အနောက်ကမ္ဘာက ထင်ရှားတဲ့ အစားအစာတွေ

ဒီတစ်လမှာတော့ People ရဲ့ ပရိသတ်ကြီးကို နိုင်ငံလေးနိုင်ငံက နာမည်ကြီး အစားအစာလေးမျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။  အမေရိကန်၊ ဗြိတိန်၊ အီတလီနဲ့ မက္ကဆီကို နိုင်ငံတွေရဲ့ Signature Dish တွေလို့ တင်စားရလောက်တဲ့ ဟင်းပွဲလေးမျိုးကို စာမျက်နှာများထက်မှတစ်ဆင့် တင်ဆက်ပေးလိုက်ပါတယ်။

United States
Sweet & Spicy Beer Can Chicken

ပါဝင်ပစ္စည်းများ 
ကြက်                 - ၁ ကောင်
သံလွင်ဆီ            - အနည်းငယ် 
ဘီယာ                - ၁ ဘူး
BBQ ဆော့စ်        - ၂ စားပွဲတင်ဇွန်း 
ငရုတ်သီး            - ၁တောင့် 
ကြက်သွန်မြိတ်     - ၁ စည်း 
နံနံပင်                - အနည်းငယ် 
အရောင်တင်မှုန့်    - အနည်းငယ်
ငရုတ်သီးမှုန့်        - အနည်းငယ် 
စမုန်နက်             - အနည်းငယ်
ပင်လယ်စား         - အနည်းငယ်
ငရုတ်ကောင်းမှုန့်   - အနည်းငယ်
သကြားညို          - အနည်းငယ် 

ချက်ပြုတ်နည်း အဆင့်ဆင့် 
ကြက်ကို သုတ်လိမ်းရန်အတွက် အရောင်တင်မှုန့်၊  ငရုတ်သီးမှုန့်၊ စမုန်နက်၊ ပင်လယ်စား၊ ငရုတ်ကောင်းမှုန့်၊ သကြားညို စတဲ့ ပစ္စည်းများကို အမှုန့်ဖြစ်သွားအောင် ကြိတ်စက်နဲ့ ကြိတ်ချေထားပါ။ သန့်စင်ပြီးသား ကြက်တစ်ကောင်လုံးကို သံလွင်ဆီနဲ့ သုတ်လိမ်းပြီး အနံ့အရသာအတွက် ကြိတ်ထားတဲ့ အမှုန့်များကို နှံ့သွားအောင် ခပ်ပါးပါး ဖြူးပေးပြီး အသားထဲစိမ့်ဝင်သွားအောင် နယ်ပေးရပါမယ်။ 

ဘီယာဘူးကို ဖောက်ပြီး သုံးပုံပုံ တစ်ပုံစာလောက်ကို သွန်ထုတ်လိုက်ပါ။ ပြီးနောက် ကြက်ရဲ့ ရင်အုပ်နားအထိရောက်အောင် ဘီယာဘူးကို သေသေချာချာ သွင်းပေးရပါမယ်။ ပြီးရင်တော့ ကင်မယ့်ဗန်း သို့ ပန်းကန်းပြားပေါ်မှာ သေသေချာချာထောင်ပြီး Ovan ထဲမှာ ၁ နာရီ ကျော်ကျော်လောက် မီးအေးအေးနဲ့ ကင်ပေးရမှာပါ။ 

တစ်နာရီကျော်လောက် Ovan ထဲမှာ ကင်ထားတဲ့ ကြက်ကို ပြန်ထုတ်ပြီး BBQ ဆော့စ် သုတ်လိမ်းကာ ၁၀ မိနစ်ခန့် Ovan ထဲ ပြန်ထည့်ပြီးရင်တော့ အမေရိကန် ရဲ့ နာမည်ကြီး ကြက်ကင်ကို ရရှိပါပြီ။ 

ငရုတ်သီးတွေ၊ ကြက်သွန်မြိတ်တွေ၊ နံနံပင်တွေနဲ့ ပြင်ဆင်ပြီးရင်တော့ ကမ္ဘာပေါ်မှာ အမေရိကန်နိုင်ငံတစ်နိုင်ငံထဲမှာပဲ တွေ့နိုင်၊ ရနိုင်တဲ့ Sweet & spicy beer can chicken ဆိုတဲ့ ကြက်ကင်ကို သင်စတင်မြည်းစမ်းကြည့်နိုင်ပါပြီ။ အသားပေါ်ကို ဓားတင်လိုက်တာနဲ့ အချိုရည်တွေ စိမ့်ထွက်လာတဲ့ ကြက်သားရဲ့အရသာဟာ အလွန်ကောင်းတယ်လို့ စားဖူးသူတိုင်း ဆိုလေ့ရှိကြပါတယ်။ 

Italy
Spaghetti Bolognese

ပါဝင်ပစ္စည်းများ 
သံလွင်ဆီ               - အနည်းငယ် 
ဝက်ပေါင်ခြောက်       - ၆ ချပ်
Rosemary (အီတလီ ဟင်းလျာများတွင် အသုံးပြုလေ့ရှိသည့် ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး) - ၂ ရွက်
ကြက်သွန်ဖြူ           - ၂ လုံး
ကြက်သွန်နီ            - ၂ လုံး
အမဲသား                - ၅၀၀ ဂရမ်
ခရမ်းချဉ်သီး           - ၂၈၀ ဂရမ်
Spaghetti             - ၅၀၀ ဂရမ်
Parmesan cheese  - အနည်းငယ် 
ဝိုင်နီ                     - အနည်းငယ် 

ချက်ပြုတ်နည်း အဆင့်ဆင့် 
အိုးတစ်လုံးထဲမှာ သံလွင်ဆီ အနည်းငယ် ထည့်ပြီး အပူပေးပါ။ ဆီပူလာပြီဆိုရင် ၀က်ပေါင်ခြောက်တွေ၊ လှီးဖြတ်ထားတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူများနဲ့ Rosemary တွေကို ထည့်ပြီး ငါးမိနစ် ခန့် ဆီသတ်ပေးပါ။ ပြီးနောက် ကြိတ်ထားတဲ့ အမဲသားများကို ထည့်ပြီး သစ်သားဇွန်းနဲ့ခပ်ဖွဖွ ဖိချေပေးပါ။ အသားတွေ အညိုရောင်သန်းလာတဲ့ အထိစောင့်ပြီး ၀ိုင်နီ အနည်းငယ်ကို လောင်းထည့်ပေးပါ။ ဒါဆို Bolognese အဆင်သင့်ဖြစ်ပါပြီ။ 

ခရမ်းချဉ်သီးများကို Blander အသုံးပြုပြီး ကြိတ်ချေထားပါ။ အကယ်၍ စည်သွပ်ထားတဲ့ ခရမ်းချဉ်သီးကိုလည်း ထပ်ထည့်ချင်ရင် ထည့်နိုင်ပါသေးတယ်။ အဆိုပါ ခရမ်းချဉ်သီးအနှစ်များကို ဗန်းတစ်ခုထဲထည့်ကာ အုပ်ပြီး  Oven ထဲမှာ တစ်နာ 
ရီလောက် ထည့်ထားလိုက်ပါ။ အချိန် နာရီဝက်လောက်ကြာလာတဲ့ အချိန်မှာ အုပ်ထားတာကိုဖယ်ပြီး ရေအနည်းငယ် ဖျန်းပေးပါ။ 

ခရမ်းချဉ်သီး အနှစ်တွေ Oven ထဲမှာ မိနစ် ၅၀ လောက်ကြာပြီဆိုရင် Spaghetti တွေကို စတင်ပြုတ်ဖို့ အချိန်ကျပါပြီ။ အထုပ်ထဲမှာပြထားတဲ့ ပြုလုပ်နည်းကို အခြေခံပြီးကိုယ်နှစ်သက်တဲ့ အနေအထားထိရောက်အောင် Spaghetti ပြုတ်ထား၊ ဆယ်ထား၊ ရေဆေးထားပါ။ ပြီးနောက် Spaghetti တစ်ပွဲစာကိုယူပြီး အပူပေးထားတဲ့ အိုးတစ်လုံးထဲမှာ Bolognese တစ်ဇွန်းစာခန့် ထည့်ပြီး၊ ခရမ်းချဉ်သီးအနှစ်၊ extra virgin olive oil နဲ့ ခြစ်ထားတဲ့ Parmesan cheese တွေကိုပါထည့်ကာ သမသွားအောင် မွှေပေးရပါမယ်။ တည်ခင်းမယ့် ပန်းကန်ထဲကို လောင်းထည့်ပြီး Bolognese နောက် တစ်ဇွန်းနဲ့Cheese များ အပေါ်က ထပ်မံဖြူးပြီးရင်တော့ အီတလီ အစားအစာများထဲက နာမည်ကြီးပြီး ထင်ရှားတဲ့ ဂန္ထ၀င် Spaghetti Bolognese ရဲ့အရသာကို စတင်မြည်းစမ်းနိုင်ပါပြီ။

Britain
Pork & apple sauce


ပန်းသီး         - ၂လုံး
ဂျင်း             - အနည်းငယ်
ဥနီ               - ၂၀၀ ဂရမ်
ဝက်ပေါင်သား - ၂၂၀ ဂရမ်
သံလွင်ဆီ      - အနည်းငယ်
လိမ္မော်သီး     - ၂ လုံး 
ဒိန်ချဉ်          - ၂ လက်ဖက်ရည်ဇွန် ဇွန်း 

ချက်ပြုတ်နည်း အဆင့်ဆင့် 
ပန်းသီးများကို လေးစိတ်စိတ်ပြီး အလည်တိုင်ဖယ်ထုတ်ထားပါ။ ဂျင်းအနည်းငယ်ကို နုတ်နုတ်စဉ်းပြီး ပွက်ပွက်ဆူနေတဲ့ ရေ (၃၀၀ မီလီလီတာခန့် အသုံးပြုပါ)ထဲ ထည့်ပြုတ်ပါ။ ၁၀ မိနစ်ခန့်ပြုတ်ပြီး ပန်းသီးရော၊ ပြုတ်ရည်ကိုပါ Blender ထဲထည့်ပြီး လုံးဝကြေညက်သွားတဲ့အထိ မွှေပေးထားရပါမယ်။ ဒါက ပန်းသီးဆော့စ် ပြုလုပ်ဖို့ပါ။ 

ဥနီနဲ့ ဘရိုကိုလီတွေကို ရေနွေးငွေ့နဲ့ ပေါင်းပေးရပါမယ်။ 

ဝက်ပေါင်သားတွေကို  အနံ့အရသာအတွက် ပင်လယ်ဆား၊ ငရုတ်ကောင်း၊ ဇာတိပ္ဖိုလ်သီး စတာတွေနဲ့ နှံ့သွားအောင်နယ်ပြီး ဒယ်အိုးပြားတစ်လုံးထဲမှာ မီး အနေတော်နဲ့ ဆီတစ်ဇွန်းခန့်ထည့်ကာ ကြော်ပေးရပါမယ်။ တစ်ဖက်ကိုလေးမိနစ်ခန့် ကြော်ပေးပြီး အသားတွေ ရွှေအိုရောင်သန်းလာပြီဆိုရင် အသားတွေကို ဆယ်လိုက်ရပါမယ်။ (အသားရဲ့အထူနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ အနေအထားကိုလိုက်ပြီး ကြော်ပေးလို့လည်း ရပါတယ်။) 

အဲဒီအိုးထဲကိုပဲ ပေါင်းထားတဲ့ ဥနီတွေထည့် ပြီး လိမ္မော်ရည်ဆမ်းကာ နှံ့သွားအောင် မွှေပေးရပါမယ်။ အိုးထဲမှာ ကျန်နေတဲ့ ဟင်းအနှစ်များနဲ့ လိမ္မော်ရည်တွေကြောင့် ဥနီတွေမှာ သကြားညိုရောင် ဆမ်းထားသလိုမျိုး အရောင်လေးသမ်းလာရင် အိုးကို ချလို့ရပါပြီ။ 

ထမင်းပေါ်မှာ ၀က်သားနဲ့ ဥနီ၊ ဘရိုကိုလီ များကိုတင်ပြီး ဒိန်ချဉ်ရောထားတဲ့ ပန်းသီးဆော့စ်လေး ဆမ်းပြီးရင်တော့ ဗြိတိန်လူမျိုးတွေ ကြိုက်နှစ်သက်လှတဲ့ ပန်းသီးဆော့စ်ဆမ်းထားတဲ့ ၀က်ပေါင်သားရဲ့ အရသာကို စတင်ခံစားကြည့်နိုင်ပါပြီ။ နှစ်သစ်ကူးလို ညမျိုး၊ တနင်္ဂနွေ အားလပ်ရက်လို နေ့မျိုးတွေအတွက် အလွန်လူကြိုက်များတဲ့ ဟင်းလျာတစ်မျိုးလို့လည်း သိရပါတယ်။ 

Maxico
Beef tacos

ပါဝင်ပစ္စည်းများ
ကြက်သွန်နီ        - ၁ လုံး 
ငရုတ်သီး အနီ     - ၁ တောင့်
ငရုတ်သီး အစိမ်း  - ၁ တောင့်
သံလွင်ဆီ          - အနည်းငယ် 
ကြက်သွန်ဖြူ       - ၂ လုံး 
အရောင်တင်မှုန့်   - အနည်းငယ်
ဇီယာစေ့            - ၁ လက်ဖက်ရည်ဇွန်း 
အမဲသား            - ၅၀၀ ဂရမ်
Corn Taco Shell - ၁၂ ရွက်
ခရမ်းချဉ်သီး        - ၂လုံး
ကြက်သွန်မြိတ်     - အနည်းငယ်
နံနံပင်               - အနည်းငယ်
သံပရာသီး          - ၁ လုံး
ထောပတ်သီး       - ၂ လုံး
Creme Fraeche  - ၂ လက်ဖက်ရည်ဇွန်း

ချက်ပြုတ်နည်း အဆင့်ဆင့် 
ကြက်သွန်နီးတွေကို အခွံခွာပြီး လေးထောင့်တုံးလေးများရအောင် လှီးထားပါ။  ငရုတ်သီးများကိုလည်း အလားတူလှီးဖြတ်ပြီး သံလွင်ဆီတစ်ဇွန်း အသုံးပြုပြီး မီးအေးအေးနဲ့ဆီသတ်ပါ။
ကြက်သွန်ဖြူ၊  အရောင်တင်မှုန့်နဲ့  ဇီယာများကိုထည့်ပြီး နောက်ဆုံးမှာ တောက်တောက်စဉ်းထားတဲ့ အမဲသားများကိုထည့်ကာ အညိုရောင်သန်းလာတဲ့အထိ ကြော်ပေးရပါမယ်။ ပြီးနောက် အိုးတစ်လုံးထဲထည့်ကာ ရေထည့်၊ အဖုံးအုပ်ပြီး အသားတွေ နူးညံ့သွားအောင် ၄၅ မိနစ်ခန့် ထပ်မံချက်ပေးရပါဦးမယ်။ 
အသားချက်နေစဉ်အတွင်း Salsa လို့ခေါ်တဲ့ မက္ကဆီကို ဆော့စ်ပြုလုပ်ထားရပါမယ်။ ပန်းကန်တစ်လုံးထဲမှာ ခရမ်းချဉ်သီးကိုတွေကို ခပ်ပါးပါးလှီးဖြတ်ထည့်ပါ။ ကြက်သွန်မြိတ်နဲ့ နံနံပင်တွေကိုလည်း ခပ်ပါးပါးလှီးပြီး ပန်းကန်ထဲထည့်ကာ သံပုရာသီး ၁ ခြမ်းလုံး ခြစ်ထည့်ပါ။ အရသာအတွက် ဆားအနည်းငယ် ထည့်ပြီးရင်တော့ Salsa ကို Taco နဲ့တွဲဖက်စားသုံးရမယ့် Salsa ကိုရရှိပါပြီ။
နောက်ထပ် တွဲဖက်ပြီးစားသုံးရမယ့် Guacamole အနှစ်ပြုလုပ်ဖို့အတွက် မှည့်နေတဲ့ ထောပတ်သီးတွေကို ကြိတ်ချေပြီး ကျန်တဲ့ သံပရာသီး ၁ ခြမ်းကို ညှစ်ထည့်လိုက်ပါ။ ပြီးနောက် Creme Fraeahe နဲ့ အရသာအတွက် ဆားအနည်းငယ်ထည့်ပြီး သမအောင်မွှေပြီး ပြင်ဆင်ထားရပါမယ်။ 
Corn Taco Shell တွေကို မုန့်ဖုတ်ဗန်းထဲ ဖြန့်ခင်းပြီး ကြွပ်ရွလာအောင် ၃ မိနစ်မှ ၄ မိနစ် အထိ ဖုတ်ပေးပါ။ ကြွပ်ရွလာတဲ့ Taco အရွက်တွေထဲမှာ အသား၊ Salsa နဲ့ Guacamole တွေကို သင့်တော် လှပအောင်ဖြန့်ခင်းပြီးရင်တော့ မက္ကဆီကန် အစားအစာလို့ ဆိုလိုက်ရင် မပါမဖြစ်ပါရမယ့် Taco ရဲ့ အရသာက ဘယ်လိုလဲဆိုတာ မြည်းစမ်းရမယ့် အချိန်ရောက်ပါပြီ။