခွင့်ပြုပေးမယ့် ကယ်လိုရီကိုလည်းချိန်ဆပေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခုပေါ့။ ညစာကိုလည်း ကိုယ်ကျွေးလို့ အဆင်ပြေမယ့် အချိန်ကိုရွေးချယ်ထားသင့်ပါတယ်။ တချို့သော မိခင်တွေက ညစာကို ၂ ကြိမ် စားမိတတ်ကြပါတယ်။ ဒါကြောင့် ညနေ ၅ နာရီမှာ ကလေးတွေနဲ့ အတူစားမလား ဒါမှမဟုတ် ည ၈ နာရီမှာကိုယ့်ရဲ့ လက်တွဲဖော်နဲ့အတူစားမလားဆိုတာကိုတိတိကျကျ ဆုံးဖြတ်ထားသင့်ပါတယ်။ ထမင်းတစ်နပ်နဲ့ တစ်နပ်ကြားမှာ ဗိုက်ဆာတာမျိုးခံစားရတယ်ဆိုရင် သခွားသီး၊ မုန်လာဥနီ စတာတွေကို အဆာပြေစားသုံးပေးနိုင်ပါတယ်။
ကျန်းမာစွာနေထိုင်ပါ ။    ။ နေ့ရက်တွေတိုင်းမှာ လန်းဆန်းတက်ကြွနေဖို့ဆိုရင် နေ့စဉ်နေ့တိုင်းကလေးတွေကိုခေါ်ပြီး အိမ်ကနေ ပန်းခြံလိုနေရာမျိုးကို လမ်းလျှောက်တာ၊ ကမ်းခြေဘက်ကိုသွားတာ ဒါမှမဟုတ် အခြားမိဘတွေ နဲ့ပါ တွေ့ဆုံနိုင်မယ့်နေရာမျိုးကို အတူသွားကြတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ ဒါကလန်းဆန်းတက်ကြွစွာနေထိုင်နိုင်ဖို့နဲ့ လူမှုရေးဆိုင်ရာ သဟဇာတဖြစ်မှုတွေကို ထိန်းသိမ်းထားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခု လည်း ဖြစ်ပါတယ်။

လမ်းပေါ်မှာဘဲအချိန်ကုန်ရတဲ့ အလုပ်ဆိုရင် (တစ် ချိန်လုံး ခရီးသွားနေရတဲ့သူဆိုရင်)
တကယ်လို့ ကိုယ်ကတစ်ချိန်လုံးလမ်းပေါ်မှာ ခရီးသွားနေရင်းနဲ့ အချိန်ကုန်နေရတဲ့သူဆိုရင် လမ်းပေါ်မှာ ကားမောင်းနေတာပဲဖြစ်ဖြစ် ဒါမှမဟုတ်  ပြည်နယ်တစ်ခုကနေတစ်ခု ပျံသန်းဖို့ လေယာဉ်ကွင်းကို တစ်ချိန်လုံးသွားနေရတာ၊
တစ်နေ့တာလုံး အစီအစဉ်တကျရယ်လို့မရှိဘဲ စားသောက်ဆိုင်မှာ ကြုံရင်ကြုံတဲ့နေရာ ဝန်ဆောင်မှုပေးရတဲ့သူနဲ့ ဝန်ဆောင်မှုပေးတဲ့ဋ္ဌာနမှာ လုပ်ကိုင်တဲ့သူတွေဆိုရင် ကိုယ်လက်လှုပ်ရှားတဲ့လေ့ကျင့်ခန်းတွေကို လုပ်နိုင်ဖို့ဆိုတာခက်ခဲပါ လိမ့်မယ်။
မျှတစွာစားသုံးပေးပါ ။    ။ နည်းနည်းလောက်လေး အချိန်ပေးစီစဉ်ထားမယ်ဆိုရင် ဘယ်နေရာကိုပဲရောက်ရောက် ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးလို့ရနိုင်ပါတယ်။ တကယ်လို့ ကိုယ်ကခရီးထွက်ရတော့မယ်ဆိုတာကို ကြိုသိ
ထားခဲ့မယ်ဆိုရင် အလုပ်သွားတဲ့အခါတိုင်းမှာ ထုတ်ပိုးယူဆောင်သွားတတ်တဲ့ အရာအားလုံးဒါမှမဟုတ် အိမ်မှာနေရင်း စားသုံးလေ့ရှိတာတွေ အားလုံးကိုအအေးဘူးထဲထည့်ပြီး ယူသွားလို့ရပါတယ်။ စွပ်ပြုတ်တွေ ဒါမှမဟုတ် အပူနဲ့ အအေးသောက်သုံးစရာတွေအတွက်ဆိုရင် ဓာတ်ဘူးကအဆင်အပြေဆုံးပါဘဲ။ တကယ်လို့များ ခရီးသွားရင်းနဲ့ ရုတ်တရက် ပိုက်ဆံပြတ်သွားတယ်ဆိုရင်တောင် အစားအစာအတွက်တော့ ပူစရာမလိုတော့ပါဘူး။ တကယ်လို့ ကိုယ်ကဝန်ဆောင်မှုပေးရာ ဋ္ဌာနမှာဆိုရင် အာလူးကြော်နဲ့ ချောကလက်တွေကို ယူဆောင်သွားမယ်ဆိုတဲ့ အတွေးကို မေ့ထားလိုက်ပါတော့။ ဒိန်ချဉ် ဒါမှမဟုတ် သစ်သီးဖျော်ရည်နဲ့ နို့နဲ့ရောသောက်ရတဲ့ သစ်သီးခြောက်တွေနဲ့ အခွံမာစေ့တွေလို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ကိုယ်တိုင်ဖန်တီးစားသုံးနိုင်ပါတယ်။ ဒါတွေအားလုံးကို မလုပ်နိုင်ခဲ့ဘူးဆိုရင် ဆားထည့်မထားတဲ့ အခွံမာသီးတစ်ထုပ်လောက်ကိုအသင့်ဆောင်ထားတဲ့ နည်းလမ်းကအကောင်းဆုံးပါဘဲ။
ကျန်းမာစွာနေထိုင်ပါ။    ။ တစ်နေ့တာလုံးကားထဲမှာထိုင်နေတဲ့အခါ အလွယ်တကူနဲ့ လန်းဆန်းတက်ကြွနေဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လန်းဆန်းတက်ကြွစွာနေနိုင်ဖို့အတွက်ဆိုရင် ဘယ်လိုဘဲသေးငယ်ပါတယ်ဆိုတဲ့ အခွင့် အရေးဖြစ်နေပါစေ ရသမျှ အခွင့်အရေးတွေ အားလုံးဟာ သိပ်ကိုအရေးကြီးပါတယ်။ ကားမောင်းနေတဲ့အခါမှာ ဝမ်းဗိုက်ပိုင်းနဲ့ ကျောဘက်မှာရှိတဲ့  ကြွက်သားအုပ်စုတွေကို အံဝင်ခွင်ကျ အဆင်ပြေနေစေဖို့ ကြိုးစားပေးသင့်ပါ တယ်။ အတွင်းဘက် ကျကျနေရာမှာရှိနေတဲ့ ဝမ်းဗိုက်ပိုင်းက ကြွက်သားတွေ ပိုပြီးအားကောင်းစေဖို့အတွက် ချက်ကို ကျောရိုးရှိရာသို့ ရောက်ရှိအောင် ခပ်ဆန့်ဆန့် ထိုင်ပေးသင့်ပါတယ်။ ခရီးရှည်ကြီးထွက်နေရတဲ့သူဆိုရင်တော့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တဲ့ ပစ္စည်းတွေကို ထုတ်ပိုးသယ်ဆောင်လာတာ ပဲဖြစ်ဖြစ်၊ ဟိုတယ်ကကျန်းမာရေးလေ့ကျင့်မှု အားကစားရုံနဲ့ ရေကူးကန်တွေကို အသုံးပြုတာပဲဖြစ် ဖြစ် လုပ်လို့ရပါသေးတယ်။ လုပ်ရိုးလုပ်စဉ်တွေကို မှန်မှန်လုပ်ဆောင်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။ တကယ်လို့ ကိုယ်ကအလုပ်မလုပ်ခင်မှာ လေ့ကျင့်ခန်းလုပ်လေ့ရှိတဲ့သူဆိုရင် ခရီးသွားနေစဉ်မှာလည်း ထိုအတိုင်းပဲ ပြုလုပ်ပေးသင့်ကြောင်း တာဝန်အသီးသီးကို ဆောင်ရွက်နေကြရတဲ့ မမတို့ ညီမလေးတို့အတွက် ကျန်းမာလှပတဲ့ခန္ဓာကိုယ်ကို ရရှိထိန်းသိမ်းထားနိုင်ဖို့ အကြံပြုဝေမျှ ရင်းဒီလအတွက် နှုတ်ဆက်လိုက်ပါတယ်။

Ref: Diet Tips for Working Women (Real-world weight Loss)