အုန်းဆီအကြောင်း တစေ့တစောင်း

    အုန်းဆီလို့ ဆိုလိုက်တာနဲ့ ခေါင်းလိမ်းဆီ တစ်မျိုးလို့ ပြေးမြင်လိုက်လေ့ရှိကြပါတယ်။ ဆံပင်နဲ့ အသားအရေရဲ့ အလှအပအတွက် ရှေးအဆက်ဆက်က လူကြီး၊ သူမများ အသုံးပြုလာကြတဲ့ အုန်းဆီမှာ အလှအပအတွက်တင်မက ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောင်းကျိုးများစွာလည်း ရှိနေပါသေးတယ်။ ကျန်းမာရေးနဲ့ အလှအပအတွက် သဘာဝဓာတ်စာများကို မှီဝဲစားသုံးလာကြတဲ့ ဒီနေ့လို အချိန်မျိုးမှာ ကျန်းမာရေးနဲ့ လှပနုပျိုဖို့ အတွက် အထောက်အကူပြု အာနိသင်တွေရှိနေတဲ့ အုန်းဆီဟာ လူပြောများတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်လာပါတယ်။ လူပြောများလာတဲ့ အုန်းဆီရဲ့ အာနိသင်တွေက ဘာတွေများပါလဲ။

ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်
    အုန်းဆီထဲမှာ ခန္ဓာကိုယ်အတွက် အကျိုးပြု တဲ့၊ ကျန်းမာရေးနဲ့ သင့်တော်တဲ့ Fatty Acids ကြွယ်ဝစွာ ပါဝင်ပါတယ်။ အုန်းဆီထဲမှာ ပါဝင်တဲ့ Fatty Acids ဟာ ဦးနှောက်ဆဲလ်တွေကို စွမ်းအင်ထောက်ပံ့ပေးနေတဲ့ Ketone Body လို့ခေါ်တဲ့ မော်လီကျူးတွေအတွင်းက သွေးပမာဏကို မြှင့်တင်ပေးနိုင်စွမ်းရှိတယ်လို့သိရပါတယ်။  အဆိုပါ Ketone Body တွေဟာ ပျက်စီးယိုယွင်းနေတဲ့ ဦးနှောက်ဆဲလ်တွေကို စွမ်းအင်ဖြည့်တင်းပေးနိုင် စွမ်းရှိတာကြောင့် Alzheimer ရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲလက္ခဏာများကို  သက်သာလျှော့ပါးစေဖို့ အဓိကအခန်းကဏ္ဍမှာ ပါဝင်နေတဲ့ မော်လီကျူးများလည်း ဖြစ်ပါတယ်။
    လေ့လာမှုတွေကတစ်ဆင့်  Medium Chain Triglycerides စားသုံးပေးခြင်းက  Alzheimer ရောဂါ ဝေဒနာရှင်တွေရဲ့ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို သိသိသာသာ တိုးတက်စေတာကို တွေ့ရှိထားပါတယ်။ Medium Chain Triglycerides ကို ရိုးရှင်းတဲ့ အသုံးအနှုန်းနဲ့ ဖော်ပြရရင်ဖြင့် အဲ အုန်းဆီမှာ ပါရှိတဲ့  Fatty Acids ပါပဲ။ ဒါကြောင့် အုန်းဆီက ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တယ်လို့ဆိုနိုင်ပြီး အထူးသဖြင့် Alzheimer ရောဂါဝေဒနာသည်တွေအတွက် အလွန်သင့်တော်တယ်လို့လည်း ဆိုနိုင်ပါတယ်။
    
ကိုလက်စထရောပမာဏကို ကျဆင်းစေပြီး နှလုံးကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်
    နှလုံးရောဂါဖြစ်ပွားရခြင်း အကြောင်းအရင်းတွေထဲမှာ သွေးတွင်းကိုလက်စထရောပမာဏများခြင်းကလည်း အဓိကအကြောင်းအရင်းတစ်ခုလည်း ဖြစ်ပါတယ်။ သွေးထဲမှာ LDL (low-density
lipoprotein ) အမျိုးအစားများ ကိုလက်စထရောပမာဏမြင့်မားနေလေလေ နှလုံးရောဂါဖြစ်ပွားနိုင်ချေ မြင့်မားလေလေ ဖြစ်ပါတယ်။
    ဒါပေမဲ့ HDL (High-density lipoprotein)အမျိုးအစား ကိုလက်စထရောကတော့ သင့်ရဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးပြုနိုင်တဲ့ ကိုလက်စထရောအမျိုးအစားဖြစ်ပါတယ်။ အုန်းဆီမှာပါဝင်တဲ့ အဆီက ပြည့်ဝဆီ Saturated Fatty Acid (Lauric Acid ) အမျိုးအစား ဖြစ်ပါတယ်။ အဆိုပါ Saturated Fat ဟာ HDL ကိုလက်စထရော ပမာဏကို မြင့်တက်စေကာ LDL ကိုလက်စထရော ပမာ
ဏကို လျှော့ကျစေနိုင်တဲ့ အာနိသင်ရှိပြီး  သွေးကြောတွေထဲမှာ သွေးခဲတဲ့ဖြစ်စဉ်ကိုလည်း ထိန်းညှိပေးနိုင်တယ်လို့သိရပါတယ်။
    ဒါကြောင့် နှလုံးသွေးကြောပိတ်ခြင်းနဲ့ နောက်ဆက်တွဲ လေဖြတ်ခြင်းကဲ့သို့သော ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အုန်းဆီမှာ အလုံးစုံသော ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ Antioxidants တွေ ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ထိခိုက်စေမယ့် အန္တရာယ်များကိုလည်း လျှော့ချပြီးသားဖြစ်စေပါတယ်။

အလှအပအတွက် အားကိုးနိုင်ပါတယ်
    အုန်းဆီမှာ သင့်ရဲ့ ကိုယ်တွင်းကျန်းမာရေးကို ကောင်းမွန်စေနိုင်တဲ့ အာနိသင်ရှိရုံမက အလှအပအတွက်ပါ အထောက်အကူပြုနိုင်တဲ့ ဂုဏ်သတ္တိတွေရှိထားတယ်ဆိုတာ သင်သိထားပြီး ဖြစ်မှာပါ။ အုန်းဆီနဲ့ ဦးရေပြားနဲ့ဆံပင်တွေကို တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ် နှိပ်ပေးမယ်ဆိုရင် တစ်လခွဲခန့်အကြာမှာကို ဆံပင်တွေ သိသိသာသာ သန်စွမ်းလာနိုင်တယ်လို့ ဆိုပါတယ်။ အုန်းဆီက အသားအရေကို စိုပြေစေဖို့အတွက် အလွန်အထောက် အကူ ပြုနိုင်တဲ့သဘာဝအဆီတစ်မျိုးဖြစ်ပါတယ်။ အုန်းဆီကို အသားအရေပေါ် တိုက်ရိုက်လိမ်းကျံ ပေးခြင်းအားဖြင့် အရေပြားကို ရေဓာတ်ဖြည့်ပေး နိုင်ပြီး တစ်ခြားအလှကုန်များထက် ပိုပြီး အချိန်ကြာ   ကြာ ရေဓာတ်ကို ထိန်းထားနိုင်စွမ်းလည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် Make Up Remover အဖြစ်လည်း အသုံးပြုနိုင်သလို လက်ရှိ Make Up Trend ဖြစ်နေတဲ့ ပြောင်ပြောင်လက်လက် Make Up ကို ပြင်ဆင်ခြယ်သဖို့အတွက် Highlighter အဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။ လက်သည်းတွေရဲ့ အပေါ်ယံအလွှာ ပျော့ပြောင်းတောက်ပစေဖို့အတွက်လည်း အုန်းဆီကို ပုံမှန်လိမ်းပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျဆင်းစေနိုင်ပါတယ်
    အထက်မှာဖော်ပြပြီးခဲ့သလိုပါပဲ။ အုန်းဆီမှာ Medium Chain Triglycerides (သို့) Medium-chain Fatty Acid (MCFA)  ပါဝင်ပါတယ်။ အဆိုပါ Fatty Acid မှာ Trans Fats (ပုံ
ပြောင်းဆီ) လုံးဝမပါဝင်တာကြောင့် ပြည့်ဝဆီ
အမျိုးအစားဖြစ်သော်လည်း ကျန်းမာရေးအတွက် သင့်တော်ပြီး စားသုံးပေးသင့်တဲ့ အဆီတစ်မျိုး ဖြစ်ပါတယ်။ အုန်းဆီမှာတွေ့ရှိရတဲ့ Fatty Acid မှာပါဝင်တဲ့ ဒြပ်ပစ္စည်းတွေဟာ စားသုံးပြီးနောက် ချက်ချင်းဆိုသလို အသည်းဆီသို့ရောက်ရှိသွားပြီး စွမ်းအင်ထုတ်လုပ်မှုနဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို တိုးမြှင့်ဖြစ်ပျက်အောင် လှုံ့ဆော်ပေးပါတယ်။ စွမ်းအင်များများထုတ်၊ ဇီဝကမ္မဖြစ်စဉ်တွေ တိုးမြှင့်ဖြစ်ပျက်ခြင်းရဲ့နောက်ဆက်တွဲရလဒ်ကတော့ ခန္ဓာကိုယ်အလေးချိန် တစ်ဖြည်းဖြည်း ကျဆင်းလာခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ရက်ကို အုန်းဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ပမာဏခန့်စားသုံးပြီး သင့်ရဲ့ ခန္ဓာကိုယ်ကို သွယ်လျအောင် လုပ်ဆောင်
နိုင်သလို ရှိပြီးသား ကိုယ်အလေးချိန် ထပ်တက်မလာအောင်လည်း ထိန်းသိမ်းထားနိုင်ပါတယ်။

    နို့တိုက် မိခင်များအတွက် အထောက်အကူ ပြုပါတယ်
    အုန်းဆီစားပေးခြင်းက နို့ထွက်နှုန်း ပိုမိုကောင်းမွန်စေနိုင်တာကြောင့် နို့တိုက်မိခင်တွေအတွက်လည်း အသုံးဝင်ပါတယ်။ လေ့လာမှုတွေ ပြုလုပ်ပြီးနောက်ပိုင်းမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်စားပေးခြင်းက ဟော်မုန်းထုတ်လုပ်ဖို့အတွက် မရှိမဖြစ် အရေးပါတဲ့ အရာဖြစ်တာကို တွေ့ရှိခဲ့ရပါတယ်။ ဟော်မုန်းထုတ်လုပ်မှု အခြေအနေ ပုံမှန်ရှိမှ သာ နို့ထွက်နှုန်းကောင်းမွန်မှာ ဖြစ်တာကြောင့် နို့တိုက်မိခင်များအတွက် ကျန်းမာတဲ့ အဆီဓာတ် ရရှိဖို့က အရေးကြီးပါတယ်။ ဒါကြောင့် နို့ထွက်အားကောင်းဖို့ အုန်းဆီကိုစားသုံးပေးနိုင်ပါတယ်လို့ ပညာရှင်တွေ အကြံပြုထားပါတယ်။

သွိုင်းရွိုက်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်
    လတ်တလောမှာ အုန်းဆီစားသုံးမှု နာမည်ကြီးလာတာနဲ့အမျှ ပညာရှင်များနဲ့ သုတေသန အဖွဲ့အတော်များများက အုန်းဆီရဲ့ ကောင်းကျိုး၊
ဆိုးကျိုးနဲ့ ပတ်သက်တဲ့ လေ့လာမှုများစွာကို ပြု
လုပ်လာကြပါတယ်။ မကြာသေးခင်က ထွက်ရှိလာ တဲ့ သုတေသန သတင်းထုတ်ပြန်ချက်တစ်ခုမှာ အုန်းဆီစားပေးခြင်းက သွိုင်းရွိုက်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေနိုင်တယ်လို့ ဖော်ပြပါရှိ လာပါတယ်။ သွိုင်းရွိုက်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဓာတ်စာများစွာရှိတာကြောင့် အုန်းဆီရဲ့ ဘယ်လိုဓာတ်သဘာဝက ဘယ်လိုနည်းလမ်းနဲ့ အတိအကျအထောက်အကူပြုနေတာလဲဆိုတာကို အတိအကျမသိရသေးပါဘူး။ ဒါပေမဲ့ ကောင်းမွန်တဲ့ရလဒ်တွေ တွေ့ရှိထားရတာကြောင့် စမ်းသပ်သုံးစွဲကြည့်လို့လည်း အန္တရာယ် မရှိနိုင်ဘူးလို့ သိရပါတယ်။
    အထက်ဖော်ပြပါ အာနိသင်များအပြင် အုန်းဆီမှာ ဒဏ်ရာအနာတရများကို သက်သာပျောက်ကင်းစေနိုင်တဲ့ ဂုဏ်သတ္တိလည်း ရှိပါတယ်။ ပိုးမွှားကိုက်ခံရတဲ့ ဒဏ်ရာများ၊ သေးငယ်တဲ့ ပြတ်ရှ၊ ပွန်းပဲ့အနာများကို အုန်းဆီလေး ပါးပါးတို့ပေး၊ လိမ်းပေးခြင်းဖြင့်ဝေဒနာကို သက်သာစေပြီး အနာကျက်မြန်စေတာကို တွေ့ရပါတယ်။ နေလောင်ဒဏ်ရာများကိုလည်း အုန်းဆီလိမ်းပေးပါက သိသိသာသာ သက်သာစေနိုင်တယ်လို့ ဆိုပါတယ်။ မိတ်ကပ်ဖျက်ဖို့ Make Up Remover အဖြစ် အုန်းဆီကို အသုံးပြုနိုင်သလို လှပတဲ့ ဆံကေသာအတွက် ဆံပင်ပျော့ဆေးအဖြစ်လည်း အသုံးပြုနိုင်ပါသေးတယ်။
    ဟင်းချက်ရာမှာ၊ မုန့်ပြုလုပ်ရာမှာလည်း အုန်းဆီကို အသုံးပြုနိုင်ပြီး မွှေးပျံ့တဲ့ အုန်းဆီနံ့ကြောင့် ပုံမှန်ထက်ပိုပြီးထူးခြားတဲ့ ဟင်းလျာများ၊ မုန့်များကို သင်အကြိုက်တွေ့မှာ အသေအချာပါပဲ။
    ကျန်းမာရေးအတွက်၊ အလှအပအတွက်၊ ဆေးမြီတိုအတွက် ဘက်စုံအသုံးပြုနိုင်တဲ့ အုန်းဆီ ပုလင်းလေး တစ်ပုလင်းတော့ သင့်အိမ်မှာ ဆောင်ထားသင့်ပါတယ်။ အချိန်ကြာကြာထားတဲ့အခါမှာ ဆီချေးနံ့ထွက်လာတတ်တဲ့ အုန်းဆီရဲ့ သဘာဝကိုတော့ သတိပြုရပါမယ်။ ဒါကြောင့်  အဖိုးတန်တဲ့ အုန်းဆီတွေ အလေအလွင့် ဖြစ်ရမယ့် အရေးက ကြိုတင်ကာကွယ်တဲ့ အနေနဲ့သင်အသုံးပြုမယ့် ပမာဏပေါ်မူတည်ပြီး လိုအပ်တဲ့ ပမာဏလောက် ကိုသာ ၀ယ်ယူထားဖို့ အကြံပြုလိုက်ပါရစေ။

Ref; Lifehack