ချိုမြိန်သော သင်္ကြန်

မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ကျင်းပရာ ကာလ၀န်းကျင်မှာပဲ ရိုးရာရေသဘင်ပွဲတော်တွေကို တူတူညီညီနွှဲပျော်လေ့ရှိကြတဲ့ အိမ်နီးချင်းနိုင်ငံတချို့ရဲ့ ရိုးရာမုန့်ပြုလုပ်နည်းလေးတွေကို အမှတ်တရအနေနဲ့ တင်ဆက်လိုက်ပါတယ်။

နိုင်ငံတွေအနေနီးသလို ရိုးရာမုန့်ပြုလုပ်နည်းတွေကလည်း အလွန်နီးစပ်လှပါတယ်။ အခြေခံစားသောက်ကုန်အသုံးပြုမှုတွေ တူညီမှုရှိပြီး ပြုလုပ်ပုံ၊ ပြုလုပ်နည်းလေးတွေမှာသာ အနည်းငယ်စီကွဲပြားသွားတာမို့ အရသာအားဖြင့် တစ်ခုတစ်မျိုးစီဆန်းပြားသွားတဲ့ အသီးသီးသော ရိုးရာမုန့်အချိုပွဲလေးတွေကို ပရိသတ်များလည်း ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

သရက်သီးကောက်ညှင်းပေါင်း

အုန်းနို့ကောက်ညှင်းပေါင်းကို သရက်သီးမှည့်နဲ့တွဲဖက်တည်ခင်းထားတဲ့ ထိုင်းစတိုင်လ် အချိုပွဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ကောက်ညှင်း                   - ၁ ဗူး

အုန်းနို့                            - ၄ ပုံ ၃ ပုံခန့်

သကြား                          - ၄ ပုံ ၁ ပုံခန့်

အုန်းနို့အနှစ်                     - ၄ ပုံ ၃ ပုံခန့်

ဆား                              - အနည်းငယ်

သကြား                          - စိတ်ကြိုက်

သရက်သီးမှည့်                 - စိတ်ကြိုက်

ပြုလုပ်နည်း

ကောက်ညှင်းကို ဆေးကြောသန့်စင်ပြီး ထမင်းပေါင်းအိုးနဲ့ ချက်ပါတယ်။ အုန်းနို့ကို အိုးတစ်လုံးနဲ့ထည့်ပြီး မီးအေးအေးနဲ့ တည်ပါတယ်။ သကြားနဲ့ဆားသင့်ရုံစီထည့်ပြီး ပျော်လာတဲ့အထိ တည်ပေးပါတယ်။

အုန်းနို့ပွက်တဲ့အခါ ချက်ထားတဲ့ ကောက်ညှင်းပေါင်းအိုးထဲလောင်းထည့်ပြီး အုန်းနို့နဲ့ ကောက်ညှင်းရောသမမွှေကာ (၁၅) မိနစ်မျှ နှပ်ထားလိုက်ပါတယ်။

မုန့်ပွဲအပေါ်ယံမှာ ဆမ်းဖို့အတွက် အုန်းနို့အနှစ်ကိုလည်း ဆားအနည်းငယ်ထည့်ပြီး တည်ပေးပါတယ်။

အားလုံးပြီးပြီဆိုရင်တော့ ကောက်ညှင်းပေါင်းနဲ့ သရက်သီးမှည့်ကို ပန်းကန်တစ်ချပ်မှာ လှပစွာနေရာချပြီး အပေါ်ယံက အုန်းနို့အနှစ်ဆမ်းကာ တည်ခင်းနိုင်ပြီဖြစ်ပါတယ်။

ငှက်ပျောသီးအုန်းနို့ပေါင်း

ကမ္ဘောဒီးယားစတိုင်လ်အချိုပွဲ ဖြစ်ပါတယ်။ ပြုလုပ်နည်းက လွယ်လွယ်လေးမို့ ငှက်ပျောသီးနှစ်သက်သူများအတွက်တော့ မြည်းစမ်းချင်စရာပါပဲ။

ပါဝင်ပစ္စည်း

ငှက်ပျောသီးမှည့်               - ၈ လုံး

အုန်းနို့                            - ပန်းကန်လုံး ၂ လုံး

သကြား                          - စားပွဲတင် ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ငှက်ပျောသီးကို အခွံနွှာပြီး သုံး၊ လေးပိုင်းလှီးပါတယ်။ အုန်းနို့ကို သကြားထည့်မွှေပြီး မီးမျှင်းမျှင်းလေးနဲ့ ပျစ်လာတဲ့အထိ တည်ပေးပါတယ်။

အုန်းနို့ပျစ်လာတဲ့အခါ ငှက်ပျောသီးများကို ထည့်လိုက်ပြီး ငှက်ပျောသီးအိလာတဲ့အခါမှာတော့ ပူပူနွေးနွေးခပ်ယူ သုံးဆောင် နိုင်ပါပြီ။

သာကူစေ့လေးတွေ၊ နှမ်းစေ့လေးတွေ နှစ်သက်မယ်ဆိုရင်လည်း ထည့်သွင်းနိုင်သလို စတော်ဘယ်ရီသီးလေးတွေ ထည့် သွင်းသုံးဆောင်နိုင်ကြတာကိုလည်း တွေ့ရပါတယ်။

စပါးလင်ဖျော်ရည်

သစ်သီးဖျော်ရည်တွေကနေ အပြောင်းအ လဲတစ်ခုခွဲထွက်ပေးမယ့် စပါးလင်ဖျော်ရည်ကတော့ လာအိုစတိုင်လ်ဖြစ်ပါတယ်။ နွေရာသီမှာ အအေးအဖြစ် ရေခဲနဲ့သုံးဆောင်လေ့ရှိပြီး ချမ်းအေးတဲ့ရာသီမှာတော့ ပူပူနွေးနွေးသောက်သုံးနိုင်တဲ့ စပါးလင်ဖျော်ရည် ဟာ ရာသီတိုင်းအတွက် ကောင်းမွန်မျှတမှုရှိတဲ့အပြင် စပါးလင်အရည်ဟာ B ပိုးကို ပျောက်ကင်းစေတယ်လို့လည်း သိရှိရပါတယ်။

ပါဝင်ပစ္စည်း

လတ်လတ်ဆတ်ဆတ်စပါးလင်      - ၆ ပင်

သကြား                                   - စားပွဲတင် ဇွန်း ၆ ဇွန်း

ရေ                                         - ၈ ဖန်ခွက်

ပြုလုပ်နည်း

စပါးလင်များကို အရိုးဖြတ်ယူပြီး ညိုနေတဲ့ အပြင်လွှာများနဲ့ အမြစ်ပိုင်းကို လှီးထုတ်ပစ်လိုက် ပါတယ်။

အစိမ်းရောင်သန့်သန့်အရိုးများကို ရေစင်အောင်ဆေးပြီး ဓားပြားရိုက်ပါတယ်။ အိုးတစ်လုံးမှာရေထည့်ပြီး ဓားပြားရိုက်ထား တဲ့ စပါးလင်များကို ပုံမှန်မီးအားနဲ့ တည်ပေးပါတယ်။ ရေဆူလာတဲ့အခါ မီးအားကိုလျှော့ချလိုက်ပြီး မီးမျှင်းမျှင်းနဲ့ တစ်နာရီခွဲခန့် ဆက် တည်ပေးပါတယ်။

အရည်အစိမ်းရောင်သန်းလာတဲ့အခါ စပါးလင်ရိုးတွေကို ဆယ်ထုတ်လိုက်ပြီး သကြားထည့်မွှေပါတယ်။ သကြားပျော်တဲ့ အခါ ပူပူနွေးနွေးသောက်သုံးနိုင်သလို အအေးခံပြီး ရေခဲထည့်ကာ သောက်သုံးနိုင်ပြီဖြစ်ပါတယ်။

ပြောင်းဖူး ပူတင်း

သကြားပြောင်းကို အသုံးပြုထားတဲ့ ပြောင်းဖူးပူတင်းချိုချိုလေးကတော့ ဗီယက်နမ်စတိုင်လ် ဖြစ်ပါတယ်။

ပါဝင်ပစ္စည်း

သကြားပြောင်း                 - ၃ ဖူး

ရေ                                - ၄ ဖန်ခွက်

ဆွမ်းမွှေးရွက်                   - ၂ ရွက်

Tapioca Pearls               - ဇွန်းကြီး ၁ ဇွန်း

အုန်းနို့                            - ၂ ဗူး

သကြား                          - စိတ်ကြိုက်

ဆား                              - အနည်းငယ်

နှမ်းစေ့လှော်                    - အနည်းငယ်

ပြုလုပ်နည်း

ပြောင်းဖူးတွေကို သန့်စင်အောင်ဆေးပြီး အစေ့တွေကို ခြွေမယူဘဲ ဓားနဲ့လှီးယူပါတယ်။

ပြောင်းရိုးတွေနဲ့ ဆွမ်းမွှေးရွက်တွေကို အိုးတစ်လုံးနဲ့ ရေမြုပ်အောင်ထည့်ပြီးဆူလာတဲ့အထိ ပြုတ်ပေးပါတယ်။ ရေဆူလာတဲ့ အခါ မီးအရှိန်ကိုလျှော့ချပြီး နာရီဝက်ခန့် ဆက်တည်ထားပေးပါတယ်။

အဲဒီအချိန်မှာ Tapioca Pearls တွေကို ပန်းကန်လုံးတစ်ခုထဲထည့်ပြီး ရေမြှုပ်အောင် စိမ်ထားပါတယ်။

အရည်တည်ထားတဲ့ အိုးအချိန်စေ့တဲ့အခါ ပြောင်းရိုးနဲ့ ဆွမ်းမွှေးရွက်တွေကို ဆယ်ထုတ်ပြီး အုန်းနို့၊ ပြောင်းဖူးစေ့၊ သကြားနဲ့ ဆား အားလုံးရောထည့်လိုက်ပြီး မွှေပေးပါတယ်။ နောက်တစ်ကြိမ်အိုးဆူလာပြီဆိုရင်တော့ မီးအရှိန်ကိုလျှော့ပြီး ပြောင်းဖူးစေ့တွေ နူးအိလာတဲ့အထိ ဆက်တည်ပေးပါတယ်။

၁၀ မိနစ်ခန့်ကြာတဲ့အခါ အရသာ စိတ်ကြိုက်မြည်းစမ်းပြင်ဆင်ပြီး Tapioca Pearls ထည့်မွှေပါတယ်။ အားလုံးကျက်ပြီ ဆိုရင်တော့ ပူပူနွေးနွေး ခပ်ယူသုံးဆောင်နိုင်ပြီဖြစ်သလို အပူမစားဘဲ အအေးစားမယ်ဆိုရင်လည်း မီးဖိုကချ အအေးခံပြီးတဲ့အခါ ရေခဲသေတ္တာထဲမှာ နှစ်ရက်အထိထားပြီး စားသုံးနိုင်ပါတယ်။

ပြောင်းဖူးပူတင်းကို တည်ခင်းဧည့်ခံတဲ့အခါ ဖန်ခွက် (သို့) ပန်းကန်လုံးနဲ့ထည့်ပြီး အပေါ်ယံက နှမ်းစေ့လေးတွေဖြူးကာ အလှဆင်လေ့ ရှိကြပါတယ်။

သဘာဝအတိုင်း အစိမ်းရောင်ကာလာရရှိဖို့နဲ့ ရနံ့လေးမွှေးဖို့ ဆွမ်းမွှေးရွက်အသုံးပြုတဲ့နေရာမှာတော့ မိမိအကြိုက်ပေါ်မူ တည်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။