VIP ဟင်းလျာ

ချစ်တဲ့ ပရိသတ်ကြီးကို သူအကြိုက်ဆုံး ဟင်းလျာတွေကို ကိုယ်တိုင်ချက်ကျွေးတဲ့ ပရိသတ်အတွက် VIP ဟင်းလျာ...
ပရိသတ်ကြီးက သူ့အတွက် VIP ပါလို့ ပြော လာတဲ့ မော်ဒယ်လ်သရုပ်ဆောင် ထွန်းကိုကိုရဲ့

"ဆိတ်သားမွကြော်နှင့် ကန်စွန်းပလိန်း"


ဆိတ်မွကြော်
ပါဝင်ပစ္စည်းများ
- ဆိတ်သား (အသားများများ)
- ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီး အကြမ်းဖတ် (ဂျင်းကို ပါးပါးလှီးထာပါ၊ ကြက်သွန်ဖြူကိုလည်း ပါးပါးလှီးထားပါ)
- နနွင်း၊ ဆား၊ အသားမှုန့်၊ ဆီ၊ ငံပြာရည် အနည်းငယ်

ဆိတ်သားမွကြော် ချက်ပြုတ်နည်းအဆင့်ဆင့်
ဆိတ်သားကိုရေစင်အောင် ဆေးပြီး နနွင်း၊ ဆားနယ်ကာ ပြုတ်ပေးရပါမယ် နူးတဲ့အထိ။
ကြက်သွန်နှင့် ဂျင်းကို ပါးပါးလှီးထားပါမယ်။
ဆီကို ပူအောင်တည်ထားပါမယ် ဆီပူလာပြီဆိုရင် ဆိတ်သားမွထားတာလေးတွေ အရင်အကြွပ်ကြော်ပါမယ်။ ပြီးရင်တော့ လှီးထားတဲ့ ကြက်သွန်ဖြူနှင့် ဂျင်းကို ကြော်ပါမယ်။ နောက်ဆုံး မှာ ငရုတ်သီးအကြမ်းဖတ်ထည့် ကြော်ပြီး ဆား၊ အသားမှုန့်နှင့် ငံပြာရည်ထည့်ကာ ၅ မိနစ်လောက် ကြော်ပြီးရင် ရပါပြီ။


ကန်စွန်းပလိန်း
ပါဝင်ပစ္စည်းများ
- ကန်စွန်းရွက်
- ခရုဆီ၊ ဆား၊ အသားမှုန့်၊ ဆီ၊ ကြက်သွန်ဖြူ

ကန်စွန်းပလိန်း ချက်ပြုတ်နည်းအဆင့်ဆင့်
ပထမဆုံး ကြက်သွန်ဖြူကို ဆီအပူပေးပြီး ကန်စွန်းရွက်ထည့်ကြော်ပါမယ်။ ကန်စွန်းအရိုးလေးတွေအရင်ကြော်ပြီး မကျက်တကျက်အခြေအနေမှ အရွက်ထည့်ကာ အသားမှုန့်၊ ဆား၊ ခရုဆီ ထည့်ကြော်ပြီးရင် ရပါပြီ။
ကျွန်တော်အကြိုက်ဆုံး ဟင်းလေးမို့ ချစ်တဲ့ပရိသတ်ကို ချက်ကျွေးချင်တာပါ။
အမြဲအိမ်မှာ ချက်စားဖြစ်ပါတယ်။