ကျွန်တော်နှင့် နတ်မိမယ်များ

(က)
    လူတိုင်းရဲ့ ဘ၀အစမှာ အချစ်ရဲ့အစဟာ စိတ်ဝင်စားဖွယ် အကောင်းဆုံးနဲ့ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးပဲ...။ ကျွန်တော်အချစ်ကို စတင်တွေ့ရှိတော့ ကျွန်တော့်ရဲ့အသက်ဟာ ဆယ်ခြောက်နှစ်ပါ။ တကယ့်ကို လူလားမြောက်စအရွယ်။ အရာ ရာတိုင်းဟာ အသစ်အဆန်းနဲ့ ရင်ခုန်စိတ်လှုပ်ရှား စရာချည်းပါပဲ။


    ကျွန်တော့်ရဲ့ အချစ်ဦးမိန်းကလေးကို ရှာဖွေတွေ့ရှိပုံက ရိုးရိုးကလေးပါပဲ။ ကျွန်တော့်ညီမတွေရဲ့ သူငယ်ချင်းမို့ ညီမတွေဆီလာရင်း ငြိတွယ်သွားခဲ့ကြတာပါ။ ကျွန်တော့်ရဲ့ ပထမဆုံးအချစ်ဆိုတော့ ကျွန်တော်သူ့ကို တကယ်ချစ်ခဲ့တာပါ။
    ပထမဆုံး အတွေ့အကြုံလေးတစ်ခု ကျွန်တော်ပြောပြမယ်။ အဲဒါက သူနဲ့ ကျွန်တော် ပထမဆုံး သမီးရည်းစားဘ၀နဲ့ စချိန်းတွေ့တဲ့ နေ့ကလေးပေါ့။ ကျွန်တော်လေသူ့ရဲ့လက်ကလေးကို ကိုင်ချင်တာဗျာ။ ကိုင်ဖို့ ကြိုးစားတဲ့ စွန့်စားခန်းပေါ့။ အဲဒီအချိန်ဟာ ကမ္ဘာပေါ်မှာ အလေးလံဆုံးအရာတွေဟာ ကျွန်တော့်ရဲ့လက်တွေပဲ ဖြစ်လိမ့်မယ်။ လက်ကလေးမြှောက်ပြီး ရွှေ့သွားဖို့ သူမရဲ့လက်ကလေးဆီ ဖြတ်သန်းရောက်ရှိဖို့ကိစ္စဟာ... ကျွန်တော့်အတွက် သိပ်ကိုလေးလံတဲ့ အရာကြီးတစ်ခုကို မရတော့မဲ့အတိုင်းပဲ။
    ကျွန်တော့်လက်တွေ လေးလံနေသလောက် သူမရဲ့ လက်တွေကတော့ ဂနာကို မငြိမ်ခဲ့ဘူး။ လက်ကို ဆုပ်ချည်ဖြန့်ချည် လုပ်လိုက်လက်ထဲမှာ ပစ္စည်းလေးတစ်ခု (ဘာမှန်းတော့ ကျွန်တော်သေချာမမှတ်မိဘူး) ကို ဆော့ကစားလိုက်နဲ့ ယောက်ယက်ခတ် နေခဲ့တာလေ...။ နောက်ဆုံးတော့ ကျွန်တော်သူမရဲ့ လက်ကလေးကို အရဲစွန့်ပြီး အောင်မြင်စွာကိုင် တွယ်လိုက်နိုင်တာပါပဲ။
    တကယ်တော့ “အစ”ပဲဗျ။ စလိုက်ပြီးရင် နောက်ပိုင်းတော့ သိပ်မထူးဆန်းတော့ပါဘူး။ ကျွန်တော်ပြောချင်တာက ကျွန်တော်သူ့ကို သိပ်ချစ်ခဲ့တယ်။

(ခ)
    ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ချစ်သူသက်တမ်းဟာ သိပ်မကြာရှည်ခဲ့ဘူး။ အဓိက ပြဿနာကတော့ သူမရဲ့ အဖေကြောင့်ပါ။ သူမရဲ့အဖေက လူရှုပ်လူပွေတစ်ယောက်ဖြစ်ပြီး မိန်းကလေးတွေ ထည်လဲတွဲပါတယ်။ သမီးချင်း မစာနာတတ်တဲ့ သူမရဲ့အဖေအကြောင်း ကျွန်တော်သိလိုက်ရချိန်မှာ ဘာမှမဆိုင်တဲ့ သူမကို ဘာဖြစ်လို့မှန်းမသိ ကျွန်တော် မကြည်ဖြူချင်တော့ဘူး။ ဒီကြားထဲ ကျွန်တော့်သူငယ်ချင်းတွေက ကျွန်တော့်ကို မြှောက်ထိုးပင့်ကော်တွေ၊ အတို့အထောင်တွေ လုပ်ကြပါလေရော။
    “အဖေက အကျင့်မှမကောင်းတာ... သူ့ သမီးလည်း အကျင့်ကောင်းမှာ မဟုတ်ဘူး၊ မင်း အဲဒီ့ကောင်မလေးနဲ့ ဆက်တွဲမနေနဲ့ ဖြတ်ပစ်လိုက်၊ ကြာရင် မလွယ်ဘူး...”
    ဘာညာနဲ့ပေါ့။ ကျွန်တော်လည်း သူမရဲ့အဖေကို တော်တော်ချဉ်ပါတယ်။ မကြာခဏဆိုသလို ကောင်မလေးတွေနဲ့ တွဲတွဲပြီး တွေ့နေရတာကိုး။ ကျွန်တော် သူမကို သိပ်ချစ်ပေမဲ့ ကျွန်တော်သူမကို ယူပြီးတဲ့အခါ ကျွန်တော်အမျိုးတော်ရမဲ့ ယောက္ခမ ထီးက အကျင့်မကောင်းတဲ့ လူရှုပ်လူပွေဆိုရင် ကျွန်တော်ဘယ်လိုမှ လေးစားလို့ရမှာ မဟုတ်ဘူး။ ကျွန်တော်သိတယ်။
    ဒီတော့ ကျွန်တော် ရင်နာနာနဲ့ပဲ ဆုံးဖြတ်လိုက် ပါတယ်။ ကျွန်တော် လက်မထပ်နိုင်တဲ့ မိန်းကလေးတစ်ယောက်ကို သူ့ဂုဏ်သိက္ခာကျဆင်းအောင်၊ နာမည်ပျက်သွားအောင် ကျွန်တော်ဆက်မတွဲချင်တော့ဘူးလေ။
    ကျွန်တော့်အချစ်ဦးကို ကျွန်တော်ကပဲစပြီး အဆက်ဖြတ်ပစ်လိုက်တာပါ။ ခံစားရတယ်ဗျာ။ ကျွန်တော် တော်တော်ကို အသည်းကွဲတာ။ ဘယ်လိုမှကို နေလို့မရအောင်ပဲ။ အကြိမ်ကြိမ်ပဲ သူမကို ပြန်ဆက်သွယ်ဖို့ ကြိုးစားခဲ့မိပါသေးတယ်...။ အဲဒီ အချိန်ဟာ ကျွန်တော့်စိတ်တွေ အလေဆုံးပဲဗျ။

(ဂ)
    ကျွန်တော့်ရဲ့ ဒုတိယနတ်မိနယ်ကလေးကို တွေ့ချိန်ဟာ အချစ်ဦးအတွက် စိတ်အရမ်းလေနေတဲ့အချိန်ပေါ့။ ကျွန်တော့်ဘေးမှာ အစားထိုးစရာ ရည်းစားတစ်ယောက်တော့ ရှိနေမှဖြစ်မယ်လို့ ကျွန်တော်တွေးပါတယ်။ ဒါမှ ကျွန်တော့်အချစ်ဦး ကောင်မလေးကို မေ့နိုင်မှာ။ သူနဲ့ ပြန်မဆက်သွယ် မိမှာလေ။
    ကောင်မလေးက တော်တော်လှတယ်ဗျ။ လက်ဖက်ရည်မှာ ထိုင်နေရင်း သူဖြတ်သွားတာတွေ့တော့ တော်တော်မိုက်တယ်။ ဒီကောင်မလေး မဆိုးဘူးဆိုပြီး ကျွန်တော်လိုက်စကားပြောရာကနေ ဇာတ်လမ်းစတာပါ။ ကောင်မလေးက တော်တော် ရဲတင်ပွင့်လင်းတယ်ဗျ။ မူတာတွေ၊ ဘာတွေ၊ အထာကိုင်တာတွေ ဘာတွေလည်း မရှိဘူး။ ကျွန် တော့်ကို စကားပြန်ပြောတယ်။ သူ ဘယ်မှာနေတာ၊
ဘယ်မှာ အလုပ်လုပ်တာပါ အကုန်ပြောတယ်။
    လွယ်တော့လည်း လိုက်မိတာပေါ့ဗျာ။ ရှင်း ရှင်းကလေးပဲ။ ခင်သွားကြပြီး ဘာမှမကြာခင်မှာ ကျွန်တော်သူ့ကို ရည်းစားစကားပြောပစ်လိုက် တယ်။ သူက အေးဆေးပဲ။ ကျွန်တော့်ကို အဖြေ ပေးမယ်တဲ့။ တစ်နေရာကို ချိန်းတယ်။
    ကောင်းပြီပေါ့။ ကျွန်တော်ချိန်းတဲ့နေရာက လေးဆီ သွားတယ်။ အံ့သြစရာကောင်းတာက ကျွန်တော် လုံးဝရင်တွေဘာတွေ မခုန်ဘူးဗျာ။ အချစ်ဦးတုန်းကလို စိတ်လှုပ်ရှားတာတွေ ဘာ တွေလည်း မရှိဘူး။ သူက ကျွန်တော့်ကို...
    “ယူ့မျက်လုံးတွေ မှိတ်ထား... ပြီးတော့ လက် ဖြန့်ထား”တဲ့။ ကျွန်တော်လည်း သူပြောတဲ့အတိုင်း ပဲ လုပ်ပါတယ်။ ရင်ကတော့ တစ်စက်ကလေးမှ မခုန်ဘူးဗျ။ သူက ကျွန်တော့်ရဲ့လက်ဖ၀ါးမှာ "I Love You" လို့ရေးလိုက်တယ်။ အဲဒီအချိန်မှာ ကျွန်တော် လုံးဝငြိမ်ဆင်းသွားတာပဲ။ အဲဒါမှ ဒုက္ခ ဗျ။ ကျွန်တော် သူ့ကိုမချစ်ဘူးဆိုတာ အဲဒီ့အချိန်မှာ သိလိုက်တာကိုး။ လွဲပြီဗျာ။ ကျွန်တော် မချစ်တဲ့ မိန်းမတစ်ယောက်ကို... ကျွန်တော် ချစ်သူအဖြစ်နဲ့ ဆက်တွဲနေရင် သူပဲ နစ်နာမှာပေါ့ဗျာနော်။
    သူက ကျွန်တော် ငြိမ်သက်သွားတာကို သိတယ်။


    “ယူ့ကြည့်ရတာ တို့အဖြေကို သိရလို့ ၀မ်းသာပုံလည်း မရှိပါလား... တက်တက်ကြွကြွလည်း မရှိဘူး။ အဲဒါ ဘာဖြစ်တာလဲ”လို့ ခပ်ဆတ်ဆတ် မေးတယ်။ ကျွန်တော် ငိုချင်သွားတယ်ဗျာ။ ဘာလုပ်ရမှန်း မသိဘူး။ ခုအချိန်မှာ ကျွန်တော် အလုပ် ချင်ဆုံးက ဘာလဲဆိုရင် အသားကုန်ထွက်ပြေးချင် တာပဲ။

    “မင်း သရဲကား ကြည့်ဖူးလား...”
    “အင်း... ကြည့်ဖူးတယ်၊ ဘာဆိုင်လို့လဲ”
    “ဆိုင်တာပေါ့... ပထမအကြိမ်ကြည့်ချိန်မှာ မင်းစိတ်တွေ သိပ်လှုပ်ရှားပြီး မကြောက်ဘူးလား”
    “အင်း... ကြောက်တယ်”
    “အဲဒီ သရဲကားကိုပဲ ဒုတိယအကြိမ် ပြန် ကြည့်ရင် မင်းစိတ်လှုပ်ရှားပါဦးမလား...”
    “ဟင့်အင်း... ထုံသွားပြီပေါ့”
    “အေး... ကိုယ်လည်း အဲဒီလို ဖြစ်သွား တာ”
    “ဘာပြောတယ်... ယူက တို့အဖြေကို ထုံ သွားတယ်ဆိုတဲ့ သဘောလား”
    သူမက ဒေါသထွက်သွားဟန်နဲ့ စိတ်ဆိုးမာန်ဆိုးမေးတဲ့အခါ ကျွန်တော် ငြိမ်သက်နေလိုက်တယ်။ ဟုတ်တယ်လို့ ကျွန်တော်ဖြေလိုက်ရင် သူ ကျွန်တော့်ကို သတ်မှာပေါ့။
    “ယူ တော်တော်လူပါးဝပါလား... တို့ကို ဘယ်လိုမိန်းမစားမှတ်နေလဲ... တို့ကို သက်သက်ချိုးတာလား...”
    သူမက ဒေါသတကြီးအော်ပြီး ဆောင့်ဆောင့် အောင့်အောင့်နဲ့ ထွက်သွားပါလေရော...။ ခုအချိန်မှာ ကျွန်တော်လိုက်ချော့ရင် သူနဲ့ကျွန်တော်အေးအေးလူလူပဲ ချစ်သူဘ၀ရောက်သွားမှာပဲ...။ ဒါပေမဲ့ ကျွန်တော်သူ့ကို မထိခိုက်စေချင်ဘူး။
    အဲဒီတော့ ကျွန်တော်ဘာလုပ်တယ်မှတ်သ လဲ။ သူမနောက်ကို ဆက်လိုက်မသွားဘဲ တစ်ဖက်မှာမြင်နေရတဲ့ လမ်းကြားကလေးထဲကို ကျွန်တော် တအားကုန်ပြေးတာခင်ဗျ။ လမ်းကြားကလေးထဲ ကျွန်တော်ထွက်ပြေးလိမ့်မယ်လို့ သူကတော့ ဘယ် ထင်ပါ့မလဲ။ ဖျတ်ခနဲ သူနောက်ပြန်လှည့်ကြည့် တဲ့အချိန်မှာ ရှင်းရှင်းကြီးဖြစ်နေတဲ့လမ်းမဟာ လာဟင်းလင်းကြီးကို မြင်ရပြီး ကျွန်တော်ဘယ် ပျောက်သွားပါလိမ့်လို့ သူမအံ့သြမှာ အမှန်ပဲ။ ကျွန်တော် အတောင်ပံတွ ဘာတွေနဲ့ပဲ ပျံတက်သွား သလား။ ကိုယ်ယောင်ပဲ ဖျောက်သွားသလား နားမလည်နိုင်ဖြစ်မှာပဲ။
    ဒါပေမဲ့ အဲဒီအချိန်ကစပြီး သူမရဲ့အမုန်းဆုံးလူဟာ ကျွန်တော်ဖြစ်သွားပါတော့တယ်။
    ကျွန်တော်လည်း သင်ခန်းစာရသွားပါတယ်။ နောက်ဆို မိန်းကလေးတစ်ယောက်ကို တကယ်မချစ်ဘဲ မလိုက်ဖို့ပေါ့။

(ဃ)
    ကျွန်တော့်ရဲ့ တတိယနတ်မိမယ်ကတော့ တကယ့်ကို ရိုးရိုးသားသား အေးအေးဆေးဆေး ကလေးနဲ့ သိပ်လှပြီး အပြစ်ကင်းစင်တဲ့ ဣနြေ္ဒရှင် ကလေးပေါ့။ သူကလေးကိုတော့ ကျွန်တော် တ ကယ်ချစ်မိသွားတယ် ထင်ပါရဲ့။ ဘာအပြစ်မှ ဆို စရာမရှိသူကလေးမို့လည်း ကျွန်တော်ချစ်ခဲ့တာပါ။ သူ့ကိုပဲ ကျွန်တော် လက်ထပ်တော့မယ်လို့လည်း ဆုံးဖြတ်ထားခဲ့ပါတယ်။
    ဇာတ်လမ်းက... ကျွန်တော်တို့ချစ်သူတွေ ဖြစ်သွားပြီးမှ စတာခင်ဗျ။ တစ်ယောက်အကြောင်း တစ်ယောက်သိဖို့ ဆိုတာကလည်း ချစ်သူတွေ ဖြစ် သွားမှပဲ သိရတာကိုး။ သူ့ရဲ့ ချို့ယွင်းချက်က ကပ် စေးနှဲလွန်းခြင်းနဲ့ အရာရာမှာ စေ့စပ်သေချာ၊ စည်း စနစ်ကျလွန်းခြင်းပါပဲ။
    ဥပမာ ကျောင်းကိုလာရင် ခြင်းတောင်းက လေးထဲမှာ ထမင်းဘူး၊ ရေဘူး၊ ကော်ဖီ၊ မုန့် အ ကုန်ပါတယ်ဗျာ။ ကန်တင်းမှာ ဘယ်တော့မှ မုန့် ၀ယ်စားလေ့မရှိဘူး။ မုန့်ဖိုးတစ်နေ့မှာ နှစ်ရာပဲရ သတဲ့။ ချစ်သူတို့ဘာဝ ရုပ်ရှင်တွေ ဘာတွေကြည့် မယ်ဆိုလည်း သူက ဟင့်အင်းပဲ။ ဘာဖြစ်လို့လဲဆို တော့ ပိုက်ဆံကုန်တယ်တဲ့။ ကျွန်တော်တို့ ချစ်သူ ဘ၀မှာ သွားဖြစ်တာဆိုလို့ တစ်နေရာပဲရှိတယ်။ အဲဒါကတော့ ဘုရားပဲ။ သူမရဲ့ ဘုရားသွားရခြင်း အကြောင်းရင်းက ပိုက်ဆံမကုန်လို့တဲ့။ ပြီးတော့ ကုသိုလ်ရသတဲ့။ ကျွန်တော် ပိုက်ဆံ အကုန်ခံမယ် ဆိုတော့လည်း မဟုတ်ပြန်ဘူး။ ကျွန်တော့်ပိုက်ဆံ လည်း ပိုက်ဆံပဲတဲ့။ ပိုက်ဆံကို စုဆောင်းချွေတာ ရမယ်တဲ့။ ကျွန်တော်က လက်ကခပ်ဖွာဖွာဆိုတော့ စိတ်ပျက်စရာပေါ့ဗျာ။ ဒီ့ထက်ဆိုးတာက သူမဟာ သူမအဖေဆီက သံပရာပင်တစ်ပင် အမွေရထား သတဲ့။ အဲဒီ သံပရာပင်က အသီးတော်တော်သီးပြီး အဲဒီသံပရာသီးတွေ ရောင်းရတဲ့ငွေကို စုထားပါသ တဲ့။ တစ်နေ့ တစ်နေ့သူနဲ့တွေ့ရင် ချစ်စကားကြိုက် စကားမပြောရဘူးဗျာ။ သူ့ သံပရာပင်က ဒီနေ့ ဘယ် နှလုံးသီးတာရယ်၊ သံပရာသီးရောင်းရငွေ ဘယ်လောက်ရတာရယ်... အဲဒါပဲ သူပြောတတ် တယ်။ ကြာတော့ ကျွန်တော် စိတ်ပျက်လာရော။


    ဒါပေမဲ့ သူ့ကို ဘယ်လိုဖြတ်ရမလဲ။ ဘာ အ ပြစ်မှမရှိတဲ့ မိန်းကလေးတစ်ယောက်ကို အသား လွတ်ကြီး ထ,ပြဿနာရှာ ကောက်ဖြတ်လိုက်ရင် လည်း ကျွန်တော်ပဲ ရိုင်းရာကျမယ်လေ။
    တစ်ရက်မှာ အံ့သြစရာကောင်းတဲ့ အဖြစ် အပျက်တစ်ခု ဖြစ်တယ်ဗျာ။ သူတို့ တစ်မိသားစုလုံး ဆေးရုံတက်ရတာ။ သတင်းကြားတာနဲ့ ကျွန်တော် လည်း ဆေးရုံပြေး သတင်းမေးရတာပေါ့။ ကြုံဖူး ပေါင်ဗျာ... တစ်မိသားစုလုံး ဆေးရုံတက်ရတယ် ဆိုတဲ့ အဖြစ်ဟာ...။
    “ဘာဖြစ်လို့လဲ”လို့ ကျွန်တော်က စိုးရိမ်တ ကြီးမေးတော့ သူမက ထုံးစံအတိုင်း အေးအေးက လေးပဲ အဖြေပေးပုံက...
    “အစာ အဆိပ်သင့်တာ (Food Posion) ဖြစ်တာ”တဲ့လေ။
    “ဘာတွေ စားမိလို့တုန်း...”
    “မှိုဟင်းချက်စားမိတာ...”
    “မှို... သူများတွေလည်း မှိုချက်စားကြတာ ပဲ... ဘာမှိုစားမိလို့လဲ ကောက်ရိုးမှိုလား”
    “ဟင့်အင်း... ခြံထဲမှာ အလေ့ကျပေါက်နေ တဲ့ မှိုပွင့်ကြီးတွေ အများကြီးပဲပေါက်နေတာနဲ့ ချက်
စားမိတာ”
    “ဟိုက်... ဘုရား”
    ခြံထဲက အလေ့ကျမှိုတောင် ချက်စားတဲ့ မိသားစု။ သေတာတောင် နည်းသေးတယ်ဟလို့ ကျွန်တော် အမြင်တော်တော်ကတ်သွားပါတယ်။ အဲ
ဒီလောက်တောင် ကပ်စေးနှဲရသလားဗျာ။ မတော် တဆ ကျွန်တော်နဲ့သူ ယူမိရင် ကျွန်တော့်ကိုပါ အဲ
ဒီလို အလေ့ကျမှိုတွေ ချက်ကျွေးလို့ ဆေးရုံတက်ရ
ရင် ကျွန်တော့်ဘ၀က မတွေးရက်စရာ။
    အဲဒီအချက်တစ်ချက်တည်းနဲ့တင် တော်
တော် လုံလောက်စွာနဲ့ ကျွန်တော် သူ့ကို အဆက် ဖြတ်ပစ်ခဲ့ပါတယ်။ ကျွန်တော် မှားသလားဗျာ... လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိကြတာမှန်ပေ မဲ့ သူ့ရဲ့အားနည်းချက်ကြီးကိုတော့ ကျွန်တော် တစ် သက်လုံး သည်းသည်းခံနိုင်မှာ မဟုတ်ဘူးလေ။
    တော်ပါပြီ။ အဲဒီ့အချိန်ကစပြီး ကျွန်တော် ဘယ်နတ်မိမယ်မှလည်း ထပ်မရှာဖြစ်တော့ပါဘူး။
    လူတွေကို ကျွန်တော့်ကို ရည်းစားများတဲ့ င ပွေ၊ ငရှုပ်ကလေးလို့ သတ်မှတ်ကြတယ်။ ရည်း စားတွေကို ကျွန်တော်ကချည်း ထား,ထားပစ်ခဲ့ တယ်လို့ အပြစ်ဖွဲ့ကြတယ်။ ကျွန်တော် ဘာကြောင့် ထားပစ်ခဲ့ရသလဲဆိုတာ သူတို့မသိကြဘူး။ သိစရာ လည်း မလိုအပ်ဘူးလေ။ ကျွန်တော်နဲ့သာ သက် ဆိုင်တာပါ။
    တစ်ခါတလေတော့လည်း တစ်ယောက် တည်းနေရတာ တော်တော်ငြိမ်းတယ်ဗျ။