“လေ့ကျင့်ခန်းနှင့် ပျော်စရာနည်းလမ်းများ (သို့) အသက်အရွယ်ရလည်း လေ့ကျင့်ပါ”

လူ့သဘာဝအရ အသက်အရွယ်ရလာတာနဲ့ အမျှ တစ်စတစ်စနဲ့ ခန္ဓာကိုယ်မှာ ပေါ့ပါးသွက်လက်မှုတွေဆုတ်ခွာလာပြီး လေးလံလာ၊ အင်အားနည်းပါးလာတယ်လို့ ခံစားရတယ်အခါ ကိုယ့်ကိုယ်ကို လှုပ်လှုပ်ရှားရှားနေဖို့ထက် မောပန်းခြင်း မဖြစ်ရ လေအောင် ပိုပြီးအထိုင်များလာတာ ငြိမ်ငြိမ်သက်သက်နေချင်လာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ 

အမှန်တကယ်တော့ အဲဒီလိုနေထိုင်မှုပုံစံမျိုးကမှ အသက်အရွယ်ပိုရလာလေလေ မိမိရဲ့ကျန်းမာရေးကို ပိုပြီးထိခိုက်လာလေလေဖြစ်စေမယ့်အကြောင်းဖြစ်ပါတယ်။ 

ဒီလိုအကြောင်းတွေကြောင့် ဖြစ်ပေါ်လာ မယ့်ဆိုးကျိုးတွေကို ရှောင်ရှားနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ကိုယ်ကို သယ်နိုင်သေးသမျှ မှန်ကန်သောကိုယ်လက်လှုပ်ရှားလေ့ကျင့်မှု ကို ဆောင်ရွက်ပေးဖို့ နောက်မကျသေးဘူးဆိုတာပဲ ဖြစ်ပါတယ်။

အများအားဖြင့်တော့ ငယ်စဉ်ကတည်းက မလေ့ကျင့်ခဲ့ဘဲ အသက်အရွယ်ရလာမှ စပြီး လေ့ကျင့်ခန်းလုပ်တာဟာ အချိန်မမီ၊ အကျိုးမရှိဘူးလို့ ယူဆလေ့ရှိကြပါတယ်။ ခန္ဓာကိုယ်အလှတည်ဆောက်ဖို့ရာ လေ့ကျင့်ခြင်းအတွက် မဟုတ်ဘဲ 
ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ဖို့၊ နှလုံးနဲ့ ပတ်သက်တဲ့ ရောဂါတွေကွယ်နိုင်ဖို့၊ သူများကို အားမကိုးရဘဲ ကိုယ့်အရိုးကိုယ်သယ်နိုင်ဖို့၊ နာကျင်လေးလံထိုင်း မှိုင်းခြင်းတွေလျော့ပါးပြီး ဘ၀ကို ဆက်လက်လျှောက်လှမ်းနိုင်ဖို့အတွက်တော့ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဟာ အသက်အရွယ်ရလာချိန်မှာလည်း အကျိုးဖြစ်ထွန်းစေပါတယ်။

ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးခြင်းအားဖြင့် ကိုယ်ကျန်းမာစေသလို စိတ်ခံစားမှုကိုလည်း ကောင်းမွန်စေ၊ မှတ်ဉာဏ်စွမ်းအားကိုလည်း မြင့်တက်စေတဲ့အတွက် အသက်အရွယ်ကြောင့်ရယ်လို့ လက်မလျှော့လိုက်ဘဲ သင့်လျော်ရာကိုသာ ရွေးချယ်ဆောင်ရွက်ပါလို့ အကြံပြုတိုက်တွန်းလိုပါတယ်။

"ကျွန်ုပ်တို့ဘာတွေလုပ်နိုင်မလဲ"
ပထမဆုံး လေ့ကျင့်ခန်းမပြုလုပ်နိုင်ခြင်းရဲ့ အကြောင်းပြချက်တွေကို ထိပ်တိုက်ရင်ဆိုင်လိုက်ပါ။

ဘယ်အတိုင်းအတာ ပမာဏထိလုပ်ဆောင်နိုင်သလဲဆိုတာကို အမှန်အတိုင်းလက်ခံပါ။

မိမိလုပ်ဆောင်နိုင်တဲ့ အတိုင်းအတာအတွင်းမှာရှိမယ့် အလွယ်ကူဆုံးအသေးငယ်ဆုံး လုပ်နိုင်တာလေးက စတင်ပါ။ ဥပမာ - ပုံမှန် လမ်းလျှောက်ပေးတာမျိုးပဲ ဖြစ်ဖြစ်ပါ။

ဖြည်းဖြည်းနဲ့ မှန်မှန် စတင်ခြင်းကသာ အကောင်းဆုံးအောင်မြင်မှုကို ရရှိစေမယ်ဆိုတာ ယုံကြည်မှုထားပါ။

စိတ်ပါဝင်စားမှုရှိထားတဲ့ ကစားနည်းမျိုးတွေကို ကြိုးစားကြည့်ပါ။

လုပ်ဆောင်မှု၊ တိုးတက်မှုတိုင်းမှာ မိမိကိုယ်ကို အားပေးချီးမြှောက်ခြင်းဖြင့် အမြဲတမ်းတက်တက်ကြွကြွရှိနေတတ်ပါစေ။

“လေ့ကျင့်ခန်း ဘယ်လိုလုပ်မလဲ”
ငယ်စဉ် တစ်လျှောက်လုံးမှာတောင် မလေ့ကျင့်ဖြစ်ခဲ့လေတော့ အသက်အရွယ်ရမှ လေ့ကျင့်ရမယ်ဆိုတာဟာ ပိုပြီး ပျင်းရိငြီးငွေ့စရာ ဖြစ်နိုင်ပါတယ်။ 

ဒီအခြေအနေကို ဖြေရှင်းနည်းကတော့ အပေါင်းအဖော်နဲ့ အသင်းအဖွဲ့နဲ့ ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ 

မိမိဟာ တစ်ယောက်တည်းနေရတာကို ပိုမိုနှစ်သက်တတ်သူ ဖြစ်မယ်ဆိုရင်တော့ နှစ်သက်ရာဂီတကို နားဆင်ရင်း လေ့ကျင့်ကစားနိုင်ပါတယ်။

နောက်ထပ်အကြံပြုချင်တဲ့ နည်းလမ်းလေးကတော့ ဒီတိုင်းလမ်းလျှောက်ရမှာ ပျင်းစရာလို့ ထင်လာရင် ရှော့ပင်းစင်တာကို တာတစ်ပတ်လို့ သဘောပိုက်ပြီး Window Shopping ထွက်ရင်း လမ်းလျှောက်နိုင်ပါတယ်။

အကယ်၍ နှစ်ဦးအပြိုင်ကစားရမယ့် စားပွဲတင်တင်းနစ်လို၊ ကြက်တောင်ရိုက်တာလို ကစားနည်းမျိုး ကစားမယ်ဆိုရင် လောင်းကြေးလေးတစ်ခု သတ်မှတ်ပြီး ကစားကြမယ်ဆို ပျော်စရာဖြစ်မှာပါ။

တစ်ခါတစ်ရံမှာလည်း သဘာဝထဲကို လမ်း လျှောက်ထွက်ပြီး ကိုယ်တိုင်ဓာတ်ပုံဆရာတစ် ယောက်လုပ်လိုက်ပါ။

ယောဂသင်တန်း ဒါမှမဟုတ် အားကစား ခန်းမမှာ သွားကစားတဲ့အခါ မိတ်သစ် ဆွေသစ်တွေလည်း ရဦးမှာပါ။

ကိုယ်ကြိုက်နှစ်သက်တဲ့ တီဗီအစီအစဉ်တွေ ရုပ်ရှင်တွေကိုလည်း Treadmill လမ်းလျှောက်စက် ပေါ်ကနေ တစ်ခါတလေကြည့်ပါလေ။

သူငယ်ချင်းနဲ့ ကော်ဖီဆိုင်မှာထိုင် စကားပြောမယ့်အစား လမ်းလျှောက်ရင်းစကားပြောဖို့၊ အေ ကြာလျှော့ရင်း ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးလုပ်ရင်း စကားပြောကြဖို့ ဦးဆောင်ပါ။

ဂေါက်ကွင်းထဲမှာ ကားစီးသွားမယ့်အစားလမ်းလျှောက်သွားပါ။

ခွေးလေးတွေ မွေးထားတယ်ဆိုရင်တော့ အားသာချက်က ခွေးလေးနဲ့အတူ ပြေးနိုင်၊ ကစားနိုင်မှာပါ။

စိတ်ဖိစီးမှုတွေ သိပ်များလာတဲ့အခါ ပြေးပါ။ 

လမ်းများများလျှောက်ပါ။ စက်ဘီးနင်းပါ။ အဲလို ဆောင်ရွက်လိုက်တဲ့အခါ စိတ်ခံစားချက်တွေ သိသိသာသာကောင်းမွန်လာတာကို တွေ့ရမှာပါ။

စိတ်တူကိုယ်တူဖြစ်မယ့် လေ့ကျင့်ဖော် တစ်ယောက်ကိုရှာပြီး လေ့ကျင့်မှုအသစ်တွေကို အတူတကွဆောင်ရွက်ပေးပါ။ ဒါဟာ လေ့ကျင့်ခန်းကြောင့် ပင်ပန်းခြင်းနဲ့ ငြီးငွေ့မှုတွေကို ကျော်လွှားနိုင်မှာဖြစ်သလို အနည်းဆုံးတော့ သူငယ်ချင်း
ကောင်းတစ်ယောက်နဲ့ အတူရှိနေရတဲ့ စိတ်ချမ်းသာမှုမျိုးကို ရရှိနိုင်မှာပါ။

မိမိစိတ်ကို အမှန်တကယ်ပျော်ရွှင်စေမယ့် လေ့ကျင့်မှုမျိုးကို တွေ့ရှိဆောင်ရွက်နိုင်ခြင်းရဲ့ သော့ချက်ကတော့ အလွယ်တကူငြီးငွေ့လာခြင်း၊ စိတ်မပါတော့ဘဲ တစ်ပိုင်းတစ်စနဲ့ ရပ်တန့်ပစ်လိုက်ခြင်း စတဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းရဲ့ အဟန့်အတားများ ကို ဖယ်ရှားနိုင်မှာပဲ ဖြစ်ပါတယ်။

နှလုံးသားများ ကျန်းမာစေမယ်
ခန္ဓာကိုယ်က ကြီးမားတဲ့ ကြွက်သားအုပ်စုကြီးအချိန်နဲ့အမျှ ရစ်သမ်ကျကျလှုပ်ရှားနေနိုင်မှသာ မဖောက်မပြန်မှန်ကန်တဲ့ ကျန်းမာရေးနဲ့ ကျွန်ုပ်တို့ လန်းဆန်းနေနိုင်မယ့် အကြောင်းတစ်ချက်ပါ။ 

နှလုံး ကြွက်သားများ ကျန်းမာသန်စွမ်းအောင် သက်လုံကောင်းအောင် လေ့ကျင့်ဖို့ရာ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ လှေကားထစ်တက်ဆင်းပေးခြင်း၊ တောင်တက်ခြင်း၊ ရေကူးခြင်း၊ လှေလှော်ခြင်း၊ တင်းနစ်ကစားခြင်း၊ ကခုန်ခြင်း အစရှိတဲ့နည်းလမ်းတွေကို ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီနည်းလမ်းတွေလိုပဲ အိမ်ခြံဝန်းထဲမှာ ရှင်းလင်းလှဲကျင်းတာ၊ သစ်ပင်စိုက်ပျိုးတာ၊ အိမ်သန့်ရှင်းရေးပြုလုပ်တာ၊ အိမ်တွင်းနဲ့ ခြံဝန်းထဲက တိုတိုထွာထွာ တောက်တိုမယ်ရ လုပ်စရာရှိတာလေးတွေပြုလုပ်ပေးတာမျိုးကလည်း အကျိုးရှိစေပါတယ်။

အကြောလျှော့ လေ့ကျင့်ခန်းဆောင်ရွက်ပါ
အကြောလျှော့လေ့ကျင့်ခန်းကို ပုံမှန်ဆောင်ရွက်ပေးခြင်းအားဖြင့် ရရှိခံစားရမယ့် အကျိုးကျေးဇူးတွေကတော့ အသက်အရွယ်ရလာတာနဲ့အမျှ အရိုးသိပ်သည်းဆ လျော့ပါးလာတာကို ကာကွယ်ပေးနိုင်သလို ကြွက်သားပြန်လည်တည်ဆောက်
နိုင်ပြီး ခန္ဓာကိုယ်ဟန်ချက်ကိုလည်း ပိုမိုထိန်းညှိနိုင်လာမှာ ဖြစ်ပါတယ်။ 

ဒီ့အတွက် မတော်တဆ လဲပြိုတာတွေကို ကာကွယ်ပြီးသားဖြစ်သလို ကားပေါ်အတက်အဆင်းနဲ့ လမ်းဖြတ်ကူးတဲ့အခါမျိုးမှာလည်း ကိုယ့်ရဲ့အရှိန် ကိုယ့်ရဲ့ဒူးကို စိတ်ပူစရာမလိုတော့ဘဲ သွက်သွက်လက်လက် ဖြစ်စေနိုင်မှာပါ။

ခန္ဓာကိုယ်ကို ဟန်ချက်ညီစေမယ်
ကိုယ်စိတ်နှစ်ပါးတည်ငြိမ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကျစ်လျစ်ပျော့ပျောင်းစွာနဲ့ ဟန်ချက်ထိန်းနိုင်ဖို့၊ မိမိကိုယ်ကိုယ်ယုံကြည်မှု အပြည့်အ၀ရှိနေစေဖို့အတွက် ယောဂလေ့ကျင့်ခန်းရပ်တွေက ကူညီပေးနိုင်ပါတယ်။

မိမိကိုယ်ကို ဟန်ချက်ထိန်းညှိလာနိုင်ပြီး နေထိုင်သွားလာလှုပ်ရှားမှုတိုင်းမှာ အချိုးတကျမှန်ကန်လာတဲ့အခါ အသက်အရွယ်အရအဖြစ် များလာတတ်တဲ့အရိုးအဆစ်မခိုင်မြဲမှု၊ ပြိုယိုင်လဲကျမှုတွေအားလုံးကို ထိန်းချုပ်လာနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အသက်အရွယ်ရလာတာနဲ့ အမျှ ခန္ဓာကိုယ်ကြီးမှာ လေးလံထိုင်းမှိုင်းမှုတွေ ကင်းဝေးစေအောင်... အဆစ်အမြစ်တွေ အကွေးအဆန့် မကောင်းတော့ပါဘူးရယ်လို့ မညည်တွားရလေအောင်… လှုပ်ရှားလိုက်တိုင်းမှာ စုတ်တသပ်သပ်နဲ့ ညည်းညူနေရတာမျိုး မဖြစ်ရလေအောင်...

ပုံမှန် လေ့ကျင့်ကစား လှုပ်ရှားမှုလေးတွေကို ဆောင်ရွက်ရင်း ကျန်းမာခြင်းလာဘ်တစ်ပါးကို မိမိရရပိုင်ဆိုင်နိုင်ကြပါစေလို့ အကြံပြုတိုက်တွန်း ရေးသားလိုက်ရပါတယ်။