မိသားစုဆိုတာ ရေစက်ရှိလို့ ဆုံကြတာ

Photo - Chit Win Shein

ကျွန်တော် သူ့နာမည်ကိုတော့ သိတယ်။ လူနဲ့နာမည်တွဲမသိဘူး။ သူ့ကိုစတွေ့တွေ့ချင်းမှာ ခံစားမိတဲ့ ခံစား ချက်က သူ့ပုံစံကရိုးရှင်းပြီး အေးချမ်းတဲ့ပုံစံကို အရင်ဆုံးခံစားမိတာပဲ။ စာရေးဆရာမပုညခင်ရဲ့ ခင်ပွန်းကိုသူရကျော်က သူနဲ့ Interview အစမှာ အခုလိုစပြီး ပြောခဲ့ပါတယ်။ မပုညခင်နဲ့ လက်ထပ်ပြီး သူ့ရဲ့ဇာတိပုဂံမှာ မနေပဲရန်ကုန်မှာပဲ စီးပွားရေးပါ ပြောင်းလာခဲ့ပြီး အခြေချဖြစ်ခဲ့ပါတယ်။ ကိုသူရကျော်နဲ့ မပုညခင် ဘ၀ခရီးကို ဘယ်လိုအတွဲညီညီ လျှောက်လှမ်းနေလဲ။ အနုပညာရှင်တွေရဲ့ ဘ၀လက်တွဲဖော် Interviewကဏ္ဍမှာ ကိုသူရကျော်နဲ့ စကားတွေပြောဖြစ်ခဲ့ပါ တယ်။

အစ်ကိုနဲ့ အစ်မနဲ့စတွေ့ပုံကို အရင်ပြောပြပေးပါလား။

အစ်ကိုက အစ်မရဲ့ပရိသတ်တစ်ဦး ဖြစ်ခဲ့လား။စတွေ့တုန်းက ပရိသတ်တော့ မဟုတ်သေးဘူး။ သူက ပုဂံမှာ စာ လာရေးတယ်။ သူငယ်ချင်းက မိတ်ဆက်ပေးရင်း နှစ်ယောက်သိသွားကြတာပါ။

အစ်ကိုနဲ့စသိပြီး ရေးဖြစ်ခဲ့တဲ့ စာအုပ်နာမည်ကို အစ်ကိုမှတ်မိလား။

အဲဒါတော့ အစ်ကိုမသိဘူး။

(ကိုသူရကျော် အဲဒီလိုပြောပြီးတဲ့နောက်မှာ အနားမှာထိုင်နေတဲ မပုညခင်က အခုလိုပဲ ၀င်ပြောပါတယ်။ သူနဲ့ စသိတဲ့ခရီးက ပုဂံကိုစာရေးဖို့ သီးသန့်ကြီးသွားတာတော့ မဟုတ်ဘူး။ အစ်မက ပုဂံကိုအမြဲသွားလေ့ရှိတယ်။ ဇာတ်လမ်း အတွက်ရော၊ ကိုယ့်ဖာသာခရီးအတွက်ရော အမြဲသွားတယ်။ အဲဒီလိုသွားဖြစ်တဲ့ တစ်ခေါက်မှာ သူနဲ့သိတာပါ)

 

အစ်ကိုကရော သူငယ်ချင်းက အစ်မနဲ့ မိတ်ဆက်ပေးမှ အစ်မကိုစာရေးဆရာမမှန်း သိတာလား။

စာရေးဆရာမ ပုညခင်ဆိုတဲ့ နာမည်တော့သိတယ်။ လူနဲ့နာမည်မတွဲမိဘူး။ သူငယ်ချင်းကမိတ်ဆက်ပေးမှသိတာ။ အဲဒီမှာသူ့ကို ပထမဆုံးအပြင်မှာ မြင်ဖူးတာပါ။

 

အစ်ကိုက မပုညခင်ကို ဘယ်လိုအချက်တွေကြောင့် ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့တာလဲ။

အချစ်ပေါ့။ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်။ စတွေ့ကတည်းက သူ့ကိုသတိထားမိတဲ့အချက်က သူ့ပုံစံက ရိုးရိုးအေးအေး စာရေးတာကိုခုံမင်တဲ့သူတစ်ယောက်ဆိုတာကို သတိထားမိတယ်။ ရည်းစားသက်တမ်း (၁)နှစ်ကျော် လောက်ပဲကြာတယ်။ အသက်အရွယ်ကလည်း နှစ်ယောက်လုံးက သုံးဆယ်ဝန်းကျင်တွေရှိနေပြီ စဉ်းစားတွေးတော တတ်ပြီ။ မျှတစွာတွေးတတ်နေပြီ ပြီးတော့လည်း အလုပ်အကိုင်ကိုယ်စီနဲ့ဆိုတော့ ချက်ချင်းလက်ထပ်ဖြစ်ခဲ့တာပါ။

 

အသက်အရွယ်ကရော လက်ထပ်ခြင်းကို ဘယ်လောက် အထောက်အကူပြုလဲ။

အသက်ငယ်ငယ်နဲ့ လက်ထပ်တဲ့သူတွေကျတော့လည်း အချစ်ဆိုတဲ့ ခွန်အားတွေအများကြီးနဲ့ပေါ့။ ရဲရဲဝံ့ဝံ့ရင်ဆိုင် ကြတယ်ပေါ့။ အသက်အရွယ်ရပြီးမှ လက်ထပ်ကြတဲ့ အိမ်ထောင်ရှင်တွေမှာကျတော့ အချစ်အပြင် ဘ၀အတွ့အကြုံတွေ အများကြီးနဲ့ပေါ့။ ငယ်ငယ်ရွယ်ရွယ်လိုမျိုးတွေတော့ ရူးရူးမိုက်မိုက်စိတ်တွေ မရှိတော့ဘူး။

 

ဘ၀ရဲ့ Plan ကို ဘယ်လိုချခဲ့ကြလဲ။

ဘ၀ရဲ့ Plan မှာ အေးတူပူအမျှ ဖြတ်သန်းကြမယ်။ သူလည်း သူ့အနုပညာအလုပ်ကို ဆက်လုပ်မယ်။ ကျွန်တော် လည်း ကျွန်တော့်အလုပ်ကို ဆက်လုပ်မယ်။ သူ့ရဲ့အနုပညာအလုပ်ကို အားပေးမယ်။

 

အစ်မနဲ့လက်ထပ်ပြီးတဲ့အခါမှာ အစ်မရဲ့ စာပေတွေကို သေသေချာချာ ဖတ်ဖြစ်ခဲ့ပြီဆိုတော့ အစ်မရဲ့စာပေတွေ အပေါ် အမြင်သုံးသပ်ချက်ကို ပြောပေးပါလား။

အင်း...သူ့ရဲ့စာပေတွေမှာ ကျွန်တော့်ရဲ့အမြင်ဆိုရင်တော့ ဇနီးရဲ့စာတွေကို ခင်ပွန်းက ကောင်းတယ်ပဲ ပြောရမှာ ပေါ့။ ရီစရာပြောတာပါ။ သူ့ရဲ့စာပေတွေက စာဖတ်ပရိသတ်တွေနဲ့ တွေ့တဲ့အခါမှာလည်း သူ့ရဲ့စာတွေက ပရိသတ်အတွက် အဆိပ်အတောက် မပါတဲ့စာပေတွေ ဖြစ်တာရယ်၊ လက်တွေ့ဘ၀မှာ ဖြစ်တည်မှုတွေကို တည်ဆောက်ရေးသားထားတဲ့ စာ တွေဖြစ်တယ်။

အစ်ကိုရဲ့ အိမ်ထောင်မကျခင် ဘ၀ဖြတ်သန်းပုံကို ပြောပြပေးပါဦး။

ကျွန်တော်က သာမန်မိသားစုကပါ။ အစိုးရ၀န်ထမ်း လုပ်တယ်။ အဲဒီကနေ ကိုယ်ပိုင်အရောင်းအ၀ယ် စီးပွားရေး လုပ်တယ်။ ပုဂံမှာနေတယ်။ သူနဲ့တွေ့ပြီး ရန်ကုန်ကိုပြောင်းလာခဲ့တယ်။

 

ဘ၀ကို သေသေချာချာတည်ဆောက်ပြီးမှ အိမ်ထောင်ပြုဖို့ စဉ်းစားတဲ့သူတွေနဲ့ ကြိုတင်ပြင်ဆင်မှုမရှိဘဲ လက်ထပ်ခဲ့ကြတဲ့သူတွေနဲ့ ကွာခြားချက်ကို သိချင်ပါတယ်။

သေသေချာချာ စီစဉ်ထားတဲ့သူကတော့ ဘ၀ကပြည့်စုံပြီးသားပေါ့။ ဘ၀ဆိုတာကလည်း တစ်ခါတလေ ဖြစ်ချင် တိုင်းလည်း ဖြစ်လာတာမျိုးတော့ မဟုတ်ဘူး။ သေသေချာချာ မပြင်ဆင်ခဲ့ပေမဲ့လည်း ကြိုးစားပြီး တည်ဆောက်ထားကြတဲ့ အတွက် အဆင်ပြေသွားတဲ့ သူတွေလည်း ရှိပါတယ်။ ကျွန်တော်တို့မှာကျတော့ အသက် ၃၀ ကျော်အရွယ်မှာ အိမ်ထောင် ပြုခဲ့တာဖြစ်တဲ့အတွက် ကိုယ့်ဘ၀ကို ကိုယ်တိုင်တည်ဆောက်ထားပြီးသား ဖြစ်နေပြီ။ ဒီတော့ အခြေခံတွေရှိနေကြပြီ ဆိုတော့ အခက်အခဲတော့ မရှိဘူး။ အားသာချက်အားနည်းချက်ကတော့ နေရာတိုင်းမှာ မျှနေပါတယ်။

 

အိမ်ထောင်ဦးစီးတစ်ယောက်ရဲ့ ပုံစံကို ဘယ်လိုပြင်ဆင်ခဲ့လဲ။

အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ဖို့ လူပျို လူလွတ်ပုံစံကနေ အများကြီးပြောင်းလဲရပါတယ်။ အိမ်ထောင်သည်ဖြစ် သွားတဲ့အခါ ကိုယ်နဲ့အတူ ကိုယ်ကောင်းရင်လည်း စံရမယ်၊ ကိုယ်ဆိုးရင်လည်းခံရမယ့် ကိုယ့်ဇနီးတစ်ယောက်လုံးအနား မှာရှိနေပြီဆိုတော့ အများကြီးစဉ်းစားရတယ်။ အရင်လို ပေါ့ပေါ့ပျက်ပျက် လုပ်လို့မရတော့ဘူး။ ဘယ်မိသားစုမဆို ပြည့်စုံ တဲ့မိသားစုဆိုတာ မရှိဘူး။ မိသားစုနှစ်စုပေါင်းစပ်ထားတာဖြစ်တဲ့အတွက် သူ့ချွတ်ယွင်းချက်ကို ကိုယ်ကဖြည့်ပေးရမယ်။ ကိုယ့်ချွတ်ယွင်းချက်ကို သူကဖြည့်ပေးပေါ့။ မိသားစုဆိုတာ ရေစက်ရှိလို့ ဆုံကြတာလေ။ ဒါကိုလိုက်ပြီး အကောင်းဆုံးတည် ဆောက်ရမှာပါ။

 

မပုညခင်ကရော အိမ်ထောင်ရှင်မတစ်ယောက်အနေနဲ့ ဘယ်လိုပံ့ပိုးမှုတွေ လုပ်ပေးနိုင်လဲ။ စာရေးတဲ့အနုပညာ အလုပ်ရှိနေတော့လေ။

သူကသူတတ်နိုင်တာကိုတော့ အစွမ်းကုန်လုပ်တယ်။ စာရေးတဲ့အလုပ်ကိုလည်း သူမပျက်မကွက် လုပ်သလို အိမ် အလုပ်ကိုလည်း အားတဲ့အချိန်တိုင်းလုပ်တယ်။ စာရေးတဲ့အလုပ်က စိတ်အာရုံနဲ့ လုပ်ရတဲ့အလုပ်ဆိုတော့ သူ့အာရုံကိုပျက် သွားမှာ စိုးရတယ်။ စိတ်ကစာရေးတဲ့အလုပ်မှာ စိတ်ထည့်ထားရတာဆိုတော့ သူ့ကိုမနှောင့်ယှက်ချင်ဘူး။ သူစာရေးနေတဲ့ အချိန်ဆိုရင် လူမှုရေးပဲဖြစ်ဖြစ် ကူညီနိုင်တာ ကူညီလိုက်တယ်။ သူစာရေးရင်း စိတ်ရှုပ်လာလို့ တစ်နေရာရာကို သွားမယ်ဆို ရင် အချိန်မရွေးလိုက်ပို့ပေးနိုင်အောင် အမြဲပြင်ဆင်ထားပါတယ်။

 

အိမ်ထောင်သက် (၅)နှစ်ကျော်အတွင်း နှစ်ယောက်ဘယ်လိုညှိုနှိုင်းမှုမျိုးနဲ့ ခရီးဆက်ခဲ့လဲ။

နှစ်ယောက် ရန်တွေအကြိမ်ကြိမ်ဖြစ်ခဲ့တာပဲ။ အကြိမ်ကြိမ်ပြန်ချစ်ကြပေါ့။ များသောအားဖြင့် သူကပြန်ချော့တာ များပါတယ်။ 

(ကိုသူရကျော်က စကားပြောရင်း ဘေးမှာထိုင်နေတဲ့ မပုညခင်ကိုကြည့်ပြီး ရီရီမောမော ပြန်ဖြေပါတယ် မပုညခင် က

“ဒီလိုညီမရေ...ရန်ဖြစ်လို့ပြဿနာတက်ရင် အစ်မကစပြီး ပြဿနာရှာတာများတော့ အစ်မပြန်ချော့ရတဲ့ သဘော ပါ။ ဒီတော့ အစ်မဘက်က စမှားတာများတော့ အစ်မကပြန်ချော့ရတာပေါ့၊ သူမှားသူချော့၊ ကိုယ်မှားကိုယ်ချော့ပေါ့” တဲ့။ နှစ်ယောက်အလျော့အတင်းနဲ့ ဘ၀ကိုဖြတ်သန်းနေကြတဲ့ သဘောပါ။)

ကိုယ်တိုင်ကရော အိမ်ထောင်ဦးစီးတစ် ယောက်အနေနဲ့ လိုအပ်ချက်တွေကို ဘယ်လိုသုံးသပ်လဲ။

ကိစ္စတစ်ခုခုမှာ ကိုယ်မလုပ်ပေးနိုင်လိုက်တာမျိုး၊ မကာကွယ်ပေးလိုက်နိုင်တာမျိုးဖြစ်ခဲ့ရင် ခံစားရတယ်။ အိမ်တစ် အိမ်မှာ အိမ်ထောင်ဦးစီးရဲ့ တာဝန်တွေက အများကြီးလေ။

x   x   x   x   x

လူနှစ်ယောက် လက်ထပ်ပြီဆိုကတည်းက ဘယ်လိုအကြောင်းအရာကြောင့်ပဲ လက်ထပ်ဖြစ်ခဲ့ ဘ၀ကိုအတူတူ ဖြတ်သန်း ရင်ဆိုင်ရတော့မယ်။ ပြဿနာအခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းရမယ်။ တည်ဆောက်ပြီးသားဘ၀ကို မြဲအောင် တာဝန်ရှိသူတွေက ဒီနှစ်ယောက်ပါပဲဆိုတဲ့ ကိုသူရကျော်ရဲ့ ပြောစကားတွေကို မှတ်သားထားမိတယ်။