အချစ်ကနေ... မိသားစုဘဝ

ဓါတ်ပုံ - လမင်းနိုင်

    ဖေဖော်ဝါရီလမှာ ချစ်သူတွေကို ပျော်ရွှင်မှုပေးမဲ့ ချစ်သူများနေ့ဆိုတဲ့ နေ့ရက်လေးတစ်ခုရှိပါတယ်။ ကိုယ့်ရဲ့ချစ်သူခင်သူတွေ အားလုံးကို ထူးထူးခြားခြား ပျော်ရွှင်မှုလေးတွေကို လက်ဆောင်ပေးလို့ရတယ်။ ချစ်သူများနေ့အတွက်ရည်ရွယ်ပြီး ချစ်သူဘ၀မှ မိသားစုဘ၀ကို တည်ဆောက်ထားတဲ့အနုပညာရှင် မိသားစု (၅)စုကို ဖော်ပြပေးလိုက်ပါတယ်။

ကျွန်တော်ကတော့  အချစ်ဆိုတာထက် မေတ္တာတရားကို အခြေခံတယ်

ကျော်ကျော်ဗို
    ကျွန်တော်ကတော့  အချစ်ဆိုတာထက် မေတ္တာတရားဆိုတာကို ပိုပြီးပြောချင်တယ်။ ကျွန်တော်တို့ရည်စားဘ၀တုန်းကလည်း အချစ်ထက်ကို မေတ္တာတရားနဲ့ပဲ ဖြတ်သန်းခဲ့တယ်။ အခု မိသားစုဘ၀ကို လည်း မေတ္တာတရားနဲ့ပဲ ဖြတ်သန်းပါတယ်။ ပူလောင်တဲ့ အချစ်ဆိုတဲ့အရာကို ကျွန်တော်မကြိုက်ဘူး။ ကျွန်တော့်ကြောင့် ဘယ်သူ့ကိုမှလည်း မပူလောင်စေချင်ဘူး။ ဒါကြောင့် ချစ်သူတွေအားလုံးကို ကျွန်တော်ပြောချင် တာကတော့ အချစ်မှာပူလောင်မှုတွေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မေတ္တာတရားနဲ့ပဲ ဖြတ်သန်းကြပါလို့... ချစ်သူများနေ့ကတော့ ကျွန်တော်ကအရင်ကတည်းက အများစိတ်ဝင်စားတဲ့အရာ... အရမ်းလူရှုပ်တဲ့နေရာတွေဆို ရှောင်လေ့ရှိတော့... ချစ်သူများနေ့ကိုတော့ သာမန်ပုံစံအတိုင်း သာမန်နေ့ရက်တွေလိုပဲ ဖြတ်သန်းခဲ့တာများပါတယ်။ နေ့တိုင်းမေတ္တတရားနဲ့ ပျော်ရွှင်မူတွေရှိနေတဲ့နေ့ရက်တွေကို ဖန်တီးနိုင်အောင် ကြိုးစားပါတယ်။

ဇာဇာ
    အခုချိန်မှာ ချစ်တာကြီးကို မပြောချင်တော့ဘူး။ ကိုယ်ချင်စားစိတ်၊ နားလည်မှု၊ ယုံကြည်မှုနဲ့ပဲ ဘ၀ကိုဖြတ်သန်းကြပါလို့ပြောချင်တယ်။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုရှိတာဟာ နှစ်ယောက်ပိုပြီးခိုင်မြဲစေတယ်။ တစ်ယောက်ရဲ့ ယုံကြည်မှုကိုလည်း တစ်ယောက်ကတန်ဘိုထားပါ။ ချစ်သူများနေ့ကတော့ ချစ်တဲ့သူအားလုံးကို ပျော်ရွှင်စေတဲ့နေ့ပေါ့နော်။ အခုချိန်မှာချစ်သူများနေ့ မှတ်မှတ်ရရရှိလားဆိုတာထက်... နှစ်ယောက်
နှစ်ပတ်လည်နေ့တောင် တစ်ခါတလေ သူငယ်ချင်းတွေပြောမှ သတိရသွားတာမျိုးတောင် ရှိတယ်။ မိသားစုဘ၀ရှိလာပြီဆိုတော့... တစ်ခြား ဘ၀ရပ်တည်မှုတွေက ပိုပြီးအရေးကြီးလာပြီလို့ထင်တယ်။

အချစ်ဆိုတာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်

ဖြိုးငွေစိုး
    အချစ်ဆိုတာ ရန်ဖြစ်လိုက်ပြန်ချစ်လိုက်။ အိမ်ထောင်ပြီးသားရှိလာတဲ့အချိန်မှာ အချစ်ဆိုတာကို ပိုပြီးနားလည်းလာတယ်။ ရည်စားဘ၀တုန်းကတော့ ကျွန်တော်ကချုပ်ချယ်တာမကြိုက်ဘူး။ လွတ်လွတ် လပ်လပ်နေချင်တယ်။ ဒါနဲ့ပဲကျွန်တော်တို့ နှစ်ယောက်ရန်ဖြစ်တာများတယ်။ အချစ်ကပူလောင်ပါတယ်။ သံယောဇဉ်၊ နားလည်မှုနဲ့ပဲ ဖြတ်သန်းချင်တယ်။ ချစ်သူများနေ့မှာ ချစ်သူရည်စားတွေရော... ကိုယ်ချစ်တဲ့သူတွေ အားလုံးကို ပျော်ရွှင်အောင်ထားနိုင်ကြပါစေလို့။

ဇင်ဇင်
    အိမ်ထောင်ကျသွားတော့ သားကို ပိုပြီး ဂရုစိုက်ဖြစ်လာတယ်။ ရည်စားဘ၀တုန်းက ရန်ဖြစ်လိုက် ပြန်ချစ်သွားလိုက်ပေါ့။ အိမ်ထောင်ကျသွားပြီးသားရှိလာတဲ့အခါ နှစ်ယောက်ကသားကိုပဲ အရမ်းချစ်နေကြတော့ နှစ်ယောက်ရန်ဖြစ်ဖို့တောင်မေ့တယ်။ သားကိုပဲအရိပ်တကြည့်ကြည့်လေ။ ဒါအိမ်ထောင်ရှင်တွေအတွက် သားသမီးလိုအပ်တယ်ဆိုတာမှန်တယ်။ သားသမီးကမိဘတွေကို ပိုပြီးချည်နှောင်ထားကြတယ်။ တစ်ခုခုဆိုကလေးကိုကြည့်ပြီး ဆုံးဖြတ်ချက်မမှားတော့ဘူးပေါ့နော်။ ချစ်သူများနေ့မှာ အားလုံးပျော်ရွှင်ကြပါစေလို့ ပြောချင်ပါတယ်။

အရင်တုန်းကအချစ်က ရင်ခုန်လှုပ်ရှားတယ်။ အခုအချစ်ကတော့ တည်ငြိမ်တယ်

ရန်ရန်ချမ်း
    အချစ်ဆိုတာ အရင်တုန်းကအချစ်က ရင်ခုန်စိတ်လှုပ်ရှားပြီး ချစ်တဲ့အချစ်။ အခုအချစ်ကကျတော့တစ်ယောက်နဲ့ တစ်ယောက်ကောင်းတာတွေ သံယောဇဉ်တွေနဲ့ ၀ိုင်းပြီးဖြစ်သွားတဲ့အချစ်ဆိုတော့ မတူဘူးပေါ့နော်။ အခုအချစ်ကတော့ တည်တော့တည်ငြိမ်တယ်။ သားရောက်လာပြီးမိသားစုဖြစ်သွားတဲ့အခါ ကျွန်တော် စိတ်ကူးမိတာ ရှိတယ်။ ကျွန်တော်ကကွင်းလေးတစ်ခု၊ ချီလီကကွင်းလေးတစ်ခု၊ အဲဒီကွင်းလေးနှစ်ခုကို ချိတ်
ပေးတာကသားလေးပေါ့။ သားက ကျွန်တော်တို့နှစ်ယောက် ပျက်မသွားဖို့ချိတ်ထားတဲ့ အဓိက အရာလေးပါ။ အချစ်နဲ့ပတ်သတ်ပြီး ကျွန်တော်ခန့်မှန်းတဲ့အတိုင်း အမြဲဖြစ်လာတာရှိတယ်။ အဲဒါကဘာလဲဆိုတော့ ရည်စားဘ၀မှာ ဘယ်လောက်ပဲရန်ဖြစ်၊ ဘယ်လောက်ပဲချစ်ချစ်...  အရမ်းခပ်ကြမ်းကြမ်း ရန်ဖြစ်ကြတဲ့အချိန်ရှိတယ်။ ကလေးတွေကိုလည်း ကျွန်တော်သတိပေးတယ် မင်းတို့တွေ ဒီအချိန်ကျရင်တော့ ခပ်ကြမ်းကြမ်းရန်ဖြစ်ကြမယ်ဆိုပြီးလေ။ အဲဒီအချိန်မှာမှ ရန်ဖြစ်ပြီးမပြတ်ဘူးဆိုရင် အဲဒီနှစ်ယောက်က လက်ထပ်ဖို့ သေချာသွားပြီ။ အဲဒီရန်ဖြစ်တဲ့အချိန်က ရည်စားသက်တမ်း ၃နှစ်ကျော်အချိန်ပဲ။ ၃နှစ်နဲ့ ၄နှစ်ကြားမှာဆို ပြတ်လောက်တဲ့အထိ ရန်ဖြစ်နိုင်တယ်။ အခုဖေဖေါ်ဝါရီလမှာ ချစ်သူများနေ့ဆိုတာရှိတယ်။ ချစ်သူများနေ့မှာတော့ ကိုယ်ချစ်တဲ့သူတွေအားလုံးကို ပျော်စေချင်တယ်။

ချီလီ
    အချစ်အကြောင်းပြောပါဆိုရင်တော့ ရန်ရန်ချမ်းကတော့ ချီလီအချစ်ပေါ့။ သူတစ်ယောက်တည်းကိုပဲချစ်ပြီး သူ့တစ်ယောက်တည်းကိုပဲ လက်ထပ်ခဲ့တာပါ။ အချစ်က ရည်းစားဘ၀တုန်းပုံစံနဲ့ အိမ်ထောင်ကျသွားတဲ့ပုံစံ အတူတူပဲ။ သားရလာတဲ့အခါမှာတော့ အားလုံးပြောင်းလဲသွားတယ်။ တစ်ယောက်နဲ့တစ်ယောက် ပိုပြီးနီးစပ်လာတယ်။ ရန်လည်း ပိုဖြစ်လာတယ်။ ကလေးအတွက် ကြောင့်လေ။ ရည်းစားဘ၀တုန်းဆိုရင် စကြိုက်ခါစမှာ ရန်အရမ်းဖြစ်တယ်။ ၁၇ ရက်တိတိရန်ဆက်တိုက်ဖြစ်ဖူးတယ်။ ရည်းစားဘ၀တုန်းက မှတ်မှတ်ရရဖြစ်လို့မှတ်ထားတာ။ အချစ်ဆိုတာကတော့ တစ်ယောက်နဲ့မတူကြပါဘူး။ ညီမအတွက် အချစ်ဆိုတာကတော့ ရန်ရန်ချမ်းကိုပဲချစ်ပြီး သူနဲ့ပဲလက်ထပ်ခဲ့တာဆိုတော့ အချစ်ဆိုတာ ရန်ရန်ချမ်းပဲပေါ့။ သူကကိုယ့်ရဲ့ရည်စားဦး ကိုယ်လက်ထပ်ခဲ့သူတစ်ယောက်တည်းပါပဲ။ သူနဲ့ စကြိုက်တုန်းက အသက်၁၅နှစ်ကျော်ပဲ ရှိသေးတယ်။ ရည်စား သက်တမ်း ၁၅ နှစ်မှာ လက်ထပ်ခဲ့ကြတယ်။ ချစ်သူများနေ့ အမှတ်တရကတော့ ချစ်သူများနေ့ဆိုတာက သမီးရည်စားတွေအတွက်ပဲ ရည်ရွယ်တာမှ မဟုတ်တာ။ ကိုယ်ချစ်တဲ့သူ အားလုံးနဲ့သက်ဆိုင်တဲ့ နေ့ပါ။ ရန်ရန်ချမ်းနဲ့ ချီလီမှာတော့ ချစ်သူများနေ့ အမှတ်တရဆိုပြီးတော့ မရှိပါဘူး။ နေ့တိုင်းက ပျော်ရွှင်စရာကောင်းပြီး အမှတ်တရတွေရှိနေလို့ပါ။

အချစ်က ရည်းစားဘ၀နဲ့ အိမ်ထောင်သည်ဘ၀မတူဘူး

သားစိုး
    အချစ်က ရည်စားဘ၀နဲ့ အိမ်ထောင်သည်ဘ၀ မတူဘူး။ version ပြောင်းသွားတာပေါ့နော်။ တစ်ယောက်နဲ့တစ်ယောက် နုနေလို့လည်း မရတော့ဘူး။ ရန်ဖြစ်လိုက်... စီးပွားရေးတွေလုပ်လိုက်... ပြန်တည့်သွားလိုက်နဲ့ပဲ အချိန်တွေကုန်သွားတယ်။ အိမ်ထောင်တစ်ခုကျသွားရင် တည်မြဲဖို့ ကြိုးစားရတယ်။ အနုပညာရှင်တွေဆို အိမ်ထောင်ရေးသာယာဖို့ အရမ်းကြိုးစားရတယ်။ အချစ်ဆိုတာ အိမ်ထောင်သက်ကြာလာလေ ပိုပြီးနက်ရှိုင်း လာလေပါပဲ။ အချစ်က ဖုန်းတွေလို update အမြဲလုပ်ရပါတယ်။ အခုပတ်ဝန်းကျင်မှာ ကျွန်တော်မြင်တွေ့နေရတဲ့ အချစ်ပုံစံကတော်တော်လေးကို ပြောင်းလဲလာတယ်။ ၂၀၀၀ ပြည့်နှစ် ကျွန်တော်တို့လူပျိုပေါက်အရွယ် ရည်စားထားတဲ့အချိန်တုန်း ကနဲ့ အခုအချိန်နဲ့တော်တော်လေးကို ပြောင်းလဲလာတယ်၊ ခေတ်မီလာတာရော... အသိအမြင်တွေ ကြွယ်ဝလာတာရော အားလုံးပေါ့။ ချစ်သူများနေ့အတွက် စကားလက်ဆောင်ပြောပေးပါ ဆိုရင်တော့ ချစ်တဲ့သူတိုင်းပျော်ရွှင်တဲ့နေ့ဖြစ်စေ ချင်တယ်။ ကျွန်တော်တို့နှစ်ယောက်မှာလည်း ချစ်သူများနေ့အမှတ်တရတွေ အများကြီးရှိတယ်။ ရည်းစားဘ၀တုန်းကတော့ သူနဲ့ကျွန်တော်က တစ်နိုင်ငံဆီနေကြတာဆိုတော့ နှစ်ယောက်အတူတူပျော်ရွှင်ကြတာရှားတယ်။ အိမ်ထောင်ကျမှပဲ အတူတူဖြတ်သန်းကြတာပါ။ အမှန်အတိုင်းပြောရရင် ချစ်သူများနေ့ထက် ကျွန်တော်တို့နှစ်ယောက်က မွေးနေ့၊ အမှတ်တရနေ့တွေကို ပိုပြီးသတိတရရှိ ကြတယ်။

ငယ်ငယ်
    အချစ်မှာချစ်တာက မတည်မြဲဘူးလို့ ထင်တယ်။ တစ်ယောက်နဲ့တစ်ယောက်နားလည်မူ၊ အပြန်အလှန် ရိုသေလေးစားမှု ရှိရမယ်။ အဲဒီအချက်က အချစ်မှာပိုပြီးအဓိကကျတယ်လို့ ထင်တယ်။ သားစိုးကို ဘ၀လက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့တာက ပတ်ဝန်းကျင်မှာတွေ့ရတဲ့ သူတွေရှိတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေတာမျိုး၊  မိဘနောက်ခံနဲ့ ဘ၀ကိုဖြတ်သန်းနေတာမျိုးအများကြီးပါ။ သူကကျတော့ သူမှန်တဲ့လမ်းကိုသူလျှောက်တယ်။ သူလုပ်စရာရှိတာကို သူဖြစ်အောင်လုပ်တယ်။ အလုပ်ကိုတန်ဘိုးထားတယ်။ ဒါတွေက သူ့အပေါ်မှာ သိသိသာသာရှိနေတဲ့အချက်တွေပေါ့နော်။ အခုမိသားစုဘ၀မှာ ၂၄ နာရီပဲ ရန်ဖြစ်ကြတာ။ အမြဲတမ်းချစ်နေရင်လည်း ပျင်းစရာကောင်းတယ်။ သားရှိလာတဲ့အခါကျတော့ ရန်ဖြစ်ပြီဆိုရင် ကလေးကပဲ ဖြေရှင်းပေးသွားတာ... ကလေးကြောင့်ရန်ပွဲတွေ ငြိမ်းသွားတယ်။ ချစ်သူများနေ့ အမှတ်တရဆိုရင်တော့ ရည်းစားဘ၀တုန်းက နှစ်ယောက်ဝေးနေတော့ ထူးထူးခြားခြားဖြတ်သန်းခဲ့တာမျိုးမရှိပါဘူး။ သားမွေးခါနီးကျမှ မြန်မာပြည် ပြန်လာတာဆိုတော့လေ ကလေးရှိလာတော့
ကလေးနဲ့ မိသားစုနဲ့ပဲ ချစ်သူများနေ့က ပြီးသွားတယ်။

အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူကိုပေးပျော်တဲ့ အနုပညာပါတဲ့ ခံစားမှု

ဘုဏ်းသိုက်
    အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူကိုပေးပျော်တဲ့ အနုပညာပါတဲ့ စိတ်ခံစားမှုလို့ပြောချင်တယ်။ ကိုယ့်ကိုယ်ကိုတည်ပြီး စဉ်းစားမယ်ဆိုရင် ကိုယ်တိုင်ပျော်ချင်ကြတယ် ကိုယ်တိုင်အကောင်းဆုံးတွေပဲ လိုချင်ကြတာပဲလေ။ အချစ်ရှိလာတဲ့အခါ ကိုယ့်ထက် ကိုယ်ချစ်တဲ့သူကို ပျော်ရွှင်မှုတွေ အကောင်းဆုံးတွေပေးချင်တယ် ဒါက အချစ်ပဲ။ အခုလက်ရှိမှာ ကျွန်တော်တို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပျော်ရွှင်စေတယ်ဆိုတဲ့
စိတ်ခံစားချက်နဲ့ ဖြတ်သန်းနေပါတယ်။ ကျွန်တော် ပျော်စရာရှိရင်လည်း သူ့ကိုမျှဝေပြီး ပျော်စေချင်တယ်။ သိသိသာသာပဲဖြစ်ဖြစ်၊ မသိမသာပဲဖြစ်ဖြစ် ပေးပြီးပျော်တာမျိုးကို ပျော်ရွှင်မှုပေးပါတယ်။ ဒုက္ခဆိုလည်း နှစ်ယောက်မျှဝေဖြေရှင်းတာမျိုးနဲ့ဖြတ်သန်းနေတယ်။ အရင်တုန်းက ကျွန်တော်တို့နှစ်ယောက်မှာ တစ်ယောက်ဆီမှာတစ်ယောက် မကြိုက်တဲ့အချက်ရှိရင်ပြင်ဖို့ ကြိုးစားတယ်။ နှစ်ယောက်လုံး က ခေါင်းမာတဲ့သူတွေဆိုတော့ ပြင်ခိုင်းလို့မပြင်ဘူးဆိုရင် ပေါက်ကွဲတဲ့နည်းနဲ့အဆုံးသတ်သွားတယ်။ အခုသမီးရှိတော့ သူ့ဆီမှာကျွန်တော်မကြိုက်တဲ့ အချက်ရှိရင် ပြင်ဖို့ကြိုးစားနေတုန်းပဲဆိုပေမဲ့ နည်းနည်းလေး ခက်နေသေးတယ်ဆိုရင် သမီးရှိသေးတာပဲဆိုတဲ့စိတ်နဲ့ စိတ်လျော့လိုက်တာမျိုးတွေရှိတယ်။ အရင်တုန်းကလို ပေါက်ကွဲတာနဲ့ အဆုံးမသတ်တော့ဘူး။ ရန်ဖြစ်တာလည်း မရှိသလောက် ရှားသွားတယ်။ ချစ်သူများနေ့
အမှတ်တရကတော့ ပျော်စရာကောင်းခဲ့တာချည်းပါပဲ။ ချစ်သူများနေ့ဆိုပြီး ကြိုရင်ခုန်တာမျိုးတော့ မရှိပေမဲ့ ပျော်စရာချစ်သူများနေ့တွေကို ကျွန်တော်တို့ဖြတ်သန်းခဲ့ဖူးပါတယ်။

ချမ်းချမ်း
    ဒီအသက်အရွယ်မှာတော့ အချစ်ထက်စာရင် သံယောဇဉ်တို့ မေတ္တာတို့က ပိုပြီးခိုင်မြဲတယ် လို့ ပြောချင်တယ်။ အသက် ၁၆ နှစ်ကနေ ၂၅ နှစ်ထိက ချစ်တာတွေနဲ့ ဖြတ်သန်းခဲ့တာတွေ များနေပြီဆိုတော့ ဒီအသက်အရွယ်မှာတော့ ချစ်တာနဲ့ ပတ်သက်ပြီး သိပ်မပြောချင်တော့ဘူး။ အခုချိန်မှာတော့ နှစ်ယောက် မောင်နှမတွေလိုပဲ သမီးအတွက် စဉ်းစားတယ်။ ရည်းစားတုန်းက ကိုယ့်အိမ်ကိုယ်နေပြီး ကိုယ့်ထမင်းကိုယ်စားကြတာဆိုတော့ပြဿနာ မရှိဘူး။ တွေ့တုန်းခနချစ်ကြ၊ ရန်ဖြစ်ကြပေါ့။ မိသားစုဖြစ်သွားတော့ သာမန်အချိန်တွေထက်စာရင် သူနဲ့အမြဲတွေ့နေရတော့ သူရဲ့ကောင်းတာဆိုးတွေကိုတွေ့လာတယ်။ အားနည်းချက်၊ အားသာချက်တွေကို တစ်ပြိုင်နက်တည်း ခံယူရသလိုမျိုးဖြစ်လာတယ်။ ချစ်သူများနေ့အမှတ်တရထက် နှစ်ယောက်အမှတ်တရက ခရီးအတူတူထွက်တာများတယ်။ ချစ်သူများနေ့ဆိုလည်း ခရီးတွေသွားကြပေါ့... မရောက်ဖူးတဲ့နေရာ မရှိရလောက်အောင်ပဲခရီးတွေအတူတူသွားခဲ့ကြတာ အမှတ်တရပါ။