ကမ္ဘာ့အစပ်ဆုံး ဟင်းလျာများ

ဒီတစ်လတော့ ခပ်စပ်စပ်အရသာလေးတွေကိုမှ ကြိုက်တတ်သူများအတွက် ကမ္ဘာ့အစပ်ဆုံး ဟင်းလျာများအကြောင်း ဗိန်းဗောင်းတီးလိုက်ရပါတယ်…

ဆွေမျိုးမေ့အောင် စပ်လိုက်ကြရအောင်…

Vindaloo
အိန္ဒိယနိုင်ငံ၊ ဂိုအာနယ်မှ ဟင်းလျာတစ်မျိုး ဖြစ်ပါတယ်။ 

လိုအပ်သောပစ္စည်းများ
ကြက်သား    
ဆား 
ငြုပ်ကောင်း 
ဆီ 
ကြက်သွန်ဖြူ  
ကြက်သွန်နီ  
ဂျင်း 
ဇီရာ
ဖာလာ
သစ်ကြားပိုးခေါက် 
လေးညှင်းပွင့် 
နနွင်း
ငရုတ်သီးအရောင်တင်မှုန့်
ငြုပ်သီးစိမ်း
သံပုရာရည်
ဗနီဂါ
သကြား
မန်ကျည်းသီး

ချက်နည်းအဆင့်ဆင့်
၁။    ကြက်သားကို ဆား၊ ငြုတ်ကောင်းမှုန့်တို့နဲ့ နယ်ထားပါ။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာလျှင် အရသာနယ်ထားတဲ့ ကြက်သားကို အညိုသမ်းလာအောင် ကြော်ပါ။
၂။    အိုးတစ်ခုထဲတွင် ကြက်သွန်ဖြူနီတို့ကို ဆီသတ်ပါ။ ထို့နောက် ဂျင်း၊ ဇီရာ၊ ဖာလာ၊ သစ်ကြားပိုးခေါက်၊ လေးညှင်းပွင့်၊ နနွင်းနဲ့ အရောင်တင်မှုန့်တို့ကို ရောပါ။ ဟင်းခတ်အမွှေးအကြိုင်တို့ အနံ့မွှေးလာလျှင် ကြော်ထားသော ကြက်သားတုံးများ ထည့်ပါ။ 
၃။    ထို့နောက် မန်ကျည်းနှစ်ထည့်၊ ရေထည့်ပြီး ကြက်သားနူးအိလာသည်အထိ (၄၅) မိနစ်ခန့် တည်ထားပါ။
၎။    ချခါနီး ငြုပ်သီးစိမ်းအုပ်ပြီး အိုးကို ဖိုပေါ်မှ ချပါ။ (ကြက်သားအပြင် ကိုယ်နှစ်သက်ရာ အသားကို ချက်ပြုတ်စားသုံးနိုင်သည်။)

SUICIDE BURRITOS
Burritos ဟာ မက္ကဆီကန် ဟင်းလျာတစ်မျိုးပါ။ ပြောင်းမှုန့်နဲ့ လုပ်ထားတဲ့ ချပါတီထဲမှာ ကိုယ်ထည့်ချင်တဲ့ အသားနဲ့ အသီးအရွက်ချက်ထည့်ပြီး ဆူရှီလိုလိပ်စားကြတာပါ။

လိုအပ်သောပစ္စည်းများ
နှစ်သက်ရာ အသားတစ်မျိုးမျိုး
ခရမ်းချဉ်သီးဆော့စ်
Black Beans
ငြုပ်သီးအရောင်တင်မှုန့် 
ဇီရာ
ဆား
ကြက်သွန်ဖြူ
ဗနီဂါ 
Salsa con queso (ငြုပ်သီးနဲ့ ချိစ်ရောထားသော မက္ကဆီကန်ဆော့စ်တစ်မျိုး)
ပြောင်းမှုန့်နှင့်လုပ်ထားသော ချပါတီချပ်
ပန်းငြုပ်ပွ အစိမ်း၊ အနီ
ကင်မ်ချီ 
အပ်မှို

ချက်နည်းအဆင့်ဆင့်
၁။    ခရမ်းချဉ်သီးဆော့စ် နဲ့ Black Beans ကို အနှစ်ဖြစ်သွားအောင် ချက်ထားပါ။
၂။    အသားကို ခပ်နုပ်နုပ်စဉ်းပြီး ဆား၊ ကြက်သွန်ဖြူ၊ ငြုတ်သီး၊ ဗနီဂါ နဲ့ ဟင်းခတ်အမွှေးအကြိုင်တို့နဲ့ ခပ်ခြောက်ခြောက်လေး ချက်ထားပါ။
၃။    ကင်မ်ချီ၊ ပန်းငြုပ်ပွ၊ အပ်မှိုတို့ကို ခပ်နွမ်း နွမ်းဖြစ်သွားအောင် အိုးပူတိုက်လိုက်ပါ။
၎။    ပြောင်းမှုန့်နှင့်လုပ်ထားသော ချပါတီချပ်ကို ခင်းပြီး ခရမ်းချဉ်းသီးနဲ့ ပဲဆော့စ်၊ အသားဟင်း၊ အိုးပူတိုက်ထားတဲ့ အရွက်များထည့် Salsa con queso ဆော့စ်ဆမ်းပြီး ဆူရှီလိုလိပ်ခါ သုံးဆောင်နိုင်ပါပြီ။

Neua Pad Prik
အမဲသားကို အစပ်ချက်ထားတဲ့ နာမည်ကြီး ထိုင်းအစားအစာ တစ်မျိုးပါ။ 

လိုအပ်သောပစ္စည်းများ
အမဲသား
ဆား
ငံပြာရည် 
ပြောင်းမှုန့် 
ငြုပ်ကောင်းမှုန့် 
ကြက်သွန်ဖြူ
ကြက်သွန်နီ
ပန်းငြုပ်ပွ အစိမ်း၊ အနီ
ပဲငံပြာရည်အချို 
သကြား
နှမ်းဆီ
နှစ်သက်ရာ ဟင်းရွက်

ချက်နည်းအဆင့်ဆင့်
၁။    အမဲသားကို အလွှာလိုက် ခပ်ပါးပါး လှီးပါ။
၂။    ထို့နောက်ဆား၊ ငံပြာရည်၊ ပြောင်းမှုန့်၊ ငြုပ်ကောင်းမှုန့်၊ ပဲငံပြာရည်အချို၊ သကြားတို့နဲ့ နယ် ပြီး (၂) နာရီကြာအောင် နှပ်ထားပါ။
၃။    အိုးပူလာလျှင် ဆီထည့်ပြီး အသား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ငြုပ်ပွများထည့်ပြီး (၃)မိနစ်ခန့် ချက်ပါ။ ထို့နောက် နှစ်သက်ရာ အရွက်များထည့်ပြီး (၂) မိနစ်ခန့် ဆက်ချက်ပါ။
၎။    ဟင်းကျက်လျှင် ထမင်းပူပူပေါ်အုပ်ပြီး သုံးဆောင်နိုင်ပါပြီ။ အချို့ကလည်း ကြက်ဥကြော်နှင့် တွဲဖက်တည်ခင်းလေ့ရှိသည်။

Sik Sik Wat
အီသီယိုးပီးယား ဟင်းလျာ တစ်မျိုးဖြစ်ပါတယ်။ 

လိုအပ်သောပစ္စည်းများ
အမဲသား (တစ်လက်မ အရွယ်အတုံးသေးလေးများ တုံးထားပါ)
ဆား
ငြုပ်ကောင်း
ကြက်သွန်နီ 
ကြက်သွန်ဖြူ
ဂျင်း
လေးညှင်းပွင့်
သစ်ကြားပိုးခေါက်
အရောင်တင်မှုန့်
Niter Kebbeh (အီသီယိုးပီယား ဟင်းလျာများတွင် သုံးလေ့ရှိသော ဟင်းခတ်အမွှေးအကြိုင်နံ့များပါသည့် ထောပတ်)
ဟင်းချက်ဝိုင်
ခရမ်းချဉ်သီးဆော့စ်

ချက်နည်းအဆင့်ဆင့်
၁။    ကြက်သွန်နီကို နွမ်းသွားအောင် မီးအေး အေးနဲ့ အရင်ဆီသတ်ထားပါ။ 
၂။    ထို့နောက် Niter Kebbeh ကို ထည့်မွှေပါ။ ပြီးနောက် ဟင်းခတ်အမွှေးအကြိုင်နဲ့ အရောင်တင်မှုန့် အားလုံးထည့်ပြီး အနံ့မွှေးလာအောင် ဆီသတ်ပါ။
၃။    ပြီးမှ ၀ိုင်၊ ရေ၊ ခရမ်းချဉ်သီးဆော့စ်၊ ဆား၊ အသားထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ 
၎။    အသားနူးသည်အထိ တည်ပြီး အိုးချခါနီးမှာ ငြုပ်ကောင်းမှုန့် ဖြူးလိုက်ပါ။