Eating in Chinese Style

ဒီတစ်လအတွက် Eating in Style ကဏ္ဍကနေ တင်ဆက်ပေးချင်တာက ပရိသတ်ကြီးနဲ့ မစိမ်းတဲ့ တရုတ်ဟင်းလျာများပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ စားဖူးနေကျ ဟင်းပွဲပုံစံများနဲ့ မတူဘဲ အရသာရောပါဝင်တဲ့ ဟင်းအမယ်များပါ ထူးခြား ဆန်းသစ်တဲ့ ဟင်းလျာများကို ဖော်ပြပေးသွားမှာပါ။ လှိုင်တက္ကသိုလ် နယ်မြေအနီး၊ ပါရမီလမ်းမပေါ်မှာတည်ရှိတဲ့  Stay A While  အမည်ရ Bar & Restaurant ရဲ့ လူကြိုက်များတဲ့ တရုတ်ဟင်းလျာများထဲမှ တချို့ကို ရွေးချယ်ပေးလိုက်ပါတယ်။ 

ဂဏန်းမာလာ  

ဂဏန်းအရွယ်တော်    - သုံးကောင်
ငရုတ်နီ (အပုတောင့်) - နှစ်သက်သလောက် 
ကြက်သွန်ဖြူ            - အနည်းငယ်
ဟွားကျောင်းစေ့ (ကယားငရုတ်ကောင်းစေ့) - အနည်းငယ် 
ငရုတ်သီးခြောက်       - နှစ်သက်သလောက် 
ဂျင်း                       - အနည်းငယ်
အော်စွန်း                - အနည်းငယ် (အော်စွန်း အလွယ်တကူမရရှိနိုင်ရင် ပန်းငရုတ်ပွ အနီ၊ အစိမ်းတို့ကိုလည်း သုံးနိုင်ပါတယ်)
ဥနီ                        - အနည်းငယ်
အာလူး                  - အနည်းငယ်
နံနံပင်                   - အနည်းငယ်
ရှမ်းနံနံ                  - အနည်းငယ်
ပဲငံပြာရည် အနောက်  - အနည်းငယ်
ဟင်းချက်အရက်      - အနည်းငယ်

ချက်ပြုတ်နည်း အဆင့်ဆင့် 
ဂဏန်းများကို သန့်စင်အောင် ရေဆေးထားပါ။ ဟွာကျောင်းစေ့၊ ကြက်သွန်ဖြူနဲ့  ငရုတ်သီးများကိုထောင်းပြီး ငရုတ်သီးခြောက်များကို ထက်ဝက်ဖြတ်ထားပါ။ အော်စွန်း၊ အာလူးနဲ့ဥနီများကို အနေတော်လှီးဖြတ်ပြီး အာလူးနဲ့ ဥနီကို ရေနွေးဖြောကာ ဆီပူနဲ့ကြော်ပေးပါ။ ငရုတ်သီးခြောက်များကို ကြော်ပါ။ ထောင်းထားတဲ့ ဟွားကျောင်း၊ ကြက်သွန်ဖြူနဲ့ငရုတ်သီးများကို ဆီသတ်ပြီး ဂဏန်းများကို ထည့်ပါ။ အရသာအတွက် ပါဝင်ပစ္စည်းအားလုံးနဲ့ ဟင်းချက်အရက်၊ ပြုတ်ရည် အနည်းငယ်တို့ကို လောင်းထည့်ပြီး ဂဏန်းများကျက်သွားအောင် မီးပေါ်မှာ ၅ မိနစ်ခန့် ဆက်လက်တည်ပေးပါ။ တည်ခင်းခါနီးမှာ နံနံပင်အုပ်ပေးပြီးရင်တော့ အနံ့၊ အရသာ ခပ်ပြင်းပြင်းရှိတဲ့ မာလာဂဏန်းဟင်းပွဲက စားသုံးဖို့ အဆင့်သင့်ဖြစ်နေပါပြီ။

ဂျပန်တိုဟူး နှစ်တစ်ရာစေ့ 

ဂျပန် တိုဟူး      - ၂ ချောင်း 
နှစ်တရာစေ့      -၂၀၀ ဂရမ်
သခွားသီး        - အနည်းငယ်
ဥနီ                - အနည်းငယ် 
သကြား          - အနည်းငယ် 
ဆား              - အနည်းငယ် 
ဆီမွှေး            - အနည်းငယ် 
ကော်မှုန့်         - အနည်းငယ် (အပျစ်အကျဲ အနေအထားအတွက် နှစ်သက်ရာပမာဏ အသုံးပြုနိုင်ပါတယ်)
ကြက်သွန်ဖြူ    - အနည်းငယ် 
ချင်း               - အနည်းငယ် 
ကြက်သွန်မြိတ်  - အနည်းငယ် 

ချက်ပြုတ်နည်း အဆင့်ဆင့် 
ဂျပန်တိုဟူးကို လှီးဖြတ်ပြီး ဆီပူထဲထည့်ကြော်ကာ ဆယ်ပြီး ဆီစစ်ထားပါ။ နှစ်တရာစေ့ကို အထဲက အဆံတွေ ထွက်လာအောင်ထုပြီး အခွံကြွတ်သွားအောင်မီးအေးအေးနဲ့ ကြော်ပေးပါ။ ကြော်ပြီးနောက် အခွံများကိုချွတ်ကာ အခါးဓာတ်လျော့သွားစေရန်နဲ့ ပိုးသေစေရန်ဆားအနည်းငယ်ထည့်ပြီး ပြုတ်ပေးရပါမယ်။ သခွားသီးများနဲ့  ဥနီများကို နှစ်သက်ရာပုံစံရအောင် လှီးဖြတ်ထားရပါမယ်။ နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူများနဲ့ မျှင်ထားတဲ့ဂျင်း အမျှင်လေးများကိုဆီသတ်ပြီး သခွားသီး၊ ဥနီ နှစ်တရာစေ့တွေကို ထည့်ကာလုံးပြီး ချက်ပေးရပါမယ်။ ပြုတ်ရည်ယောက်ချိုဇွန်းဝက်ထည့်ပြီး အရသာအတွက် ပါဝင်ပစ္စည်းများထည့်ပြီး ဟင်းအနေအထားပျစ်သွားအောင် ကော်မှုန့်အနည်းငယ်ကိုရေနဲ့ ဖျော်ပြီးထည့်ပေးပါ။ (ကော်ရည်ဆွဲတယ်လို့ ဆိုလေ့ရှိကြပါတယ်။) အားလုံးပြင်ဆင်ပြီးပြီဆိုရင် ကြော်ပြီးသား ဂျပန်တိုဟူးများကို နှစ်သက်သလို အလှဆင်ပြီး ချက်ပြီးသားနှစ်တစ်ရာစေ့များကို လောင်းထည့်ကာ ကြက်သွန်မြိတ်အုပ်ပေးရပါမယ်။ နောက်ဆုံးမှာ ဆီမွေးနဲ့ ငရုတ်ကောင်းထည့်ပါ။ ဂျပန်တိုဟူးရဲ့ နူးညံ့တဲ့ အရသာနဲ့ နှစ်တစ်ရာစေ့ရဲ့ ခပ်စေ့စေ့ အရသာကို ဥနီ၊ သခွားသီးများရဲ့ အချိုဓာတ်နဲ့ ပေါင်းစပ်ပြီး စားသုံးရမယ့် ဟင်းလျာတစ်မျိုး ဖြစ်သလို သက်သတ်လွတ်စားသုံးသူများအတွက် ရွေးချယ်နိုင်မယ့် ဟင်းလျာတစ်မျိုးလည်း ဖြစ်ပါတယ်။ 

ကြက်ဖြူသုပ် 

ကြက်သား ရင်ပုံ    - ၁ ခု
တောင်ပံ             - ၂ချောင်း 
သီဟိုစေ့ အစိမ်း    - ၁၀၀ ဂရမ်
ကြက်သွန်ဖြူ        - အနည်းငယ်
မြန်မာနံနံ            - အနည်းငယ် 
ငရုတ်သီးစိမ်း       - အနည်းငယ် (အစပ်အရသာအတွက် နှစ်သက်ရာ ပမာဏအတိုင်းအသုံးပြုနိုင်ပါတယ်)
သံပုရာသီး          - ၁ လုံး
Fishsause          - အနည်းငယ်
ကြက်သားမှုန့်      - အနည်းငယ် 
သကြား             - အနည်းငယ် 
ဆန်အရက်         - အနည်းငယ် 

ပြုလုပ်နည်းအဆင့်ဆင့်
ကြက်ရင်ပုံကို  အပြားလိုက်ရအောင်ခြမ်းလိုက်ပါ။ တောင်ပံကို ဓားနဲ့မွှန်းပါ။ ကြက်သားမှုန့်၊ ဆန်အရက်များထည့်ပြီး အရသာတွေ ၀င်သွားအောင် နယ်ပါ။ ဒယ်အိုးတစ်လုံးထဲမှာ ရေသန့် ယောက်ချိုဇွန်း ၃ ဇွန်းခန့်ထည့်ပြီး ရေဆူပြီဆိုရင် ကြက်သားများထည့်ကာ ၁၀ မိနစ် ပြုတ်ပေးပါ။ ကြက်သားပြုတ်ထားစဉ်မှာ သီဟိုစေ့၊ ကြက်သွန်ဖြူ၊ နံနံပင်၊ ငရုတ်သီးစိမ်းများကို မကြေတကြေအနေအထားရအောင် စဉ်းထားပါ။ ပန်းကန်တစ်ခုထဲမှာ စဉ်းထားတဲ့ ပစ္စည်းများကို ထည့်ပြီး ငံပြာရည်၊ သကြား၊ သံပုရာရည်၊ ကြက်သားမှုန့်၊ ကြက်ပြုတ်ရည် အနည်းငယ်ထည့်ပြီး သမအောင်မွှေပါ။ ပြုတ်ထားတဲ့ ကြက်သားများကို ဆယ်ပြီး အလွယ်တကူစားနိုင်တဲ့ အနေအထားဖြစ်အောင်နဲ့ ပန်းကန်ပေါ်မှာ အလှဆင်နိုင်အောင် အသားလွှာပါးပါးလေးများရအောင် ထပ်လွှာပါ။ တောင်ပံများကို သုံးပိုင်းပိုင်းပြီး ပန်းကန်ပေါ်မှာ စီကာ Sauce များ လောင်းချပြီးရင်တော့ ချဉ်ငံစပ်အရသာနဲ့ ရနံ့သင်းပျံ့တဲ့ ကြက်ဖြူသုပ်ကို စားသုံးနိုင်ပါပြီ။ 


အဏ္ဏ၀ါ ကျောက်စိမ်းဟင်းရည်

ဟင်းနုနယ်        - ၁ စီး 
ပုစွန်               - ၄ ကျပ်သား
ပြည်ကြီးငါး        - ၄ ကျပ်သား 
ငါးတန်             - ၄ ကျပ်သား (၁၂ ကျပ်သား)
ကြက်ဥ            - ၁ လုံး 
ဆီမွှေး             - အနည်းငယ် 
ချင်း                - အနည်းငယ် 
ဆား               - အနည်းငယ် 
ကြက်သားမှုန့်    - အနည်းငယ် 
သကြား           - အနည်းငယ် 
ကော်မှုန့်          - အနည်းငယ် 

ပြုလုပ်နည်းအဆင့်ဆင့်
ဟင်းနုနယ်များကို  Blender အသုံးပြုပြီး ကြိတ်ပါ။ ပင်လယ်စာများကို ညှီနံ့ပျောက်အောင် ချင်းနဲ့ နယ်ပြီးပြုတ်ကာ ပြန်ဆယ်ထားပါ။ ဟင်းရည်ပန်းကန်လုံး တစ်လုံးစာအတွက် အိုးတစ်လုံးထဲကို ပြုတ်ရည်ယောက်ချိုဇွန်း သုံးဇွန်းခန့်ထည့်ပြီး ဆူပြီ
ဆိုရင် ပြုတ်ထားတဲ့ ပင်လယ်စာများနဲ့ အရသာအတွက် ပါဝင်ပစ္စည်းများထည့်ပြီး ကြိတ်ထားတဲ့ ဟင်းနုနယ်များကိုပါ ရောထည့်ပါ။ ဟင်းရည်ပျစ်သွားစေဖို့ ကော်မှုန့်အနည်းကို ရေနဲ့ ဖျော်ပြီးထည့်ပေးပါ။ ကြက်ဥကို အကာအနှစ် သပ်သပ်စီခွဲထုတ်ပြီး အကာကိုထည့်ပါ။ ဟင်းရည်ဆူရင် ဆီမွေးထည့်ပြီး အစိမ်းရောင်ရင့်ရင့်နဲ့ ပင်လယ်စာအရသာကြောင့် ချိုနေတဲ့ အဏ္ဏ၀ါဟင်းရည်ရဲ့ အရသာကို သင်မြည်းစမ်းနိုင်ပါပြီ။  

Photo - Thardu Ko Ko