တူးပို့ တူးပို့ အစားစာ

မြန်မာတွေ ရင်အခုန်ဆုံး ဧပရယ်လမှာ၊ မြန်မာတွေ အချစ်ဆုံး သင်္ကြန်ပွဲတော်နဲ့အတူ မင်္ဂလာရှိသော မြန်မာနှစ်သစ် ဖြစ်ပါစေကြောင်း အရင်ဆုံး ဆုမွန်တောင်းလိုက်ပါတယ်။

အုန်းသီး၊ ထန်းလျက်၊ ကောက်ညှင်း စတဲ့ သင်္ကြန်အစားအစာတွေရဲ့ အခြေခံပါဝင်ပစ္စည်းတွေကို အဓိကထားပြီး တစ်မူထူးတဲ့ တူးပို့ အစားစာတွေကို  ဒီကဏ္ဍကနေ တင်ဆက်လိုက်ပါတယ်။

သာကူကျောက်ကျော
သင်္ကြန်အစားအစာ ထန်းလျက် သာကူကြိုကို ကျောက်ကျောအဖြစ် ပြောင်းဖို့ဆိုရင်…

လိုအပ်သောပစ္စည်း
ထန်းလျက်
သာကူ
အုန်းသီး
ကျောက်ကျောမှုန့်

ပြုလုပ်ပုံအဆင့်ဆင့်
ထန်းလျက်ကို ရည်ကြိုပြီး သန့်အောင် စစ်ထားပါ။
ပြီးနောက် ရေစိမ်ထားသော သာကူစေ့ကို ထန်းလျက်ရည်နဲ့ရော၍ သာကူကြိုပါ။
သာကူမျက်စေ့ပျောက်လျှင် အုန်းသီးဖတ်ဖြူးပြီး ကျောက်ကျောမှုန့်ထည့်ကာ (၁၀) မိနစ်ခန့် ထပ်ကြိုပါ။
ထို့နောက် ဗန်းထဲထည့်ပြီး အအေးခံကာ စိတ်ကြိုက်ပုံစံ လှီးဖြတ်ပြင်ဆင်နိုင်သည်။

ရောင်စုံ မုန့်လုံးရေပေါ်
မုန့်လုံးရေပေါ်ဆိုရင် အဖြူချည်းသက်သက် စိတ်ထဲစွဲမနေပါနဲ့။ ရောင်စုံလေးတွေဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတော့…

လိုအပ်သောပစ္စည်း
ကောက်ညှင်းမှုန့်
ဆန်မှုန့်
ထန်းလျက်
ရောင်စုံကျောက်ကျောချောင်း

ပြုလုပ်ပုံအဆင့်ဆင့်
ကောက်ညှင်းမှုန့်နဲ့ ဆန်မှုန့်ရောပြီး မုန့်သားနယ်ထားပါ။
ရောင်စုံသာကူချောင်းတွေကို ရေနွေးဖျောပြီး ပျော့သွားလျှင် ခပ်သေးသေးလှီးဖြတ်ထားပါ။
မုန့်သားထဲသို့ ရောင်စုံသာကူလေးတွေ ရောထည့်နယ်ပါ။
ထန်းလျက်ကို အနေတော်အရွယ်လေးတွေ စိပ်ထားပါ။
ရေနွေးအိုးတည်ကာ ပုံမှန်မုန့်လုံးရေပေါ် လုပ်နည်းအတိုင်း လုပ်သွားပါ။

မော်ဒန် ရွှေရင်အေး
သမားရိုးကျ ရွှေရင်အေးနဲ့ နည်းနည်းကွဲလွဲတဲ့ မော်ဒန်ရွှေရင်အေး လုပ်စားမယ်ဆိုရင်…

လိုအပ်သောပစ္စည်း
အုန်းနို့
သကြားရည်
မုန့်လက်ဆောင်းဖတ်
ပူတင်း
ရောင်စုံကျောက်ကျောချောင်း
ကောင်ညှင်းငချိတ်ပေါင်း
ပေါင်မုန့်

ပြုလုပ်ပုံအဆင့်ဆင့်
ကောက်ညှင်းနေရာမှာ ငချိတ်ပေါင်း၊ အုန့်နို့ ကျောက်ကျောနေရာမှာ ပူတင်းအစားထိုးထားတဲ့ မော်ဒန် ရွှေရင်အေးကို ပါဝင်ပစ္စည်းအားလုံး နှစ်သက်သလိုထည့်၍ အလွယ်တကူ သုံးဆောင်နိုင်သည်။ 

အုန်းနို့ ငချိတ်ယို
ကောက်ညှင်း နဲ့ အုန်းနို့ကို အထူးကြိုက်သူတွေအတွက် အုန်းနို့ငချိတ်ယို ပြင်ဆင်ဖို့အတွက်…

လိုအပ်သောပစ္စည်း
အုန်းနို့
ကောင်ညှင်းငချိတ်ပေါင်း
ကျောက်ကျောမှုန့်

ပြုလုပ်ပုံအဆင့်ဆင့်
အုန်းနို့ကို အရင်ဆုံးကျိုပါ။
ထို့နောက် ငချိတ်ပေါင်းထည့်ပြီး စေးပျစ်လာအောင် မွှေပါ။
အုန်းနို့ တ၀က်ကျိုးလျှင် ကျောက်ကျောမှုန့် ထည့်ပြီး (၁၀) မိနစ်ခန့်မွှေပေးပါ။
ထို့နောက် မီးဖိုပေါ်မှချပြီး အအေးခံကာ အုန်းနို့နံ့မွှေးနေသော အုန်းနို့ငချိတ်ယိုကို နှစ်သက်သလို လှီးဖြတ်သုံးဆောင်နိုင်သည်။