နွေးထွေး ချိုမြိန်တဲ့ အရသာ

ဆောင်းနံ့လေး သင်းပျံ့လာပြီဖြစ်တဲ့ အောက်တိုဘာလမှာ People ရဲ့ စာဖတ်ပရိသတ်တွေကို နွေးထွေးတဲ့ မုန့်ဖိုတွေက ထွက်လာမယ့် မွှေးပျံ့တဲ့ ရနံ့တွေနဲ့ ထိတွေ့ပေးချင်ပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ Bakery တွေရဲ့ မူပိုင် အရသာများနဲ့ ထင် ရှားတဲ့ Dessert & Bread တွေကို စာမျက်နှာများထက်မှာ လိုက်ပါမြည်းစမ်းကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 

Acacia Tea Salon
ဆရာစံလမ်းပေါ်မှာ တည်ရှိတဲ့ Acacia Tea Salon ဆိုရင် ခမ်းနားတဲ့ ဆိုင်အပြင်အဆင်နဲ့ ထူးခြားတဲ့ Dessert များရှိတဲ့ Fine Dining  Restaurant တစ်ခုမှန်း အစားအသောက်ချစ်သူများ သိပြီးသား ဖြစ်မှာပါ။ ဒါကြောင့် Acacia Tea Salon ရဲ့ Signature ဖြစ်နေတဲ့ Dessert များဆိုရင်...

Blueberry Cheese Layer Cake  
Blueberry Cheese Layer Cake က Acacia Tea Salon မှာ လူကြိုက်များပြီး နာမည်ကြီးတဲ့ Dessert တစ်မျိုးဖြစ်ပါတယ်။ Madeleine Cake တစ်ထပ်၊ Blueberry Jam တစ်ထပ်၊ Cream Cheese Mousse တစ်ထပ်ဆိုပြီး အရသာသုံးမျိုးကို အလွှာအထပ်ထပ်နဲ့ ပြုလုပ်ထားတဲ့ စားချင်စဖွယ် ကိတ်တစ်မျိုးပါ။ ဆန်ကစ်သီးရဲ့ အခွံကိုခြစ်ပြီး ထည့်ထားတဲ့ Madeleine Cake ရဲ့ ခပ်ချိုချို အရသာကို Blueberry Jam ရဲ့ ချိုချဉ်အရသာနဲ့ ထိန်းပြီး နူးညံ့တဲ့ Cream Cheese Mousse ရဲ့ အရသာတွေနဲ့ ပေါင်းစပ်ထားတာကြောင့် ထူးခြားတဲ့ အရသာနဲ့ ကိတ်သားရဲ့နူးညံ့မှုကိုပါ တစ်စပ်တည်းခံစားရမယ့် ကိတ်တစ်မျိုးလည်း ဖြစ်ပါတယ်။ 

Blueberry Cheese Tart 
Blueberry Cheese Tart ကလည်း Acacia Tea Salon ရဲ့ နောက်ထပ် ထူးခြားတဲ့ Dessert တစ်မျိုးပါ။ အခြား Cheese Cake ၊ Cheese Tart   များလို ဖုတ်ထားတာ မဟုတ်ဘဲ အေးခဲထားတာကြောင့် သာမန် Tart များထက် ပိုပြီး နူးညံ့တယ်လို့ ဆိုပါတယ်။ Almond Sable လို့ ခေါ်တဲ့ Cookie တစ်မျိုးကို ချေကာ Base အဖြစ်အသုံးပြုထားပြီး အပေါ်က Cream Cheese Mousse ကို လောင်းထားတာပါ။ Cream Cheese ၊ နို့ဆီ၊ နို့၊ Whipping Cream တွေ နဲ့ Cream Cheese Mousse ကို ပြုလုပ်ထားပြီး မီးမဖုတ်ဘဲ အေးခဲမှာ ဖြစ်တာကြောင့် နို့နဲ့ Cheese ရဲ့အနံ့ကို ဖျောက်ဖို့အတွက် Rum အနည်းငယ်ကိုလည်း ထည့်သွင်း အသုံးပြုထားပါတယ်။ ဒီ Tart မှာ ထူးခြားတဲ့ အချက်က ကြက်ဥနဲ့ ဂျုံ လုံးဝ မပါတာပါ။ ဒါကြောင့် Almond Sable Cookie နဲ့ စားလိုက်တာနဲ့ ပျော်ဝင်သွားမယ့် Cream Cheese ရဲ့အရသာကို Blueberry Jam ရဲ့အရသာနဲ့ တွဲဖက် ခံစားရမယ့် Blueberry Cheese Tart ကလည်း ဒီဆိုင်မှာ လူကြိုက်များတယ်လို့သိရပါတယ်။

Dark Chocolate Passion 
Dark Chocolate Passion Cake ကလည်း Acacia ရဲ့ ထူးခြားတဲ့ Cake တစ်မျိုးပါပဲ။ အပိတ်အဖြစ် အသုံးပြုထားတဲ့ ကိတ်သားမှာ ဂျုံမပါဘဲ  ပြုလုပ်ထားတယ်လို့ သိရပါတယ်။ ကြက်ဥကို အဓိက သကြားနဲ့ ကိုကိုးမှုန့်ကို အသုံးပြုပြီး Dark Chocolate Passion အတွက် သီးသန့်ပြုလုပ်ထားတဲ့ အလွန်နူးညံ့တဲ့ ကိတ်သားဖြစ်တယ်လို့ သိရပါတယ်။ Chocolate Mousse အထဲမှာ Passion Puree နဲ့ ကြက်ဥကိုပဲ Custard ပုံစံလုပ်ထားတဲ့ အနှစ်ကို ထည့်သွင်းပေးထားတာကြောင့် မအီစေဘဲ ပင်မှည့်သီးရဲ့ လန်းဆန်းသင်းပျံ့စေတဲ့ အနံ့၊ ခပ်ချဉ်ချဉ်ရှိမယ့် အရသာတို့ကို ချောကလက်ရဲ့ ခါးသက်သက် အရသာနဲ့တွဲဖက်ပြီး စားသုံးရမယ့်  အချိုပွဲတစ်မျိုးပါ။ 

Coffee Heaven By Angel Phoo’s Bakery  
Rainbow Crepe Cake ကို မြန်မာနိုင်ငံ Cake Lover များထံ စတင်ပြီး မိတ်ဆက်ပေးခဲ့တဲ့ Angel Phoo’s Bakery က ဖွင့်လှစ်လိုက်တဲ့ ကော်ဖီဆိုင်လေးပါ။ ခေတ္တာလမ်း၊ စမ်းချောင်းမြို့နယ်မှာ တည်ရှိတဲ့ ဒီကော်ဖီဆိုင်လေးမှာ ကော်ဖီနဲ့ Cake တွေအပြင် ဥရောပ အစားစာများကိုလည်း ရရှိနိုင်ပါတယ်။ Rainbow လို့အမည်ပေးထားပြီး သက်တံ့ရောင်ရှိတဲ့ မုန့်တွေအားလုံးက Coffee Heaven By Angel Phoo’s Bakery ထင်ရှားတဲ့ Item များပါ။ 

Rainbow  Crepe Cake
ဒီဆိုင်လေးရဲ့ Signature Item တစ်ခုဖြစ်တဲ့ Vanilla အရသာနဲ့ သက်တံ့ရောင် Crepe Cake ကို Home made Sauce တွေဖြစ်တဲ့ Chocolate သို့မဟုတ် Strawberry Sauce နှစ်မျိုးထဲမှာ ကိုယ်ကြိုက်နှစ်သက်ရာ Sauce တစ်မျိုးမျိုးနဲ့ တွဲဖက် 
စားသုံးရမှာပါ။ အသီးအစစ်ကို အသုံးပြုပြီး ပြုလုပ်ထားတဲ့ Strawberry Sauce ကတော့ Seasonal ဖြစ်တာကြောင့် Strawberry ပေါ်တဲ့ အချိန်မျိုးမှာမှသာ ရရှိနိုင်မယ်လို့ သိရပါတယ်။ Rainbow Crepe Cake ဆိုတဲ့အတိုင်း Crepe အလွှာလေးများနဲ့ ပြုလုပ်ထားတာကြောင့် သာမန် Cake များထက် ပိုပြီး နူးညံ့တဲ့အထိအတွေ့မျိုး ရှိပါတယ်။ Coffee Heaven By Angel Phoo’s Bakery က Cake တွေရဲ့ထူးခြားချက်က အချိုပေါ့အောင် ပြုလုပ်ထားပြီး သကြားလျှော့သုံးထားတာကြောင့် Rainbow Crepe Cake ဆိုရင် ဆီးချိုရောဂါသည်တွေတောင် စားသုံးလို့ ရတယ်လို့သိရပါတယ်။ အချို ကြိုက်တတ်သူများအတွက်တော့ အထက်မှာ ဖော်ပြထားတဲ့ Sauce တွေရဲ့အချိုဓာတ်နဲ့ တွဲစားရုံပါပဲ။

Rainbow Bagel
Rainbow Bagel ကတော့ ပေါင်မုန့် အမျိုးအစားတစ်ခုပါပဲ။ ထူးခြားတာက အမြင်မှာလှပပြီး သာမန် ပေါင်မုန့်တွေထက် နူးညံ့တာပါ။ ဒီ Bagel လေးနဲ့ တွဲဖက်စားသုံးနိုင်မယ့် Flavour icing လေးမျိုးရှိတာကလည်း နောက်ထပ် ထူးခြားမှုတစ်ခုဖြစ်ပြီး  ကြိုက်နှစ်သက်ရာ အရသာကို ရွေးချယ်နိုင်ပါတယ်။ အချိုကြိုက်သူများအတွက် Cream Cheese with icing နဲ့ Custard Cream၊ အငန်အရသာ ကြိုက်သူများအတွက် Cream Cheese with Seasame ၊ ဒိန်ချဉ်ကြိုက်သူများအတွက် ဒိန်ချဉ် အရသာ ပျော့ပျော့လေးပါတဲ့ Yogurt Cream စ သဖြင့် Rainbow Bagel နဲ့ တွဲဖက်ပြီး စားသုံးဖို့ Flavour icing လေးမျိုးရှိပါတယ်။ Rainbow Bagel တစ်ခုဝယ်တိုင်း နှစ်သက်ရာ Flavour icing တစ်မျိုးပါရှိမှာဖြစ်ပြီး အကယ်၍ အခြား Flavour တွေကိုပါ မြည်းစမ်းချင်တယ်ဆိုရင်တော့ ထပ်ဆောင်း ၀ယ်ယူရမှာပါ။ 

Rainbow Chesse Cake
Coffee Heaven By Angel Phoo’s Bakery ရဲ့ နောက်ထပ် ထူးခြားတဲ့ Cake ကတော့ Rainbow Chesse Cake ဖြစ်ပါတယ်။ Cheese  Cake အမျိုးအမည်များစွာရှိတဲ့အနက် အရောင်ပေါင်းများစွာ လှပပြေပြစ်စွာရောနေတဲ့ Rainbow Chesse Cake ကိုတော့ ဒီဆိုင်မှာပဲ ရနိုင်ပါတယ်။ Rainbow Chesse Cake က American Cheese Cake အမျိုးအစားဖြစ်သော်လည်း Rainbow Colour ရအောင် တစ်လွှာပြီးတစ်လွှာ အရောင်မရောအောင် ပြုလုပ်ရတဲ့အတွက် လက်ဝင်တဲ့ Cake အမျိုးအစား တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ သာမန် Cheese Cake များနဲ့မတူဘဲ စားလိုက်တာနဲ့ ခံတွင်းထဲမှာ ပျော်ဝင်သွားတဲ့ အရသာမျိုးကို တန်းခံစားရမှာပါ။ 

SP Bakery

မန္တလေးမြို့မှာ စတင်တည်ထောင်ခဲ့တဲ့ SP Bakery က ရန်ကုန်မှာလည်း အထင်ကရ Bakery တွေထဲက တစ်ခုဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ဦးစားပေးပြီး ထုတ်လုပ်ထားတဲ့ ပေါင်မုန့်တွေနဲ့ ဒီဇိုင်းဆန်းပြီး လှပတဲ့ Cake မျိုးစုံက ဆရာစံ လမ်းမပေါ်မှာ တည်ရှိတဲ့ SP Bakery ရဲ့ အထင်ကရ ထုတ်ကုန်များဖြစ်ပါတယ်။  

Water Fall Bread 
ခြင်းလုံးပေါင်မုန့်လို့ နာမည်ကြီးတဲ့ Water Fall Bread က SP Bakery ရဲ့ နာမည်ကြီး ပေါင်မုန့်တစ်မျိုးပါ။ ဓာတုပစ္စည်း လုံးဝထည့်သွင်းထားခြင်းမရှိဘဲ လတ်ဆတ်တဲ့ ဂျုံ၊ ကြက်ဥ၊ နို့ နဲ့  Margarine တွေကိုပဲ အသုံးပြုပြီး ဖုတ်ထားတဲ့ ပေါင်မုန့်တစ်မျိုး ဖြစ်တယ်လို့သိရပါတယ်။ ပေါင်မုန့်ရဲ့ပုံစံကြောင့် ပြင်ဆင်ချိန်နဲ့ မုန့်ဖုတ်ချိန် နေ့ဝက်ခန့်ယူရတယ်လို့ သိရပြီး သာမန်မုန့်သားများထက် နူးညံ့တဲ့ အထိအတွေ့နဲ့အရသာကြောင့် လူကြိုက်များတဲ့ ပစ္စည်းတစ်မျိုးဖြစ်တယ်လို့ သိရပါတယ်။

Fruit Honey Toast
ပျားရည်ဆမ်းထားတဲ့ ပေါင်မုန့်မီးကင်လေးကို Cherry ၊ ဖရဲသီး၊ နဂါးမောက်သီး၊ နာနတ်သီး စတဲ့ အသီးအနှံများနဲ့ Ice Cream လေးနဲ့  တွဲဖက်ပြီး စားသုံးရမှာပါ။ Ice Cream ကို အရသာ ၁၃ မျိုးမှာ ကြိုက်နှစ်သက်ရာ အရသာကို ရွေးချယ်နိုင်တာက ဒီ Fruit Honey Toast လေးရဲ့ အားသာချက်ပါ။ နို့၊ ချောကလက်၊ စတော်ဘယ်ရီ၊ ဒူရင်း၊ Yogurt ၊ Coconut စတဲ့ အရသာများအပြင် Almond Caramel ၊ Pista Cio ၊  Rum Raisian ၊ Almond Mocha ၊ Oreo အရသာများကိုပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အတော်လေးကို အမျိုးအမည်စုံလင်တဲ့ Ice Cream အရသာများပါ။ 

Raspberry Mousse Cake
Raspberry Mousse Cake ကတော့ နာမည်အတိုင်း Raspberry အရသာကို အသုံးပြုပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်။ Chocolate Char-lotte ကို အသုံးပြုပြီး ပြုလုပ်ထားတဲ့ Mousse နဲ့ Raspberry Cream  တို့ ပေါင်းစပ်ပြီးပြုလုပ်ထားတာကြောင့် ချောကလက်နဲ့ Raspberry ရဲ့ ကွဲပြားတဲ့ အရသာ၊ Mousse နဲ့ Cream ရဲ့ ထူးခြားတဲ့ အထိအတွေ့ နှစ်မျိုးကို တစ်ပြိုင်တည်း ခံစားရမှာ ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ အရောင်နီနီရဲရဲနဲ့ Raspberry Mousse Cake လေးများကလည်း  SP ရဲ့ လူကြိုက်များတဲ့ Cake တွေထဲက တစ်မျိုး ဖြစ်ပါတယ်။