ပန်းပုထုသူများ

သူသည် အချစ်ဆိုသောအရာကို တန်ဖိုးထားရူးသွပ်သူတစ်ယောက်ဖြစ်သည်။ သို့သော် အချစ်နှင့် ဆော့ကစားလိုသူတော့ မဟုတ်ပါ။ အချစ်ကို ဘုရားတစ်ဆူလို ကိုးကွယ်သူသာ ဖြစ်ပါသည်။ နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်သော သူ့တွင် သူ၏အချစ် ကိုရယူလက်ခံလိုသော မိန်းကလေးများ ၀ိုင်းဝိုင်းလည်နေသော်လည်း ရင်မခုန်သောကြောင့် ဘယ်မိန်းကလေးကိုမှ မတွဲခဲ့။ အပျော်ရည်း စား အီစကလီတောင် မထားခဲ့ချေ။ သူတွင် ခံယူချက်တစ်ခုရှိသည်။ အဲဒါကတော့ သူတကယ်ချစ်သော မိန်းမတစ်ယောက်ထံတွင်သာ သူ့ရင်ဘတ်ထဲ၌ စုဆောင်းထားခဲ့သော အချစ်များအားလုံးကို အိတ်သွန်ဖာမှောက်ပေးအပ်မည်ဆိုသော ခံယူချက်ပင်ဖြစ်သည်။

ထို့သို့ခံယူချက်ဖြင့် နေထိုင်လာခဲ့ရင်း တစ်နေ့မှာတော့ သူ့အချစ်တွေကို ကြည်ဖြူစွာပုံအော ပေးချင်သော မိန်းကလေးတစ် ယောက်ကို တွေ့ရှိခဲ့ပါသည်။ အဲဒီနေ့က သူသည် စတီဒီယိုမှ အသံသွင်းပြီးပြန်အလာ ရာသီဥတုကပူအိုက်သောကြောင့် အအေးဆိုင်တစ် ဆိုင်မှာ အအေးဝင်သောက်နေခဲ့တာဖြစ်လေသည်။

“အဲဒါပေါ့ကွ၊ နန္ဒာပိုဆိုတာ၊ စားသောက်ဆိုင်မှာ သီချင်းဆိုတာလေ၊ ဇယားမှ တကယ့်နာမည်ကြီးပဲ၊ တော်ရုံတန်ရုံလူ မကပ်နိုင် ဘူး”

သူ့ဘေးကထွက်လာသည့် စကားသံအချို့ကြောင့် သူက ဘာရယ်မဟုတ် သူတို့တွေကြည့် နေသည်နေရာကို ကြည့်လိုက်မိ သည်။ အဲဒီအခိုက်မှာပဲ သူ့နှလုံးသားတစ်ခုလုံးကို မြားနတ်မောင်၏ မြားချက်တွေ နေရာလပ်ပင်မကျန်အောင် စိုက်ဝင်သွားခဲ့တာ ဖြစ်ပါ သည်။ ခေတ်နှင့်လျော်ညီသည်ဆိုရုံသာရှိသော အ၀တ်အစားများကို ၀တ်ဆင်ထားပြီး နေကာမျက်မှန်တစ်လက်ကို နဖူးပေါ်ပင်တင်ထား ကာ အအေးပုလင်းထဲမှ အ၀ါရောင်အအေးများကို ပိုက်မှတဆင့်စုပ်ယူနေသော သူမကို မြင်မြင်ချင်းမှာပင် စိတ်ဝင်စားသွားရသည်။ သူမ ရုပ်ရည်က အချောစားကြီး မဟုတ်သော်လည်း သူမထံ၌ ဘာမှန်းမသိသော ဆွဲဆောင်မှုတစ်မျိုးရှိနေခဲ့တာ ဖြစ်ပါသည်။ ခဏအကြာတွင် အအေးဖိုးငွေရှင်းကာ ခေါင်းပေါ်က နေကာမျက်မှန်ကို မျက်ဝန်းများရှေ့ဆွဲချရင်း ဆိုင်ထဲမှ ထွက်ခွာသွားပုံက ခပ်မိုက်မိုက်။ ဘာကိုမှ ဂရုမစိုက်ပုံစံ။

အဲဒီရဲ့နောက်ပိုင်းရက်တွေမှာတော့ သူမအကြောင်းတွေကို သူစုံစမ်းတော့သည်။ သူမက နာမည်ရစားသောက်ဆိုင်တစ်ခုတွင် ညပိုင်းသီချင်းဆိုတာဖြစ်သည်။ ထိုစားသောက်ဆိုင်၏၀င်ငွေက သူမ၏အပေါ်တွင် မှီခိုနေရသည်အထိ သူမက ပုရိသတို့ကြားတွင် ရေပန်း စားတာဖြစ် သည်။ သို့သော် ကောင်းသောရေပန်းစားခြင်းတော့ မဟုတ်ရပါ။ “ဇယား”ဆိုသော ဂုဏ်ပုဒ်ဖြင့် နာမည်ကြီးတာဖြစ်သည်။ သူမပုံစံကတော့ လုံးဝထင်ရက်စရာမရှိချေ။ သူကလည်း မထင်ခဲ့။ သူမ၏ မျက်ဝန်းများရှိ ရိုးသားမှုတို့ကို သူဖတ်တတ်သည်။ အကယ်၍ သူမသည် ပုရိသတို့ပြောသလို “ဇယား”တစ်ခုဖြစ်နေခဲ့မယ်ဆိုရင်တောင် သူ့အတွက် ပြဿနာမရှိပါချေ။ သူစိတ်ဝင်စားသည်မှာ သူမ၏ အတိတ်နှင့် ပစ္စုပ္ပန်ကိုမဟုတ်။ သူမကိုသာဖြစ်ပါသည်။

သူမနဲ့ ချစ်သူတွေ ဖြစ်သွားခဲ့ပြီနောက်ပိုင်းတွင် သူမအကြောင်းတွေကို သူပိုပြီးသိလာရသလို ပို၍လည်း ချစ်လာခဲ့ရလေသည်။ သူမသည် အမေတစ်ခု၊ သမီးတစ်ခုဘ၀ကို ဦးဆောင်ကာ မိခင်ရောဂါသည်ကြီးအား ရှာဖွေကျွေးမွေးနေခဲ့ သူတစ်ယောက်ဖြစ်သည်။ ဘ၀ပေးအခြေအနေအရ စားသောက်ဆိုင်တွင် သီချင်းဆိုနေရသော်လည်း သူမ၏မိန်းကလေးတန်ဖိုး၊ ဂုဏ်သိက္ခာကို တစ်စက်ကလေးမှ ထိပါးခံခဲ့သူမဟုတ်ချေ။ ချစ်သူဖြစ်သော သူ့အပေါ်တွင်တောင် လိုတာထက်ပိုသော အခွင့်အရေးမျိုးကို လုံးဝမပေးခဲ့ချေ။ ဒီလိုစိတ်ဓာတ် မြင့်မြတ်သော မိန်းကလေးတစ်ယောက်ဖြစ်သောကြောင့်လည်း သူက သူမအား ရင်ဘတ်ထဲ၌ အပြည့်အ၀နေရာပေးထားခဲ့တာ ဖြစ်လေသည်။

နန္ဒာပို၏ ပန်းပုရုပ်

လောကကြီးသည် တစ်ခါတရံ၌ တော်တော်တရားကျဖို့ ကောင်းပါသည်။ ၎င်းမျက်နှာ သာပေးလိုသောသူများကို အဆုံးအစွန် အထိ မျက်နှာသာပေးကာ ၎င်းမျက်မုန်းကျိုးနေသော သူများကိုတော့ ရက်စက်စွာစဉ်ဆက်မပြတ် နလန်မထူနိုင်အောင် ဖိနှိပ်ထားတတ် သည်မှာ လောကကြီး၏ မတရားသော မူဝါဒတစ်ရပ်ဖြစ်သည်ဟု သူမထင်ပါသည်။

သူမဆယ်တန်းအောင်သောနှစ်မှာပင် သူမဖခင်သည် သူမတို့သားအမိကို ထားရစ်ခဲ့ကာ လောကကြီးထဲမှ ထွက်ခွာသွားလေ သည်။ မိခင်ကတော့ ပန်းနာရင်ကျပ်ရောဂါသည်မို့ အပင်ပန်းမခံနိုင်သလို ဖခင်တိမ်းပါးသွားသည့်နောက်မှာတော့ စိတ်ထောင်းကိုယ်ကြေ ကာ အိပ်ယာထဲလဲတော့သည်။ ထိုအချိန်မှစတင်ကာ သူမတို့ သားအမိနှစ်ယောက်၏ စားဝတ်နေရေးသည် သူမတာဝန်ဖြစ်လာခဲ့သည်။ သူမသည် လောကဓံ၏ မမျှတသော စိန်ခေါ်မှုများကို အရွယ်နှင့် မလိုက်အောင် ရင်ဆိုင်ခဲ့ရသည်။ သူမသည် ပထမဦးဆုံးတွင် စတိုးဆိုင် တစ်ခု၌ ကောင်တာထိုင် အလုပ်ကိုလုပ်ခဲ့သည်။ သို့သော် ထိုအလုပ်မှရသော လစာသည် သူမတို့သားအမိ၏ စားဝတ်နေရေးကို ကောင်း စွာမဖြည့်တင်းပေးနိုင်ချေ။ ဖခင်ရှိစဉ်ကဆင်ထားသော ရွှေစအချို့သည်ပင် ၀မ်းရေး၌တန်ဆာခံဖြစ်သွားရသည်အထိ အခြေအနေတွေက ဆိုးဝါးလာခဲ့သည်။

သည်လိုနှင့် သူမသူငယ်ချင်းတစ်ယောက်၏ ဆက်သွယ်ပေးမှုဖြင့် မြိုးမြိုးမြက်မြက်ရသည့် စားသောက်ဆိုင် သီချင်းဆိုရသော အလုပ်ကိုသူမ ၀င်လုပ်ခဲ့သည်။ ဒါပေမဲ့ သူမ၏ကိုယ်ကျင့်တရား ကိုတော့ တစ်ပြားသားမှ ထိခိုက်မခံခဲ့။

သို့ပေမယ့် ကံကြမ္မာက သူမအား တစ်ခုတည်းသော မျက်နှာသာပေးမှုဖြစ်သည့်ချိုသာ သောအသံနှင့် ဆွဲဆောင်မှုရှိသော ရုပ် အဆင်းကို ပိုင်ဆိုင်ထားသော သူမသည် ပုရိသတို့ကြား ရေပန်းစားလာခဲ့သည်။ ငွေပြ၍ဖျက်ဆီးချင်သော ယောက်ျားသားတို့၏ ဖျားယောင်းမှုများကို အများအပြားရင်ဆိုင်ခဲ့ရလေသည်။ ထိုကဲ့သို့ကြုံလာတိုင်းလည်း သူမသည် အနှီပုရိသတို့အား ပြတ်ပြတ်သားသား ပင် တင်းမာစွာ ပြောဆိုတုန့်ပြန်တတ်ခဲ့သည်။

ထိုအခါ အလိုမပြည့်သော ပုရိသတို့၏ ပါးစပ်ဖျားတွင် သူမသည် ဖြူစင်ပါလျက် အပုပ်နံ့ထွက်ရတော့သည်။ “မစားရသည့်အမဲ သဲနှင့်ပက်”ဆိုသကဲ့သို့ ထိုသူတို့၏ မဟုတ်တမ်းစကားများကြောင့် သူမသည် ပျက်စီးနေသော မိန်းကလေးတစ်ယောက်၊ တော်ရုံငွေကြေး နှင့် စည်းရုံး ၍မရသော “ဇယား”တစ်ခုအဖြစ် ပတ်ဝန်းကျင်၏ အထင်သေးခြင်းကို ခံခဲ့ရလေသည်။

သို့သော်လည်း သူမ မမှုခဲ့ပါ။ ကိုယ်ကောင်းလျှင် ခေါင်းမရွေ့ဘူးဆိုသော စကားကို လက်ကိုင်ထားလျှက် ဘ၀ကိုရင်ဆိုင်ကာ ကိုယ်လုပ်စရာရှိတာကိုသာ အာရုံစိုက်ထားခဲ့သည်။ သူမ၏ ဖြူစင်မှုကို သူမယုံကြည်နေရင်ပဲ သူမအတွက် လုံလောက်ပါသည်။ ပတ်ဝန်း ကျင်ဆိုသည်မှာ တစ်ခါတရံ၌ ထည့်တွက်သင့်သော်လည်း တစ်ခါတလေတွင် လျစ်လျူရှုထားသင့်သော အရာတစ်ခုဖြစ်သည်ဆိုတာက အကြပ်အတည်းတစ်ခုကို ကိုယ်တိုင်နဖူးတွေ့ဒူးတွေ့ ခံစားဖူးမှ သိနိုင်သော အသိတရားတစ်ခုပင် မဟုတ်ပါလား။

ထို့သို့ဖြင့် သူမသည် ဘ၀ဇာတ်ဆရာချပေးသော ဇာတ်ရုပ်၌ သံပတ်ပေးထားသော လူသားတစ်ဦးလို ပီပီပြင်ပြင်ရဲရဲဝံ့ဝံ့ သရုပ် ဆောင်နေရင်း အလွန်ကြည်နူးဖွယ်ကောင်းသော ချစ်ခြင်းများကို သယ်ဆောင်လာသည့် ချစ်သူတစ်ဦးကို ပိုင်ဆိုင်ခွင့်ရခဲ့လေသည်။ သူ သည် နာမည်ကျော်အဆိုတော် တစ်ယောက်ဖြစ်သော်လည်း သူမချစ်သည်မှာ သူ၏ကျော်ကြားမှု၊ ပိုင်ဆိုင်မှုများကိုမဟုတ်၊ သူ၏ ချစ်ပြ တတ်လွန်းသော စိတ်ထားလေးကိုပင် ဖြစ်လေသည်။

အစကတော့ သူမသည် သူမ၏ဘ၀ပေး အခြေအနေအရ သူ၏အချစ်ကို ငြင်းဆန်ခဲ့ပါသေးသည်။ သို့ပေမယ့် သူ၏ဇွဲကောင်း မှုကြောင့် လည်းကောင်း၊ သူမနှလုံးသား၏ တောင်းဆိုမှုကြောင့်လည်းကောင်း၊ နောက်ဆုံးတွင်မှ သူ့အချစ်ကို လက်ခံခဲ့လိုက်တော့တာ ဖြစ်လေသည်။

စားသောက်ဆိုင်မှာ သီချင်းဆိုပြီး ယောက်ျားသားတို့၏ ပါးစပ်ရာဇ၀င်၌ နာမည်ပျက်နေသော မိန်းကလေးတစ်ယာက်တွင်လည်း အခြားသူများလို ချစ်ခွင့်လေးတော့ရှိသည်ဟု သူမထင်ပါသည်။ ထို့ကြောင့် သူကသူမအား မြတ်နိုးတန်ဖိုးထားစွာ ချစ်ပြနိုင်သလို သူမက လည်း သူ့ကိုရူးသွပ်စွာ ချစ်ထားခဲ့တာ ဖြစ်ပါသည်။ သို့သော်လည်း...။

ချစ်သူသက်တမ်းတစ်နှစ်ပြည့်သော အချိန်၌ သူက သူမအားလက်ထပ်ခွင့် တောင်းလာခဲ့လေသည်။ သူ့ထံမှ ထွက်ပေါ်လာသော “မောင်... နန္ဒာ့ကို လက်ထပ်ပါရစေ”ဟူသည့် စကားသံသည် သူမနှလုံးသားကို ချွန်မြသော သံချွန်တစ်ချောင်းဖြင့် ထိုးဆွခံလိုက်ရသလို နာကျင်စူးရှသွားစေခဲ့သည်။ သူမသည် သူ့အား မချစ်ဘဲမနေနိုင်လို့သာ ချစ်ထားခဲ့ရတာဖြစ်သော်လည်း လက်ထပ်ဖို့အထိတော့ ဘယ် တုန်းကမှ မစဉ်းစားခဲ့ချေ။ ဒါကြောင့် သူမသည် သူ့အား ရင်နာစွာနှင့်ပင် ငြင်းဆန်ရတော့လေသည်။

“နန္ဒာ... မောင့်ကို လက်မထပ်နိုင်ဘူး မောင်”

သူမစကားအဆုံးတွင် သူသည်မျှော်လင့် မထားသော စကားကိုကြားလိုက်ရသူတို့၏ ထုံးစံအတိုင်း အကြီးအကျယ် အံ့အားသင့် သွားပုံရကာ သူမ၏ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ပြီး မေးလာ ခဲ့လေသည်။

“ဘယ်လို... နန္ဒာ၊ ဘယ်လို ပြောလိုက်တယ်”

“ဟုတ်တယ်၊ နန္ဒာ... မောင့်ကို လက်မထပ်နိုင်ဘူး”

“ဘာလို့လဲ၊ ဘာကြောင့်လဲ”

“နန္ဒာက နာမည်ပျက်နေတဲ့ မိန်းမတစ်ယောက်လေ”

“ဒါတွေက တကယ်မှ မဟုတ်တာ၊ ဟုတ်နေလည်း ပြဿနာမရှိဘူး၊ မောင်ချစ်တာ နန္ဒာ့ကိုချစ်တာ၊ ကျန်တာတွေ အရေးမကြီး ဘူး၊ ပတ်ဝန်းကျင်ကိုလည်း မောင်ဂရုမစိုက်ဘူး”

“နန္ဒာက ပိုပြီးတော့တောင် ဂရုမစိုက်သေးတယ်မောင်။ ဒါပေမယ့် မောင်နဲ့ ပတ်သက်လာရင်တော့ မောင့်အတွက် ပတ်ဝန်းကျင် ဆိုတာကို နန္ဒာထည့်တွက်ရလိမ့်မယ်၊ နန္ဒာဘယ်လောက် ဖြူစင်နေပါစေ၊ ပတ်ဝန်းကျင်ရဲ့အမြင်မှာ နန္ဒာဟာပျက်စီးနေတဲ့ မိန်းမတစ် ယောက်ပဲမောင်၊ ဒီလိုအချိန်မှာသာ နန္ဒာ. မောင်နဲ့ လက်ထပ်လိုက်ရင် မောင့်ရဲ့ဂုဏ်သိက္ခာ၊ မောင့်မိဘအသိုင်းအ၀ိုင်းရဲ့ ဂုဏ်သိက္ခာ၊ အားလုံးက ရစရာမရှိအောင် စုတ်ပြတ်သတ်သွားမှာ သေချာတယ်”

“နန္ဒာ... မောင့်ကို မချစ်ဘူးလား၊ ဟင်”

“သိပ်ချစ်လို့ အခုလိုဆုံးဖြတ်ရတာပါ မောင်၊ နန္ဒာ မောင့်ကိုမချစ်ဘဲမနေနိုင်လို့ ချစ်ခဲ့တယ်၊ ဒါပေမယ့် လက်ထပ်ရလောက် အောင်တော့ မမိုက်မဲသေးဘူး၊ ဒါဟာလည်း မောင့်အတွက်ပါပဲ”

သူက မည်မျှပင်တောင်းပန်စေကာမူ သူမက ခေါင်းကိုသာ တွင်တွင်ခါရမ်းရင်း ကျောခိုင်းထားခဲ့လိုက်ပါသည်။ ဤကဲ့သို့ သူမ နှလုံးသားကို အကြေမွခံကာ ဆုံးဖြတ်ရသည်မှာ သူသည် သူမ၏ပန်းပုရုပ်လေးဖြစ်သောကြောင့် ဖြစ်ပါသည်။ သူမတန်ဖိုးထားသော ပန်းပု ရုပ်လေးအား ရုပ်ဆိုးအကျည်းတန်စေမည့် ဒဏ်ရာဒဏ်ချက်များ မပေးလိုသည်မှာ ပန်းပုဆရာနှင့်တူသော သူမ၏ စိတ်ဓာတ်ကြောင့်ပင် ဖြစ်ပါသည်။

သူသည် သူမနှင့်လမ်းခွဲပြီးနောက်တွင် အသည်းကွဲဝေဒနာကို အလူးအလဲခံစားခဲ့ရလေသည်။ သူ့ဘက်က မည်သို့ပင်တွေ့ဆုံခွင့် တောင်းစေကာမူ သူမကတွေ့ခွင့်မပေးခဲ့ချေ။ ဒီလိုပုံနဲ့တော့ ဇာတ်လမ်းကို သူအဆုံးမသတ်လိုပေ။ သူမကို ဒီလိုပုံစံနဲ့တော့ သူမထားခဲ့ ရက်ချေ။ ထို့ကြောင့် သူသည်သူမအတွက် တစ်ခုခုတော့ လုပ်ပေးခဲ့ချင်ပါသည်။ ဘာလုပ်ပေးရမည်ဆိုသည်ကိုလည်း သူအပြင်းအထန် စဉ်းစားခဲ့ရသည်။

ထိုအဖြေကိုရသော နေ့မှာတော့ သူသည် သူမအား “ဒီတစ်ခါ နောက်ဆုံးအနေနဲ့ တွေ့ဆုံခွင့်တောင်းခြင်းပါ”ဟုဆိုကာ တွေ့ ခွင့်တောင်း ဆိုလိုက်လေသည်။ ထိုအခါမှသာ သူမက သူ့ အားတွေ့ဆုံခွင့်ပေးခဲ့တာ ဖြစ်ပါသည်။

“မောင်... နန္ဒာ့ဆီက လက်ထပ်ခွင့်ကို မတောင်းဆိုတော့ပါဘူး”

ထိုစကားပြောလိုက်ရသောအချိန်တွင် သူမကတော့ မည်သည့်အတိုင်းအတာအထိ ခံစားသွားရမည်ကို မသိသော်လည်း သူက တော့ ရင်ဘတ်ထဲရှိ ကလီစာတွေအားလုံး တစ်ခုမကျန် ဆွဲထုတ်ခံလိုက်ရသလို ဟာဆင်းသွားခဲ့ရလေသည်။

“ဒါပေမယ့် မောင့်ရဲ့တောင်းဆိုမှုတစ်ခုကိုတော့ နန္ဒာလိုက်လျောရမယ်၊ နန္ဒာ့ကို စားသောက်ဆိုင်မှာ သီချင်းဆိုတဲ့အလုပ် ဆက် မလုပ်စေချင်ဘူး၊ ဒီဘ၀ထဲမှာ ဒီလိုပုံစံမျိုးနဲ့တော့ နန္ဒာ့ကို မောင်မထားခဲ့နိုင်ဘူး။ အဲဒီအတွက် နန္ဒာရှော့ပင်းစင်တာတစ်ခုခုမှာ ဆိုင်လေး တစ်ဆိုင်ဖွင့်ပါ။ လိုအပ်တဲ့ငွေကြေးအရင်းအနှီးကို မောင်စိုက်ထုတ်ပေးပါရစေ”

သူ့တောင်းဆိုမှုကို သူမက ခါးခါးသီးသီး ပင်ငြင်းဆန်လေသည်။ သူမ၏မာနနှင့် သိက္ခာတရားကိုသိထားသောသူက သူမထိုသို့ ငြင်းလိမ့်မည်ကိုလည်း ကြိုတွက်ထားပြီးသားဖြစ်သည်။ သူက သူမအားစိတ်သန့်လိုပါက နောင်တစ်ချိန်ပြေလည်သွားမှ မိမိစိုက်ထုတ်ပေး ထားသော ငွေကြေးကို ပြန်ဆပ်ဟုဆိုမှပင် သူမက လက်မခံချင်ဘဲ လက်ခံခဲ့တာ ဖြစ်လေသည်။

ဒီလိုနှင့် သူမသည် သူမ၏စားသောက်ဆိုင်တွင် သီချင်းဆိုသော အလုပ်မှထွက်ကာ ရှော့ပင်းစင်တာတစ်ခု၌ ဖက်ရှင်ဆိုင်တစ် ဆိုင်ကို ဖွင့်ဖြစ်သွားလေသည်။

သူကတော့ သူမြတ်နိုးတန်ဖိုးထားသော ပန်းပုရုပ်လေး၏ လူတကာနှာခေါင်းရှုံ့ချင်သော အပြစ်အနာအဆာတစ်ခုကို ဖယ်ရှား ပေးလိုက်နိုင်သောကြောင့် ကြည်နူးနေခဲ့ပါတော့သည်။

ဒီလိုနှင့် သူမနှင့်သူသည် တစ်ယောက်၏ တန်ဖိုးကို တစ်ယောက်မြှင့်တင်ပေးကာ လမ်းခွဲခဲ့ပြီးနောက်တွင် အဝေးချစ်များဖြင့်သာ တင်းတိမ်ရောင့်ရဲရင်း ဘ၀ခရီးကို ဆက်လက်ချီတက်ခဲ့ကြ လေသည်။

လူတိုင်းလူတိုင်းသည် တစ်ချိန်ချိန်၌ စစ်မှန်သော ချစ်ခြင်းဖြင့် အသည်းနင့်အောင်ချစ်ရသော ချစ်သူတစ်ယောက်တော့ ပိုင်ဆိုင် ခွင့်ရကြပါလမ့်မည်။ ထိုအခါသူတို့သည် ပန်းပုဆရာများ ဖြစ်သွားကြလျက် သူတို့နှင့်သက်ဆိုင်သော ချစ်သူများသည် သူတို့၏ မူပိုင်ပန်းပု ဆရာမဆို မိမိထုဆစ်လိုက်သော ပန်းပုရုပ်လေးအား အပြစ်အနာအဆာကင်း၍ လှပသောအဆင်းကိုသာ ပိုင်ဆိုင်စေ့ချင်တာ ဓမ္မတာပင် မဟုတ်ပါလား။