Primary tabs

သဘာဝနဲ့ အနီးစပ်ဆုံးဖြစ်ချင်သူ

ဇွန်လအတွက် People Magazine ရဲ့ Handmade ဒီဇိုင်းနဲ့ Traditional ဆိုတဲ့ Theme လေးကို စိတ်ကူးပုံဖော်ဖို့အတွက် ဒီဇိုင်နာ ယုံးယုံး၊ Cover ရှင် အကယ်ဒမီ ပိုင်ဖြိုးသု၊ ဓာတ်ပုံ - အောင် ဇော်(Love Space)၊ မိတ်ကပ် - Shazz တို့ရဲ့ ပူး
ပေါင်းဖန်တီး ကြိုးစားအားထုတ်မှုတွေနဲ့အတူ ဝတ်စုံနဲ့လိုက်ဖက်မယ့် ရိုက်ကွင်းနေရာလေးကို စဉ်းစားလိုက်ကြတော့ ပဲခူး ၁ဝ မိုင်၊ ဘူးလယ်အင်း ကျေးရွာမှာရှိတဲ့ Bulaeinn Villas Resort လေး၊ ဒီလိုစိတ်ကူးလေးတွေ၊ ဒီလိုအလှပဆုံး ရိုက်ကူးပုံ
ဖော်မှုလေးတွေ၊ အလှပဆုံးဖက်ရှင်လေးတွေနဲ့ People ရဲ့ Cover စာမျက်နှာတွေဟာ အသက်ဝင်လာခဲ့ပါတယ်…

ဝတ်စုံလေးတွေအပေါ် ခံစားချက်
ဒီနေ့ဝတ်တဲ့မယုံးရဲ့ ဝတ်စုံလေးတွေက ချစ်ဖို့လည်းကောင်းတယ်။ Handmade Video လေးတွေထဲကလို တစ်ခုချင်းစီကိုချုပ်ပြီး တပ်ထားတဲ့ ပုံစံလေးတွေဆိုတော့ ဝတ်စုံ ၃ စုံလုံးကို အရမ်းကြိုက်တယ်။ ဇီးကွက်လေးနဲ့ ချုပ်ထားတဲ့ ဝတ်စုံလေးဆို သုသု အကြိုက်ဆုံးပဲ။

လတ်တလောအနုပညာလှုပ်ရှားမှု
လောလောဆယ်မှာ သူ့ထက်ကဲဆိုတဲ့ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်နေပါတယ်။ ဒါရိုက်တာက ကျော်ဇောလင်း၊ မင်းသားက ကိုညီထွဋ်ခေါင်၊ ဧည့်သည်သရုပ်ဆောင်တွေက ကိုလူမင်း၊ ကိုပြေတီဦး၊ ကိုနေတိုး၊ ကိုမင်းမော်ကွန်းနဲ့ မခိုင်သင်းကြည်တို့နဲ့ပါ။

အကယ်ဒမီရပြီးခံစားချက်
အကယ်ဒမီရသွားတဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ်ပိုပြီး တာဝန်ကြီးသွားတယ်လို့ ခံစားရတယ်။ ပရိသတ်အတွက် ပိုပြီးတာဝန်ကျေချင်တယ်။ ပိုပြီးသဘာဝနဲ့ နီးစပ်တဲ့သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်တယ်။ အပြင်ကလူတွေနဲ့ အနီးစပ်ဆုံး ကာရိုက်တာနဲ့ သရုပ်ဆောင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ချင်ပါတယ်။

ပရိသတ်နဲ့ထိတွေ့မှုအပိုင်း
Social Media မှာတော့ မန္တလေးက Fan တချို့နဲ့ ပြင်ဦးလွင်က Fan တချို့ပေါင်းပြီးတော့ We Love Paing Phyo Thu ဆိုပြီး Group လေးတစ်ခုလုပ်ထားတယ်။ အဲဒီအထဲမှာတော့ Fan တွေနဲ့ စကားပြောဖြစ်တယ်။ အလုပ်အားတဲ့အချိန်ဆိုရင် Messenger ကနေ စာပြန်ဖြစ်ပါတယ်။ Fan တွေက သုသုကို ဘယ်လိုဝတ်စုံမျိုးတွေနဲ့ဆို မလိုက်ဘူး၊ လိုက်တယ်၊ ဘယ်လို Makeup Look နဲ့ဆို မ လိုက်ဘူး၊ လိုက်တယ် ဆိုပြီး အကြံပေးကြတယ်။ သူတို့အကြံပေးထားတဲ့ Message လေးတွေကိုသေချာလိုက်ကြည့်ဖြစ်တယ်။ အဓိကက ပရိသတ်မျက်စိထဲမှာအဆင်ပြေဖို့ဆိုရင် သူတို့အမြင်က အရေးကြီးတယ်လေ။ အဲဒါကြောင့်ပဲ သူတို့ပြောတဲ့ Comment တွေကို သေချာမှတ်ပြီး အများစု မကြိုက်ဘူးပြောတဲ့အရာတွေကို မလုပ်ဘဲ ရှောင်လိုက်တယ်။ ဒါပေမဲ့ သုသုတို့ကျတော့လည်း အနုပညာရှင်ဆိုတော့ ဇာတ်ကားအရလုပ်ရတာတို့၊ ကာရိုက်တာအရတို့၊ Stylist က စီစဉ်ပေးတာတို့လိုမျိုး မလွှဲသာမရှောင်သာကလွဲရင် နောက်မလုပ်တော့ဘူး။

အလှထက် သဘာဝကို ဦးစားပေးသူ
အလှပြင်ရတာထက်စာရင် သရုပ်ဆောင်ရတာကို သုသုက ပိုကြိုက်တဲ့အခါကျတော့ ကာရိုက်တာတစ်ခုဆိုရင် လှဖို့ကိုမစဉ်းစားမိဘူး။ ကိုယ့် Mind- set ကိုက အဲ့လိုဖြစ်နေတာ။ လက်ထဲကိုဇာတ်လမ်းတစ်ခုရောက်လာလို့ ဇာတ်ကောင်တစ်ခုလုပ်ခွင့်ရတော့မယ်ဆိုရင် အဲဒီကောင်မလေးက အပြင်မှာဆိုရင် ဘယ်လိုနေတယ်၊ ဘယ်လိုဝတ်တယ်ဆိုတဲ့ အပြင်နဲ့ နီးစပ်တဲ့ ဖက်ရှင်မျိုးကို စဉ်းစားလိုက်တယ်။ အဓိက ဇာတ်ကောင်ရဲ့စိတ်ကို ပိုပြီးစိတ်ဝင်စားတဲ့အတွက် စိတ်ပိုင်းဆိုင်ရာကို ပိုပြီး
တော့ အားထည့်ဖြစ်တယ်။

သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး ရင့်ကျက်လာတဲ့အပြောင်းအလဲ
သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်တဲ့ ပညာတွေဆိုရင်လည်း တစ်ကားပြီးတစ်ကား အားလုံးဆီက ပညာတွေ အခုချိန်အထိ သင်ယူနေတုန်းပဲ။ ဇာတ်ကားရိုက်တွေမှာဆုံရင်လည်း ကိုယ့်ရဲ့စီနီယာတွေ အကုန်လုံးဆီက သင်ယူလို့ ရသလောက် အကုန်သင်ယူတယ်။ ဘာတွေရင့်ကျက်ပြောင်းလဲ လာလဲဆိုရင် သုသုအရင်တုန်းကဆို လူအရမ်းကြောက်တယ်။ လူမုန်းခံရမှာမျိုးလည်း အရမ်းကြောက်တယ်။ နောက်ပိုင်းကျတော့ စိတ်ကိုပြင်ဆင်တတ်သွားတယ်။ အမြဲတမ်းအချစ်ခံချင်လို့ ဘယ်ရမလဲ။ 

သုသုတို့ သရုပ်ဆောင်မှမဟုတ်ပါဘူး ဘယ်သူပဲဖြစ်ဖြစ် အားလုံးကိုဝိုင်းချစ်ဖို့ဆိုတာ ရှိတော့ရှိပေမဲ့ ခဲယဉ်းတယ်ဆိုတော့ အဲဒီလိုလူမျိုးတွေက ကုသိုလ်ကံအရမ်းကောင်းပါတယ်။ တစ်ခါတလေကျရင် စိတ်ဓာတ်ကျတာမျိုး မဖြစ်တော့ဘူး။ ကိုယ်ပြင်စရာရှိ ရင် ပြင်တယ်။ ပြင်လို့မရတဲ့အရာတစ်ခုကို ပြောခံရတာပဲဖြစ်ဖြစ်၊ ဝေဖန်ခံရတာပဲဖြစ်ဖြစ်၊ အထင်လွဲခံရတာပဲဖြစ်ဖြစ် အရင်လိုလိုက်ပြီး ရှင်းပြမနေတော့ဘဲ နည်းနည်းတော့ လူကြီးဆန်သွားတယ်။ နည်းနည်းခံနိုင်ရည်ရှိလာတယ်။ နည်းနည်း ရင့်ကျက်လာတယ်။ နောက်ပြီးတော့ ပေါင်းသင်းဆက်ဆံရေးအရလည်း ပြောင်းလဲလာတယ်။ သုသုအရင်တုန်းက လူအရမ်းကြောက်တယ်၊ အလုပ်ခွင်မှာဆိုလည်း စကားတွေဘာတွေ စပြောရမှာ ကြောက်တယ်။ အခုနောက်ပိုင်းကျတော့ အလုပ်တွေလုပ်ရင်းလုပ်ရင်းနဲ့ အကုန်လုံးက ကိုယ့်မိသားစုလိုဖြစ်လာပြီး ရှူတင်မှာလည်း ပိုပျော်လာတယ်။ အကုန်လုံးက ကိုယ့်သူငယ်ချင်းတွေ၊ အစ်ကိုတွေ၊ အစ်မတွေလိုမျိုးဖြစ်ပြီး ပိုပျော်လာတယ်။

ငယ်ငယ်တုန်းက သရုပ်ဆောင်မလုပ်ဖြစ်ခဲ့ဘူးဆိုရင်
ငယ်ငယ်တုန်းကတော့ သရုပ်ဆောင် ဝါသနာပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်မှုနဲ့ အသက်မွေးဖြစ်မယ်၊ ကိုယ့် Professional ဖြစ်လာ လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဖူးဘူး။ ဆေးကျောင်းပြီးတဲ့ထိလည်း ဆရာဝန်ပဲ လုပ်ဖြစ်မယ်၊ ကလေးအထူးကု ဆက်ဖြေမယ်လို့ပဲ ထင်ထားတာ။ ဒါပေမဲ့အကြောင်းကြောင်းကြောင့် ဆက်မလုပ်ဖြစ်တာ။ တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ်ပြန်စဉ်းစားကြည့်ရင် အံ့သြစရာကြီး။ ငယ်သူငယ်ချင်းတွေဆိုလည်း အရမ်းအံ့သြကြတယ်။ ငယ်ငယ်တုန်းက ကလေးတွေကို စာသင်တဲ့ ဆရာမ ဖြစ်ချင်တာ။ ကလေးချစ်တတ်တာလည်း ပါမှာပေါ့နော်။ ဒါပေမဲ့အိမ်ကတော့ ဆရာဝန်ဘက်ကို ပိုပြီးအားပေးတဲ့အခါကျတော့ ဆရာဝန်ဖြစ်သွားတယ်။ ဆရာဝန်ဖြစ်သွားတဲ့အခါကျတော့လည်း ကလေးလေးတွေကို ကုတဲ့ဆရာဝန်ပေါ့နော်။

အနုပညာနဲ့ပတ်သက်ပြီးမိဘတွေရဲ့အားပေးမှု
အမေကလည်း သူ့အလုပ်အားတဲ့အချိန် အမြဲတမ်းရှူတင်ကို လိုက်တယ်။ အဓိကက သုကြိုက်တဲ့ကားလေးတွေ၊ သု သရုပ်ဆောင်ချင်တဲ့ ကားလေးတွေကို ဝယ်ပေးတယ်။ ရုပ်ရှင်ကားကြီးတွေလည်း ထုတ်ရိုက်ပေးတယ်ဆိုတော့ မိဘရဲ့ပံ့ပိုးကတော့ အများကြီးပါပဲ။ ဒီနေ့ဒီအချိန်အထိ အလုပ်ကလေးတွေ လုပ်ခွင့်ရနေတာ၊ အနုပညာ အလုပ်ကို စစချင်း အစပျိုးပေးခဲ့တာပါ။

သရုပ်ဆောင်အလုပ် မလုပ်ဖြစ်တော့ရင်
သရုပ်ဆောင်တာကိုဝါသနာပါတာ၊ ရုပ်ရှင်တွေပဲ ချစ်တာဆိုတော့ သရုပ်ဆောင်အလုပ် မလုပ်ဖြစ်တော့ဘူးဆိုရင် Producer လုပ်ချင်တယ်။ Producer ဆိုတာ ငွေတွေအများကြီးထုတ်ပေးတဲ့ Producer မဟုတ်ဘဲ ရုပ်ရှင်ကားတစ်ကားကို အစ
အဆုံးစီစဉ်သူ ဖြစ်ချင်တာ။ သုက စာအုပ်တွေ အများကြီးဖတ်တော့ စာအုပ်ဘဝကနေ ရုပ်ရှင်အဖြစ် ကြည့်ချင်တဲ့ တချို့ကားတွေကို ကိုယ့်စိတ်ကူးလေးနဲ့ လိုက်တဲ့သူတွေကို စုပေးပြီးတော့ ဒါရိုက်တာရဲ့ Guideline နဲ့ စီစဉ်တဲ့သူတစ်ယောက် ဖြစ်ချင်ပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု
အစားအသောက်ဆိုရင်တော့ သုက အသား၊ ငါး မစားဘူး။ အသီး၊ အရွက်ပဲစားတယ်၊ ရေများများသောက်တယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီး နောက်ပိုင်းသိလာတဲ့အသိက ရောဂါတစ်ခုဖြစ်မှ စကုတာထက်စာရင် စောစောစီးစီးသိရရင် လွယ်
လွယ်ကူကူကုလို့ရတယ်။ အပ်နဲ့ထွင်းရမယ့် နေရာမှာ ပုဆိန်နဲ့ပေါက်ရတာမျိုး အသိနောက်ကျသွားရင် ပိုကုရခက်တယ်။ အဲဒါကြောင့် နောက်ပိုင်းတိုးတက်လာတဲ့ အချိန်မှာ ဆေးရုံကြီးတွေမှာ Medical Checkup လုပ်လို့ရတယ်ဆိုတော့ အဲဒီလိုမျိုး ကျန်းမာရေးစစ်ဆေးမှုကို တစ်နှစ်တစ်ခေါက် လောက်တော့ ကြိုးစားပြီး လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဟိုတလောက Medical Checkup လုပ်လိုက်တဲ့အချိန်မှာ ဆီးချိုစဖြစ်တာ သိတဲ့အခါ ဆရာဝန်က မျိုးရိုးကြောင့်မို့ ငယ်ငယ်နဲ့ စဖြစ်
တာဆိုတော့ ထမင်းဖြတ်ခိုင်းတယ်။ အဲဒီတော့ ထမင်းကိုလုံးဝဖြတ်လို့မရပေမဲ့ နည်းနည်းလျှော့စားတယ်။ ညစာထမင်းမစားတော့ဘဲ အသီး၊ အရွက်ကြော်လေးစားတယ်။ ကိုယ်လက်လှုပ်ရှားအနေနဲ့တော့ အရင်က လမ်းလျှောက်ဖြစ်ပေမဲ့ အခုနောက်ပိုင်း အလုပ်များလာတော့ မလျှောက်ဖြစ်ဘူး။ အဲဒီအကျင့်ကိုတော့ ပြန်မွေးရမယ်။ အရင်လမ်းလျှောက်တုန်းကဆို သိသာတာ အမောခံနိုင်တယ်။ ရှူတင်မှာ ပြေးလွှားရတဲ့အခန်းတွေဆို အမောခံနိုင်တယ်။ အခုတော့ လမ်းပြန်လျှောက် ရမယ်။

ပရိသတ်အတွက်
ပရိသတ်အတွက် သုသု အမြဲကြိုးစားနေပါမယ်။ တာဝန်ကျေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်ပါတယ်။ သဘာဝနဲ့အနီးစပ်ဆုံး သရုပ်ဆောင်တစ်ယောက်ဖြစ်အောင်၊ တာဝန်ကျေအောင် အစွမ်းကုန်ကြိုးစားပါမယ်။

ဒီဇိုင်နာ ယုံးယုံး
ဝတ်စုံလေးတွေကို Handmade Theme လေးနဲ့ ချုပ်ရမယ်ဆိုတော့ စဉ်းစားမိတာ Traditional ဘက်ကိုသွားတဲ့ ဇီးကွက်ရုပ်လေးတွေ၊ ယွန်းလုံးလေးတွေ၊ ချိတ်အဆင်လေးတွေ စဉ်းစားမိတယ်။ ဇီးကွက်ရုပ်လေးတွေဆိုရင် ဇီးကွက်တစ်ခုချင်းစီကိုညှပ်ပြီး ရုပ်လုံးလေးကြွလာအောင် အထဲမှာ ဖောင်းဖောင်းလေးဖြစ်အောင် ချုပ်တယ်။ ပြီးတော့ ဦးထုပ်ပုံစံမျိုးလေး ထွင်ပြီး အိတ်လေး တွေမှာလည်း ဇီးကွက်ရုပ်လေးတွေနဲ့ Handmade ဒီဇိုင်းလေး ချုပ်ထားပါတယ်။ ဂါဝန်လေးမှာဆိုရင်လည်း ယွန်းလုံးလေးတွေကို တကူးတကမှာပြီး ချိတ်အဆင်လေးနဲ့ ခေါင်းပတ်လေးမှာ ယွန်းလုံးလေးတွေ သီပြီး ထွင်ထားပါတယ်။

Model - Paing Phyo Thu
Makeup & Hair - Shazz
Designer - Yone Yone
Location - Bulaeinn Villas Resort
Photo - Aung Zaw(Love Space)
Retouch - Nyi Nyi Hla Baw (Love Space)