Primary tabs

ဆက်သွယ်မှုဧရိယာပြင်ပကချစ်သူမဖြစ်ဖို့ (၅) ချက်

"သင်ဘယ်လောက်ငြိမ်းချမ်းသာယာပျော်ရွှင်သလဲဆိုတာ သင့်စိတ်ကိုယ်သင် ဘယ်လောက်အတိုင်းအတာထိ လွတ်မြောက် ခွင့်ပေးမလဲဆိုတဲ့ပေါ်မှာ မူတည်တယ်" ကြားဖူးနားဝစကားတစ်ခွန်းပေမဲ့ အဲဒီစကားမှာ အဓိပ္ပာယ်တွေဘယ်လောက်ပြည့်နှက်နေလဲဆို တာ ခံစား မိတဲ့သူနဲ့ပဲသက်ဆိုင်တယ်။ လူတော်တော်များများက ကိုယ့်စိတ်ကို ချုပ်တည်းထားတတ်ကြတယ်။ လွှတ်ပေးလိုက်ဖို့ကို ၀န်လေးတယ်။ လွှတ်ပေးလိုက်ရင် ငါဘာဖြစ်သွားမလဲဆိုတဲ့ အတ္တကြီးနဲ့ နေနေတဲ့လူတော်တော်များတယ်။ အချစ်တစ်ခုတည်းကို ရည်ညွှန်းတာ မဟုတ်ပါဘူး။ လူ့ဘ၀မှာ တွေ့ကြုံလာတဲ့ ကိစ္စရပ်တိုင်းမှာ သူ့နေရာနဲ့သူ အတိုးအလျော့ဆိုတာရှိတယ်။ ပိုဆိုးတာကတော့ ချစ်ခြင်း ၊ မုန်းခြင်းနေရာမှာပဲ။ လူတစ်ယောက်ကို အမှန်တကယ်ချစ်ပါရဲ့၊ ကိုယ့်ဘေးနားမှာ ရှိနေစေချင်ပါရဲ့နဲ့ မုန်းစကားတွေဆိုမိတယ်။ မလိုလားအပ်တဲ့ တွက်ချက်မှုတွေ လုပ်မိတယ်။ ပတ်ဝန်းကျင်ကဘယ်လို မြင်မလဲဆိုတဲ့ မဖြစ်လာခင်က ကြိုစိုးရိမ်မှုတွေရှိလာရင် နီးဖို့ လုံးဝမဖြစ်နိုင်သလို။ အနီးရဲ့ဆန့်ကျင်ဘက်အဝေး၊ အချစ်ရဲ့ဆန့်ကျင်ဘက် အမုန်းဖြစ်သွားလိမ့်မယ်။

လူနှစ်ယောက်ကြားက ဆက်ဆံရေးကို ရေရှည်ထိထိန်းသိမ်းစောင့်ရှောက်ဖို့ နှစ်ယောက်လုံးမှာတာဝန်ရှိသလို။ ကိုယ်စီက ဆွဲကိုင်ထားတဲ့ အတ္တလေးတွေကို ဖြေလျော့ပေးမယ်ဆို နှစ်ဦးပိုပျော်ရွှင်လာလိမ့်မယ်။ တကယ့်စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရလိမ့်မယ်။ သူ့ ဘက်ကိုယ့်ဘက် နှစ်ဖက်မျှစေဖို့ ကိုယ်ကစပြီး စံပြလုပ်သင့်လုပ်ရမယ်။ တကယ်ချစ်ရိုးမှန်ရင် အနစ်နာခံတယ်ဆိုတာ ပီတိအဖြစ် ပြောင်းလဲသွားပါတယ်။ ဘေးစကားတွေဆိုတာ ကိုယ့်ရင်ထဲတကယ်ဝင်ခံစားပေးဖို့ရာ ၁၀၀ ရာခိုင်နှုန်းမစွမ်းသာပါဘူး။ ကိုယ့်ရဲ့ စွယ်တော် တစ်ခြမ်းကသာ လက်တွဲဖော်ပါ။ နှစ်ဦးသားအဆင်ပြေချင်တယ်ဆိုရင် သူ့ဘက်ကိုယ့်ဘက်၊ ဖြစ်နိုင်ချေရှိတဲ့အကြောင်းအရာတွေကို ချင့် ချိန်တွေးတော့ပြီး ရှေ့ဆက်ပါ။

စာနာထောက်ထားမှုကို လေ့ကျင့်ယူပါ

            နှစ်ယောက်ကြားက ချစ်ခြင်းပြီးဆုံးပြီလို့ထင်တဲ့အချိန်… သိပ်စိတ်ပျက်နေပြီလို့တွေးတဲ့အချိန်။ ဒီအချိန်မှာ ပြန်တွေးရမှာ တဖက် လူအကြောင်းမဟုတ်ဘူး။ ကိုယ့်အကြောင်းကိုယ်ပါ။ ငါသူ့အပေါ် ဘာအမှားတွေလုပ်ခဲ့ဖူးလဲ။ သူမသိအောင် ဘာတွေလုပ်ပစ်လိုက်တယ်။ သူကဒါဆို ငါက ဟိုဟာဘယ်နှစ်ခါလုပ်ခဲ့လဲ ဆိုတာစဉ်းစားကြည့်ပါ။ ပြန်လည်တည်ဆောက်ခြင်းရဲ့အစပေါ့။ ကိုယ့်အမှားတွေကို တွေးပြီး ဘယ်လောက်ထိ ခွင့်လွှတ်နိုင်မလဲ။ စာနာနိုင်မလဲဆိုတဲ့အဖြေကို စဉ်းစားကြည့်ပါ။

            စဉ်းစားလိုက်တိုင်းကောင်းတာကိုမရှိဘူး။ ကိုယ်ပဲနာကျင်ခဲ့ရတာကိုပြေးပြေးမြင်တယ် ဟုတ်လား။ လူဆိုတာဒီလိုပါပဲ စိတ်ဆိုးဒေါ သဖြစ်ရင် ဘာလုပ်လုပ်အကောင်းကိုမမြင်တတ်တာထုံးစံပဲလေ။ သင်မမှားပါဘူး။  ဒါဆို အတိတ်ကဖြစ်ရပ်တွေမှာ စိတ်တွေကိုရပ်မနေ စေနဲ့တော့။ ကိုယ့်ကိုယ်ကို ဆွဲထုတ်လိုက်ပါ။ လက်ရှိအခြေအနေကို အမြန်ရောက်အောင်သွားပါ။ လက်ရှိမှာ ပျော်စရာကောင်းတဲ့ အကြောင်းတွေကိုပဲ ရွေးစဉ်းစားပါ။ ပြီးတော့ သင့်အပေါ်ကောင်းတဲ့သူငယ်ချင်း မိတ်ဆွေတွေရဲ့ အကြံဥာဏ်ကောင်းတွေကို အသုံးချ ဖို့ကြိုးစားပါ။ ယုံကြည်ရသူကို ရင်ဖွင့်ပါ။  ကိုယ့်နှလုံးသားကို စာနာထောက်ထားပြီး နှလုံးသားအသစ်ပြန်လည်မွေးဖွားပါ။ အတိတ်ကို သင်ခန်းစာယူပါ။

 

ခွင့်လွှတ်ကြည့်ပါ

            ခုချိန်မှာ ငါအမှားကြီးမှားသွားပြီဆိုတဲ့အတွေးဝင်ပါ။တွေးပါ။ ဖြစ်သင့်ပါတယ်။ ဒီလိုတွေးမိပြီး ဆက်ပူဆွေးနေတာမျိုးတော့ မလုပ်နဲ့။ နာကျင်တာတွေရပ်တန့်အောင်တစ်ခုခုလုပ်ရမယ်။ ဒီလမ်းကမှားနေပြီဆိုရင် ဆက်မလျှောက်သင့်တော့ဘူး။ စိတ်တွေကို ပြန်ထိန်းချုပ်ရမယ်။ ငါဟာ အမှားတွေကို မှန်အောင်ကြိုးစားသင်ယူနိုင်စွမ်းတဲ့ လူသားတစ်ယောက်ဆိုတာ မမေ့သင့်ဘူး။ လူတိုင်းမှား ဖူးကြမှာပဲ။ သင်လည်းပဲ လူသားထဲက လူတစ်ယောက်ဖြစ်လို့ အမှားကျူးလွန်မိတာမဆန်းဘူး။ လွင့်နေတဲ့စိတ်တွေကိုထိန်းချုပ်ပြီး အနာ ဂတ်မှာ ပိုချစ်ဖို့ပြင်ပါ။ နံပါတ်တစ်အနေနဲ့ သင့်ကိုယ်သင်ခွင့်လွှတ်ပြီး စိတ်သစ်လူသစ် အဖြစ်နေပါ။ သင့်ချစ်သူကို ပျော်ရွှင်ငြိမ်းချမ်း အောင်လုပ်နိုင်တာ သင့်အပြင်တခြားသူမရှိဘူး။ အချစ်တွေသင့်ထံရောက်လာအောင် လုပ်နိုင်တာလည်း သင်ကိုယ်တိုင်အပြင်မရှိပါဘူး။ ကိုယ်တိုင်ခွင့်လွှတ်ခြင်း ရင်ခွင်တံခါးကိုဖွင့်ထားမှ အချစ်တွေပြန်ဝင်လာလို့ရမယ်ဆိုတာမမေ့ပါနဲ့။

တန်ဖိုးမရှိဘဲအချိန်တွေကုန်တယ်လို့မတွေးပါနဲ့

လက်ရှိအချိန်မှာ အချစ်ရေးကအခြေအနေမကောင်းဘူ။ နှစ်ယောက်ကြားကဆက်ဆံရေးက ဆိုးရွားနေတယ်။ ဒီလိုလူနဲ့ အချိန် တွေအကြာကြီး ဘာလို့များလက်တွဲလာမိပါလိမ့်လို့ တွေးမိလာရင်… ။ ဟုတ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သင်ဟာနုနုငယ် ငယ်လေး။ အရာရာကို ကိုယ့်စိတ်ရှိတိုင်းလုပ်ခဲ့ဖူးတယ်။ သူငယ်ချင်းတွေနဲ့ သွားမယ်ဆိုအဆင့်သင့်ပဲ။ အဲဒီလိုအခြေအနေကနေ ဘာလို့များခွဲထွက်လာမိပါလိမ့်လို့ ကောင်းကောင်းကြီးတွေးမိပါလိမ့်မယ်။

အတိတ်ကိုပြန်တမ်းတမိတဲ့အခါ သင့်အချစ်ကိုသင်ပြန်အပြစ်တင်မိလိမ့်မယ်။ သင်ရခဲ့တဲ့ ချစ်ခြင်းကိုလည်း တန်ဖိုးမထားဘဲ ရှိလိမ့်မယ်။ ဒါပေမဲ့ အဲဒီအချိန်အတောအတွင်း သင်ဟာ ကမ္ဘာမှာအပျော်ဆုံးဖြစ်ခဲ့ဖူးတာတွေ၊ သူ့ကြောင့် သူငယ်ချင်းတွေအလယ် ချစ်ခံ ရသူလေးအဖြစ် ဂုဏ်ယူခဲ့ဖူးတာတွေ ကုန်ကုန်ပြောရရင် ရည်းစားဟောင်းရှေ့မှာ သူ့အချစ်ကြောင့် ကျဆုံးသူမဖြစ်ခဲ့ဘူး။ ဒါကြောင့် သင့်ချစ်သူကို တကယ်ချစ်တယ်ဆိုရင် ပြန်လည်ပြုပြင်ပြောင်းလဲဖို့အခွင့်အရေးတွေ ၊ အချိန်တွေရှိပါသေးတယ်။ ငြိမ်းချမ်းရေးပြန်လည်ရ ယူပြီး ပျော်ရွှင်မှုတွေတဖန်မွေးဖွားကြည့်ပါ။

အဆိုးတွေသတိရသလို အကောင်းတွေလည်းသတိရပါ

လူတော်တော်များများရဲ့ ဦးနှောက်တွေဟာ ပြဿနာတွေနဲ့ကြုံပြီး စိတ်ညစ်လာတဲ့အခါ အဆိုးတွေကိုသာ တသသမြင်တတ်သ လို ချစ်မှုရေးရာမှာလည်း ပျော်ရွှင်ခဲ့ဖူးတာတွေ၊ ချစ်ရည်ရွှန်းလဲ့ဖူးတာတွေကို မေ့သွားတတ်တယ်။ မှတ်ဥာဏ်တွေရုတ်တရက် ပျောက်ဆုံး သွားတတ်တယ်။ ဒေါသစိတ်တွေနဲ့ လွှမ်းချုံသွားတဲ့ဦးနှောက်ဟာ ဒီလိုမျိုးဖြစ်တတ်ပါတယ်။ အချိန်တွေကြာပြီး စိတ်တွေဖြေလျော့သွားမှ နေရာင်ခြည်နဲ့ လှပတဲ့နှင်းဆီတွေကို ပြန်တမ်းတတတ်ကြတယ်။

ရှေ့ကထားခဲ့ဖူးတဲ့သူနဲ့ သင်ဒီလောက်ညှိနှိုင်းနေတဲ့ကြားက ကွဲကွာခဲ့ရတာ၊ သူဟာ လူကောင်းဖြစ်ပါရဲ့သားနဲ့ သင်လက်လွတ် ဆုံးရှုံးလိုက်ရတာ ဘာကြောင့်လို့ထင်ပါသလဲ။ အမှန်တကယ်တမ်းမှာတော့ သင်တို့နှစ်ယောက်လုံးမှာ တူညီတဲ့အားသာချက်နဲ့ အားနည်း ချက်တွေကိုယ်စီရှိလို့ မခံနိုင်တော့တဲ့အဆုံး အမှားမှားအယွင်းယွင်း ဆုံးဖြတ်မိခဲ့ကြတာပါပဲ။ လူတစ်ကိုယ်မှာ ကိုယ်စီအားအင်၊ အရည် အချင်းတွေဆိုတာရှိတယ်။ သူများနဲ့မတူတဲ့ အရည်အချင်းတွေကို မြင်အောင်ကြည့်ပါ။ သူကိုယ့်အပေါ်ဆိုးခဲ့တာကိုပဲ အပြစ်တင် နေမယ့်အစား ကောင်းဖူးတဲ့အချက်တွေနဲ့ ကုစားကြည့်ပါ။

ချစ်ခြင်းပြင်ပရောက်ရင်ပြန်ချိတ်ဆက်ပါ

လက်ရှိအချစ်ကနေ တစ်ကိုယ်တည်းဘ၀ကိုပြန်သွားရင် အရင်တစ်ယောက်တည်း နေခဲ့တဲ့ဘ၀အတိုင်း အလုံးစုံပြန်ရမှာလား။ ကံကြမ္မာက အလေးသာလို့ သင့်ချစ်သူနဲ့ရခဲ့ဖူးတဲ့ ပျော်ရွှင်မှုလေးတွေ ဆက်ပေးမယ်ဆို တော်ပါသေး။ တစ်ယောက်တည်း ဘာလုပ် ရမှန်းမသိ၊ ဘာကိုင်ရမှန်းမသိ ဖြစ်နေလား။ ဒါဆို သင့်ရင်ထဲက အမှတ်တရလူကလေးကို ပြန်သတိရလိုက်ပါ။ ပြန်ဆက်သွယ်ပြီး သူ့ ပေးလာမယ့် စိတ်ဝင်စားမှု၊ ဂရုစိုက်မှုလေးတွေကို ရယူကြည့်ပါ။

စိတ်ဆိုးစိတ်ကောက်နေရုံလောက်ဆိုရင်တော့ အချိန်အကြာကြီး ဆွဲမထားပါနဲ့။ ကြာရင် ပိုလွမ်းတတ်သူရှိသလို၊ ကြာရင်သွေး အေးသွားတတ်တယ်။ သင့်ချစ်သူမှာ ကိုယ်ပိုင်အရည်အချင်းတွေလည်း ရှိတယ်။ ချစ်စရာကောင်းကွက်လေးတွေလည်း ရှိတယ်။ သင့်ရဲ့ စိတ်အစဉ်ကလည်း သူ့ဆီမကြာခဏ ရောက်သွားတယ်ဆိုရင်တော့ အိုက်တင်သိပ်မခံနဲ့တော့။ ကမ္ဘာပေါ်မှာ မတူညီသောလူတွေများ ပါဘိနဲ့ မောင်နှမတွေတောင် သဘောထားမတိုက်ဆိုင်နိုင်တာ သင့်ချစ်သူနဲ့သင်က ယုံကြည်မှုတွေ၊ နားလည်မှုတွေ ထပ်တူကြဖူး တယ်ဆိုရင် ပြန်လက်တွဲလိုက်ပါ။ ညီမျှခြင်းတွေ သိပ်မချဘဲ၊ အချစ်ဧရိယာထဲပြန်ဝင်ပါလို့ အကြံပြုချင်တယ်။