Miss People ရဲ့လျှို့ဝှက်ချက်

Photo- LMN

Model – Yoon Mhi Mhi Kyaw

Makeup – Nyo (Ponami Thae Thae)

အချိုးအဆစ်ကျန သွယ်လျတဲ့ ဘော်ဒီနဲ့ လှပတဲ့အသားအရေကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်လ်လေး ယွန်းမှီမှီကျော်ရဲ့ သွယ်လျလှပခြင်းဆိုင်ရာ လျှို့ဝှက်ချက်ကို ခုလိုစူးစမ်းကြည့်လိုက်တဲ့အခါ...

“ယွန်းမှီက အစားအသောက်နဲ့ ထိန်းပါတယ်။ အဓိကရှောင်တာက အဆီစာတွေပါ။ နဂိုကလည်း ဆီသိပ်မ ကြိုက်ဘူး။ ကြေးအိုးစားရင်လည်း အပြုတ်ပဲစားတယ်။ ဆီချက်ကို သိပ်မစားဖြစ်ဘူး။ အဲ့လိုဆီရှောင်တဲ့အတွက် ခန္ဓာကိုယ် အတွက် ကောင်းတယ်။  အခုဆိုအနုပညာ အလုပ်လုပ်နေတယ်။ ဓာတ်ပုံတွေရိုက်နေတယ်ဆိုတော့ ကိုယ်မှာအဆီတက် လာတဲ့အခါ အ၀တ်အစားအတိုလေးတွေ ကိုယ်ကျပ်လေးတွေ ၀တ်တဲ့အခါ အဆင်မပြေဘူးပေါ့နော်။ အဲ့ဒါကြောင့် အဆီကို ရှောင်ပြီး သီးရွက်သားငါး မျှတအောင် စားပါတယ်”

“အစားအစာပုံစံတွေထဲမှာ အရည်ပါတာကြိုက်တယ်။ ဥပမာ-ခုနကပြောခဲ့တဲ့ ကြေးအိုးလိုမျိုးပေါ့။ အသီးအနှံတွေ ကိုတော့ အများဆုံးကြိုက်တယ်။ အရည်ရွှမ်းတဲ့ အသီးတွေကြိုက်တယ်။ ပန်းသီးကြိုက်တယ်။ ခုလိုနွေရာသီဆိုရင် ဖရဲသီး စားရတာ အရမ်းကြိုက်တယ်။ ရာသီစာအသီးအနှံတွေအလိုက် စားဖြစ်တယ်။ ဆီးချဉ်သီးတစ်မျိုးကိုတော့ ထူးထူးခြားခြား လုံးဝမကြိုက်ဘူး။ အဲဒီအနံ့ကိုပါ မကြိုက်တာ”

“အရသာတွေထဲမှာ အီတဲ့အချိုအဆိမ့်မျိုးတွေ သိပ်မကြိုက်ဘူး။  အချဉ်အစပ်ပိုကြိုက်တယ်။ အရင်ကဆို အခါး လည်း သိပ်မစားဖြစ်ဘူး။ အခါးဓာတ်က ခန္ဓာကိုယ်အတွက် လိုအပ်တယ်ဆိုတော့ ဂွေးတောက်ရွက်ကို ကြက်သားနဲ့ အရည် သောက်လေး ချက်စားဖြစ်တယ်။ ဟင်းသီးဟင်းရွက်တွေထဲမှာ ကန်စွန်းရွက်နဲ့ မုန်ညင်းထုပ်ကို ပိုကြိုက်တယ်။ အသား ထဲမှာ ၀က်သားလည်း ကြိုက်တော့ အဆီကိုတော့ ရှောင်လိုက်တယ်။ ပြီးတော့ ပင်လယ်စာတွေ ကြိုက်တယ်။ ပြီးခဲ့တဲ့ရက် ကပဲ ဂုံးနဲ့ပဲငပိချက်ပြီး ကန်စွန်းရွက်ကြော်စားလိုက်သေးတယ်။ ယွန်းမှီက အလုပ်ကိုဦးစားပေးတာများတော့ ကိုယ်တိုင်ဝင် ချက်ဖြစ်တာ နည်းပေမဲ့ ဈေးဝယ်ရတာရော၊ ချက်ရတာရော ၀ါသနာပါပါတယ်။ အခု ဒီကဏ္ဍလေးရိုက်မယ်ဆိုတော့ ကိုယ် ကြိုက်တာတွေ ဈေးသွားဝယ်ရကတည်းက တော်တော်ပျော်နေပြီ။ ဟိုဟာလေးလည်းလိုချင်၊ ဒီဟာလေးလည်းလိုချင်ပေါ့။ ဓာတ်ပုံရိုက်တဲ့ အခါကျတော့လည်း  ကိုယ့်အကြိုက်နဲ့ကို စားလိုက်၊ ရိုက်လိုက်ဆိုတော့ အရမ်းကို ပျော်စရာကောင်းပါ တယ်”