ပန်းရောင်စိတ်ကူးများနဲ့ နန်းဆု

ဓာတ်ပုံ- အာကာဝင်းထွဋ်

    အိမ်နဲ့ ပတ်သက်တဲ့ သူမရဲ့ စိတ်ကူးကတော့ ပန်းရောင်ချစ်တဲ့ သူမက တစ်အိမ်လုံးကို ပန်းရောင် တွေနဲ့ အလှဆင်ချင်တယ်တဲ့...။
    ‘‘ကြီးမားပြီး အထပ်ရေများတဲ့ အိမ်ပုံစံတွေကို ကြိုက်တယ်။ လုပ်နေတဲ့အလုပ်က အနုပညာအ လုပ် ဖြစ်တဲ့အတွက် အ၀တ်အစားတွေ၊ အခြား အနုပညာအသုံးအဆောင် ပစ္စည်းတွေအတွက် အခန်းတွေ သီးသန့်ထားပြီး သိမ်းချင်တာလည်း ပါတယ်’’လို့ နန်းဆုရတီစိုးက ပြောပြတယ်။
    သုံးထပ်ဆောက်လုပ်ထားတဲ့ သူမရဲ့ နေအိမ် ဂေဟာရဲ့ ပထမထပ်မှာ ဧည့်ခန်း၊ မီးဖိုချောင်နဲ့ အလုပ်ခန်းများ ရှိပါတယ်။ ဒုတိယထပ်ကတော့ အကိုဖြစ်သူ မိသားစုအခန်းနဲ့ မောင်လေးအခန်း ရှိတယ်။ အမွှာတူလေးနှစ်ယောက်ရဲ့ ကစားတဲ့
အခန်းကလည်း ဒုတိယထပ်မှာပဲ ရှိပါတယ်။
    တတိယထပ် တစ်ထပ်လုံးကတော့ နန်းဆုရဲ့ နေရာပါပဲ။ ဘုရားခန်းရှိတယ်၊ နန်းဆုရဲ့အား ကစားခန်းရှိတယ်၊ အ၀တ်အစားခန်းနဲ့ ဖိနပ်ခန်း သီးသန့်စီ ရှိပါတယ်။


    ပန်းရောင်တွေ လွှမ်းမိုးထားတဲ့ ချစ်စဖွယ် အခန်းလေးကတော့ နန်းဆုရဲ့ ကိုယ်ပိုင်ကမ္ဘာငယ် အခန်းလေးပါ။  အခန်းနံရံတွေမှာ အမှတ်တရ ဓာတ်ပုံတွေနဲ့ အလှဆင်ထားတယ်။ အရုပ်တွေ အများကြီးရှိတယ်။ ထူးထူးခြားခြား သီးသန့်မီးဖို
ချောင်လေးတစ်ခုကိုလည်း လုပ်ထားသေးတယ်။
    ‘‘နန်းဆုစားချင်တဲ့ အစားအသောက်တွေ ကို ကိုယ်တိုင်ချက်စားပြီး ဟင်းချက်ဝါသနာပါ တဲ့အတွက် ချက်ပြီးရင်လည်း တစ်အိမ်လုံးကို လိုက်ကျွေးတယ်’’
    ရေချိုးခန်းကလည်း ချစ်စရာကောင်းတယ်။ အရုပ်သေးသေးလေးတွေ၊ ပန်းအိုးသေးသေးလေး တွေကလည်း ရေချိုးခန်းအပါအ၀င် အခန်းရဲ့နေရာ တိုင်းမှာ ရှိပါတယ်။


    သူမအိမ်ရဲ့ ထူးခြားချက်က နံရံတွေမှာ ဓာတ်ပုံအများစုနဲ့ ပန်းချီကားတစ်ချို့ကို အလှဆင်ယင်ထားခြင်းပါ။
    အိမ်နဲ့ပတ်သက်ပြီး ‘‘အိမ်ကို ဓာတ်ပုံတွေနဲ့ အလှဆင်ဖို့ပဲ စိတ်ကူးရှိတယ်။ အခု နန်းဆု လုပ် ချင်တာ တစ်ခုရှိနေသေးတယ်။ အကောင်အထည် မဖော်ရသေးဘူးပေါ့လေ။ နန်းဆုကိုယ်တိုင် မြန်မာ မိန်းကလေးတစ်ယောက်ရဲ့ ကုန်းဘောင်ခေတ်က နေစပြီး လက်ရှိခေတ်အထိ မြန်မာဝတ်စုံ ၀တ်စား ဆင်ယင်မှုပုံစံကို ရိုက်ပြီး အိမ်နံရံတွေမှာ ကပ်ချင်တယ်’’လို့ သူမရဲ့ မလုပ်ဖြစ်သေးတဲ့ ဆန္ဒကို ပြောပြခဲ့တယ်။