VIP ဟင်းလျာ

ဒီတစ်လတော့ Eating In Style ကဏ္ဍလေးဟာ စာရေးဆရာမ ဆုမြတ်မွန်မွန် နဲ့ သမီးငယ်လေး ရွှေမဏိရှိရာ မိတ္ထီလာမြို့သို့ ခြေဆန့်ခဲ့ပါပြီ…
ဆရာမ ဆုမြတ်မွန်မွန်က သူမရဲ့ VIP ဖြစ်တဲ့ ရွှေမဏိ (သဲတုန်) မှာ ဘယ်လို အမူအကျင့်လေးတွေရှိသလဲ…
သဲတုန် က ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်
သူ နည်းနည်း သိတတ်စအရွယ်ထဲက ဓာတ်ပုံရိုက်တော့မယ်ဆို သူသိတယ်။ ရီပြဆို ရီပြတယ်။ နောက်နည်းနည်း အရွယ်ရလာတော့ တစ်နှစ်ကျော်ကျော်မှာပေါ့ ဒီခေတ်မှာ သူသူ ကိုယ်ကိုယ်နော် ဓာတ်ပုံရိုက်ပြီး ကိုယ့်ပုံကိုယ် ပြန်ကြည့်ကြတာလေနော်။ ဒါကို သူက မြင်ရဖန်များလာတဲ့အခါ ဓာတ်ပုံရိုက်ပြီးရင် သူ့ပုံကိုလဲသူက ကြည့်ရမှ။ ပြ ပြ ဆိုတာမျိုးတွေဖြစ်လာတယ်။ သူ့ကို အမှတ်တရဓာတ်ပုံလေးတွေ မကြာခဏရိုက်ပေးဖြစ်နေတော့ သူလည်းဒါကို ယဉ်ပါးလာတဲ့ သဘောနေမှာပေါ့နော်။ မရိုက်ချင်တာ ထွက်ပြေးတာ ဂျီကျတာမျိုးတွေမရှိဘဲ ကင်မရာချိန်တာနဲ့ သူက ပြုံးမယ်၊ ရယ်မယ်၊ အိုက်တင်လေးတွေ ထုတ်မယ်။ ဓာတ်ပုံရိုက်ရင် ပို့စ်လေးတစ်ခုတော့ ပေးရမယ်ဆိုတာ သူ သိနေသလို ဖြစ်နေတာပေါ့။ ဓာတ်ပုံရိုက်ရတာ သူ့အတွက် ကစားနေရသလို သူပျော်နေတာ ဖြစ်နေတယ်။ ပြီးရင် သူ့ဓာတ်ပုံ သူပြန်ကြည့်ပြီးသဘောတွေကျနေရော။ 
ဆုမြတ်မွန်မွန်က သူ့ VIP အတွက် ဘယ်လို အာဟာရတွေပြင်ဆင်ပေးတယ်ဆိုတာ ကြည့်ကြည့်လိုက်ရအောင်နော်…
သမီးလေးက အစားသိပ်မရွေးပါဘူး။
အသားငါး အသီးအရွက် ဥ အကုန် အစုံ စားပါတယ်။
ဒါကလဲ သူ အသက် ၆လပြည့်လို့ ဖြည့်စွက်စာစကျွေးထဲက အစုံစားတတ်အောင် ကျင့်ပေးခဲ့တာပါ။
သူ့ကို အာဟာရပြည့်အောင် အစုံကျွေးတဲ့အထဲကမှ သူ့ favourite လေးတွေလဲ ရှိပါတယ်.. အဲဒါကတော့ သူက အာလူး အရမ်းကြိုက်တယ်.. ငုံးဥ နဲ့ ငါး ကိုလဲ အရမ်းကြိုက်ပါတယ်။
အရွက်ထဲမှာဆို ဟင်းနုနယ်ရွက်ကိုလဲ သူ အရမ်းကြိုက်တယ်။
ဒ့ါကြောင့် ဒီနေ့ဟင်းလျာတွေကတော့ သူ့ အကြိုက်တွေချည်း ချက်ပေးထားတာပါ။
ပထမဆုံးက အာလူးထမင်း
အာလူးထမင်းက ချက်ရတာ အရမ်းလွယ်ပါတယ်..
ထမင်းချက်ဖို့ ဆန်ကတော့ အားဖြည့်ဆန်ကို သုံးပါတယ်... အဲဒီဆန်ကို သူ့ထမင်းပေါင်းအိုးလေးနဲ့ ထွေးထွေးအိအိလေးချက်ပြီး အာလူးကတော့ အတုံးလေးတွေတုံးပါတယ်။ ပြီးရင် ဆီအနည်းငယ်နဲ့ ကြက်သွန်နီကြော်ပါတယ်။ နနွင်း အနည်းငယ်ထည့်ပါတယ်။ အဲဒါနဲ့အတူ သစ်ကြမ်းပိုးခေါက်၊ လေးညှင်းပွင့် အနည်းငယ်ကိုပါ ထည့်ကြော်ပါတယ်။ အနံ့အတွက်ပါ။ မွှေးပြီး စားချင်စရာဖြစ်အောင်ပါ။ အရမ်းအနံ့ပြင်းအောင်တော့ မထည့်ပါဘူး။ ပြီးရင် အာလူးကိုကြော်ပါတယ်။ 
အာလူးလည်းကျက်ပြီ ရပြီဆိုရင် အဲဒီထဲကို ထမင်းရောထည့်၊ဆားအနည်းငယ်ထည့် အားလုံးပေါင်းလိုက်ရင် အရသာရှိတဲ့ အာလူးထမင်း ရပါပြီ။
 
ငါးချိုချဉ်ကြော်
ငါးချိုချဉ်ကြော် ချက်ပြုတ်တာလဲ လွယ်ပါတယ်။ ဈေးကနေ အရိုးမပါတဲ့ ငါးအသားလွှာချည်းဝယ်ခဲ့ပြီး အိမ်မှာ အရိုးမပါအောင်ထပ်စစ်၊ ငါးအသားလွှာလေးတွေချည်း အတုံးလေးတွေ တုံးပါတယ်။ ပြီးရင် ဆား၊ ငါးအရသာမှုန့်အနည်းငယ်၊ ကော်မှုန့်နဲ့အတူ ကြက်ဥတစ်လုံးဖောက်ထည့်ပြီး သမအောင်နယ်ပါတယ်။ အရသာဝင်အောင် ခဏနှပ်ထားတုန်းမှာ ကြက်သွန်နီတစ်ဥကို လေးစိတ်စိပ်၊ ဥနီလေးတွေလည်း လှီးထားပါတယ်။ အားလုံးအဆင်သင့်ဖြစ်ပြီဆို ဆီတည်ပြီး နယ်ထားတဲ့ငါးတွေကို အရင်ကြော်ပါတယ်။ ကြော်ပြီးတဲ့အခါ ဆီစစ်ဇကာနဲ့ခဏစစ်ထားတုန်း၊ အခုနက လှီးထားတဲ့ ကြက်သွန်နီတွေ ထည့်ကြော်ပါတယ်။ နောက်.. ဥနီထည့်ပါတယ်။ ရေအနည်းငယ်ထည့်ပါတယ်။ ဥနီကျက်လောက်ပြီဆိုရင် ဆီစစ်ထားတဲ့ ငါးကြော်တွေထည့်ပါပြီ။ နောက် ခရမ်းချဉ်သီးဆော့ထ် အနည်းငယ်၊ ဆားအနည်းငယ်၊ ငါးအရသာမှုန့်အနည်းငယ် စသဖြင့် မြည်းကြည့်ပြီး အရသာလိုသလိုထပ်ဖြည့်ပါတယ်။ အရသာရော ဟင်းအနှစ်ရော အနေတော်ဖြစ်ပြီဆိုရင်တော့ ချက်ရတာလွယ်ကူမြန်ဆန်သလောက် အရသာလည်းရှိ ကလေးတွေလည်း အရမ်းကြိုက်တဲ့ ငါးချိုချဉ်ကြော် ရပါပြီ။
ဟင်းနုနယ်ရွက်ကြော် နဲ့ ကြက်စွပ် 
ဟင်းနုနယ်ရွက်က တကယ်တော့ လူနဲ့အရမ်းတည့်ပါတယ်။ သူက သံဓာတ်တွေ အများကြီးပါတော့ မိန်းကလေးတွေနဲ့ဆို ပိုတောင်စားသင့်ပါသေးတယ်။ သမီးလေးကိုလည်း သံဓာတ်ရအောင် ကျွေးဖြစ်တယ်။ အရသာက ကလေးကြိုက် မဟုတ်တော့ သူ ကြိုက်မှကြိုက်ပ့ါမလား ထင်ထားပေမဲ့ သူက ဟင်းနုနယ်ကို တော်တော်ကြိုက်နေတာ ဝမ်းသာစရာပါပဲ။ ဟင်းနုနယ်ကို ကြက်သွန်ဖြူများများနဲ့ မွှေးနေအောင်ကြော်ကျွေးဖြစ်တယ်။ သဲတုန်လေးက ဒီအရွယ်နဲ့ ကြက်သွန်ဖြူလည်း ကြိုက်တတ်နေပြီ။ စားတာပဲ။  သူ့မှာ မွေးလာထဲက ဒီနေ့ဒီအချိန်အထိ လေထိုးလေအောင့် တစ်ခါမှမဖြစ်ဖူးဘူး။  သူ့ကိုယ်ဝန်နဲ့တုန်းကလည်း လေဆေးတွေ ဘာတွေသောက်ခဲ့တာမရှိပါဘူး။ လေစာတွေရှောင်ပြီး ကြက်သွန်ဖြူ စားခဲ့တာပဲရှိတယ်။ အဲဒါကြောင့် သူလည်း လေနာတာမဖြစ်ခဲ့ပါဘူး။
ကြက်စွပ်ကတော့ သူ့ကို နေ့တိုင်းတိုက်ပါတယ်။ မြန်မာကြက်လေးကို သူ့ ပေါင်းအိုးလေးနဲ့ နေ့တိုင်းပေါင်းပေးဖြစ်တယ်။ ဟင်းရည် ကို သူကြိုက်တတ်အောင်လို့။ မြန်မာကြက်ရယ်၊ ကြက်သွန်နီလေးစိတ်၊ ကြက်သွန်ဖြူ သုံးလေးမွှာကို ဓားပြားရိုက်ထည့်၊ ဂျင်းအနည်းငယ်၊ နနွင်းအရောင်ပါတယ်ဆိုရုံလေးထည့်ပြီး ဆားအနည်းငယ် နဲ့ အသားတွေထဲ အရသာဝင်အောင်နယ်ဖတ်ပြီး၊ ပေါင်းအိုးထဲ ထည့်တည်တာပါပဲ။
နေ့တိုင်း ထမင်းရယ် ကြက်စွပ်ရယ် အသီးအရွက်တစ်မျိုးမျိုးပါအောင် အမြဲကျွေးဖြစ်တယ်။ ကြက်စွပ်က လူမမာတွေကိုတောင် နာလန်ထတာ မြန်စေတယ်လေ။ ကိုယ်ခံအားကောင်းစေတယ်၊ အအေးမိနှာစေး ကာကွယ်တယ်။ ဒီတော့ ကြက်စွပ်ကို နေ့တိုင်းလုပ်ပေးဖြစ်ပါတယ်။ သူကလည်း အရမ်းကြိုက်တယ်။ ဟင်းရည်ထဲကို ငုံးဥတို့ ငါးဖယ်လုံးတို့ အဲလိုလေးတွေ ထည့်ပေးပါတယ်။
ဒါလေးတွေကတော့ သမီးလေးကို နေ့စဉ်ကျွေးဖြစ်နေတဲ့ အစားအသောက်တွေထဲက တစ်ချို့ပေါ့နော်။