Primary tabs

Cover

ပြည်သူတွေရဲ့ ချစ်ခင်မှု၊ ပရိသတ်တွေရဲ့ အားပေးမှုနဲ့ အနုပညာခရီးလမ်းမှာ အချိန်အကြာကြီး ရပ်တည်အောင်မြင်နေတဲ့ အနု ပညာရှင် သက်မွန်မြင့်ကို People ရဲ့ နိုဝင်ဘာလထုတ် Cover အဖြစ် တင်ဆက်ရင်း သူမနဲ့ပြောဖြစ်ခဲ့တဲ့ မေးခွန်း (၉)ခုပါ။

၁။ လတ်တလော လုပ်ဖြစ်နေတဲ့ အနုပညာ လှုပ်ရှားမှုအကြောင်းတွေကို ပြောပြပေးပါ။
ရည်းစားလာဂါထာရွတ်တဲ့ ကောင်မလေးဆိုတဲ့ ဇာတ်ကားကိုရိုက်နေပါတယ်။ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)၊ နေမင်းနဲ့ ရိုက်နေ ပါတယ်။
၂။ အခုနောက်ပိုင်းနှစ်တွေမှာ အထူးသဖြင့် ၂၀၁၃ အတွင်းမှာ ညီမလေးအတွက် ပိုပြီးခံစားသက်ဝင်လို့ နှစ်ခြိုက်မိတဲ့ ဇာတ်ရုပ် တစ်ခု (သို့) အကြောင်း ပြောပြပေးပါ။
အခုနောက်ပိုင်း ဘယ်လိုဖြစ်လာလဲဆိုတော့ အရမ်းကလေးဆန်တဲ့ ကာရိုက်တာတွေကို မရိုက်ချင်တော့ဘူး။ အိုက်တင်ကို လေးလေး နက်နက်လုပ်ရတာတို့၊ ဇာတ်ကောင်တစ်ခုကို အထူးလုပ်ရတာတို့တွေကို ပိုကြိုက်လာတယ်။ ဆယ်ကျော်သက်လိုမျိုး ပေါ့ပေါ့ ပါးပါးနဲ့ လုပ်ရတာမျိုးတွေ သိပ်မလုပ်ချင်တော့ပဲ ဇာတ်ကောင်တစ်ခုကို ပီပီပြင်ပြင်လုပ်ရတာမျိုးကို ပိုသဘောကျလာတယ်။ “ကိုချစ်သော မိန်းမများ”ဆိုတဲ့ ကားဆိုရင် ဘယ်အချိန်ကြည့်ကြည့်၊ ဘယ်နေရာ ကြည့်ကြည့် အရမ်းမြောတယ်။ “စပ်မမကို”ကိုလည်းကြိုက်တယ်။ ဘယ်သွားသွား ဘူးသီးနှစ်လုံးနဲ့ဆိုပြီး ပရိသတ်တွေက အမှတ်တရရှိပြီး ပြောကြတာ၊ ကိုယ်လဲကြိုက်တယ်။ ရယ်လဲ၊ ရယ်ရတယ်။ “ဗီးနပ် လက်ဖ်”ဆိုတဲ့ ကိုဝိုင်းရိုက်တဲ့ကား အဲဒီကားလည်း ကြိုက်သေးတယ်။ အဲဒီကားမှာ ကိုယ်ကြိုက်တဲ့ ယောက်ျားက မိန်းမရှိနေတယ်။ ယောက်ျားကိုချစ်တဲ့ရုပ်ရယ်၊ မိန်းမကိုမုန်းတဲ့ ရုပ်ရယ်ကို တစ်ခါတည်းလုပ်ရတာဆိုတော့ တော်တော်ကြိုက်တယ်။
၃။ အောင်မြင်ဖို့ ကြိုးစားရတာထက် အောင်မြင်မှုကို ထိန်းသိမ်းရတာဟာ ပိုမိုခက်ခဲသတဲ့ ညီမကလည်း အောင်မြင်တဲ့ အနု ပညာရှင်တစ် ယောက်ဖြစ်တဲ့အတွက်  ဒါကိုဘယ်လိုမြင်ပါသလဲ။ ထင်မြင်ချက်လေး သိပါရစေ။
ကြိုးစားတဲ့အချိန်မှာကတော့ နည်းနည်း Pressure နည်းတယ်။ ပတ်ဝန်းကျင်ကလည်း အသစ်ဆိုပြီးတော့ ပံ့ပိုးကြတယ်။ ကူညီ ကြတယ်။ နောက်ပိုင်း အောင်မြင်လာတာနဲ့အမျှ တာဝန်ကပိုကြီးကြီးလာပြီး လူတွေကလည်း ပိုပြီးမျှော်လင့်လာကြတယ်။ သူတို့ မျှော်လင့် တာနဲ့ အပေါ်မှာလုပ်နိုင်ဖို့ ပိုကြိုးစားရတယ်။ ကိုယ့်ကိုယ်ကိုအပေါ်မှာ တာဝန်တွေထမ်းထားရသလိုဖြစ်ပြီး ကိုယ်ကလည်း မလျော့ချင် တော့ သိပ်တော့ မလွယ်ဘူးပေါ့နော်။ တာဝန်တွေများလာတယ်။ ဆက်ဆံရတဲ့သူတွေ များလာတယ်။
၎။ ညီမလေးဖြတ်သန်းခဲ့ရတဲ့ အနုပညာခရီးလမ်းရဲ့ ဘယ်လိုနေ့ရက်နေရာမျိုးတွေဟာ ခက်ခဲခဲ့ပါသလဲ။ (ဥပမာ-အလုပ်အရမ်း များပြီး ပင်ပန်းတာမျိုး၊ ဇာတ်ကောင်ကာရိုက်တာအရ ပင်ပန်းခက်ခဲစေတာမျိုးပေါ့)
ကိုယ်ကအလုပ်တွေ အရမ်းများပြီး ကိုယ့်အတွေးနဲ့ ကိုယ်ရှိနေတဲ့အချိန်မှာ ပြုံးမပြမိတာမျိုး မမြင်လိုက်မိတာမျိုးတွေ ရှိနိုင်တော့ တစ်ဖက်လူက အမြင်မှာမာနကြီးတယ်ဆိုတာမျိုး မြင်သွားတာမျိုးတွေရှိတတ်တယ်။ အဲဒီအခါမျိုးမှာ စိတ်ဖိစီးမှုတွေရှိလာပြီး ပင်ပန်းတယ်။ လူတွေရဲ့ အာရုံစိုက်ခြင်းကို ခံရတဲ့သူအနေနဲ့ ဘာကိုမှ မလျော့ချင်တော့ ပိုပင်ပန်းတယ်။ ဒါပေမယ့် ကြိုးစားမှုကို ပရိသတ်က အားပေးရင် ပင်ပန်းမှုက ပျောက်သွားရော၊ ဇာတ်ကောင်အရ ပင်ပန်းတာမျိုးဆိုရင် “ဗီးနပ်စ်လပ်ဖ်”ဆိုတဲ့ကားမှာ ကိုယ်ကစုန်းမလေ၊ စုန်းမဆိုတာက အသံပါဝါလည်းကောင်းရမှာမျိုး၊ ကိုယ့်ရဲ့နဂိုအသံက ကလေးအသံမျိုးဖြစ်နေတာဆိုတော့ အဲဒီအသံမပီပြင်မှာ စိုးရိမ်ပြီး ပင်ပန်းတယ်။ နောက်တစ်ခါ “မာယာပရောဂျက်”ဆိုတဲ့ ကားမှာ ကိုယ်ကအမကြီး နေရာကနေရတာ အရာရာကို ထိန်းချုပ်နိုင်တဲ့ ဇာတ်ရုပ်မျိုးဆိုတော့၊ အကုန်လုံးကိုပြင်ပြီးတော့ လုပ်ရတာဆိုတော့ အရမ်းပင်ပန်းတယ်။ ဒါက ဇာတ်ရုပ်အားဖြင့် ပင်ပန်းတာမျိုးပေါ့။
၅။ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်ဖို့ဆိုရင် ဘယ်လိုအရာမျိုးတွေကို သည်းခံနိုင်ပြီး ဘယ်လိုအရာမျိုးတွေကို ဥပက္ခာပြုထားနိုင်ရမယ်လို့ ထင်ပါလဲ။
တစ်ဖြည်းဖြည်းတော့ ရင့်ကျက်လာစေတယ်။ ဒီအနုပညာအလုပ်ကလေ။ ကိုယ့်စိတ်ကို မပိုင်တဲ့သူလိုမျိုး ကိုယ်လုပ်ချင်တာကို အမြဲတမ်းလုပ်လိုက်လို့ မရဘူး။ လူတွေက အာရုံစိုက်တဲ့အပေါ်မှာ ကိုယ့်ကိုချစ်တဲ့သူရှိသလို မချစ်တဲ့သူလည်း ရှိနိုင်တော့ မချစ်တဲ့သူတွေ ပြောတဲ့ စကားကိုလည်း ခံရတယ်။ ကိုယ်ကခံစားလွယ်၊ ၀မ်းနည်းလွယ်တဲ့သူဆိုတော့ ကိုယ့်ကိုတစ်ခုခု ပြောလိုက်ရင် ခံစားနေပြီး အဲဒါ တွေ အပေါ်မှာ နေတတ်အောင် ကြိုးစားရတယ်။
၆။ ပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ညီမလေးက ငယ်ငယ်တုန်းက ဘ၀နဲ့ ကွာခြားစွာ ဘာတွေကိုများ ပြောင်းလဲ ကျင့်ယူခဲ့ရပါလဲ။ (ဥပမာ-စိတ်ထား၊ အနေအထိုင်...)
ငယ်ငယ်တည်းကတော့ အဆိုအက၊ ပန်းချီဝါသနာပါခဲ့တော့ အနုပညာအလုပ်လုပ်နေတဲ့ အချိန်မှာ ဘာမှအရမ်းမခက်ခဲဘူး။ တကယ်ခက်ခဲခဲ့တာက ကိုယ်ကအရင်က သီးသီးသန့်သန့် တစ်ယောက်တည်းနေတတ်တဲ့သူ၊ လူတွေအများကြီးနဲ့ ဆက်ဆံရတဲ့ အနု ပညာအလုပ်ဖြစ်နေတော့ အဲဒါကခက်ခဲရတယ်။ ဒီဟာတွေ အပေါ်မှာနေတတ်အောင် ပြောင်းလဲခဲ့ရတယ်။ ကိုယ်က အနုပညာကို ၀ါသနာ ပါတာကလွဲရင်၊ ဖက်ရှင်တွေ၊ မိတ်ကပ်တွေ အပြင်အဆင်တွေကို စိတ်မ၀င်စား ရိုးရိုးရှင်းရှင်းပဲနေချင်ခဲ့တဲ့သူဆိုတော့ အဲဒါတွေက အရမ်း  ကို ပြောင်းလဲခဲ့ရတဲ့ အပြောင်းအလဲအကြီးကြီးတွေပါ။
၇။ မောင်နှမတွေအပေါ်လည်း ချစ်တတ်တဲ့ သူငယ်ချင်းတွေကိုလည်းချစ်တတ်တဲ့ သက်မွန်ချစ်သူကိုလည်း ချစ်တတ်တဲ့ သူမျိုး အဖြစ် အမတို့ ဘယ်တော့လောက်တွေခွင့်ရနိုင်ပါမလဲ...
ကိုယ်က လူတွေကို သံယောဇဉ်ကြီးတတ်တယ်။ မောင်နှမပဲဖြစ်ဖြစ်၊ သူငယ်ချင်းပဲဖြစ်ဖြစ်၊ ချစ်သူကိုပဲဖြစ်ဖြစ် အရမ်းချစ်တတ်ပြီး၊ အရမ်း လေးလေးနက်နက်ထားတတ်တယ်။ ချစ်သူမရှိဘူးတော့မဟုတ်ဘူး ရှိတယ်။ မပြောဘူးဆိုတာက အပြင်ကလူဖြစ်နေတဲ့အခါကျ တော့ ကိုယ်က အနုပညာသမား၊ ပရိသတ်က စိတ်ဝင်စားအာရုံ စိုက်တာခံရတယ်။ ကိုယ်က အဲဒါကိုခံနိုင်တယ်။ အပြင်ကလူကျတော့ ဒါတွေကို ထိတွေ့မှုမရှိတဲ့ အခါကျတော့၊ ပြီးတော့ ကံကြမ္မာဆိုတာကလည်း ဘာဖြစ်မယ်ဆိုတာ မသိနိုင်သေးတဲ့အချိန်မှာ သက်မွန်မပြော ပြသေးတာ နှစ်ဦးနှစ်ဖက်အတွက် ပိုကောင်းတယ်ထင်လို့ပါ။
၈။ အခုတလောကြားနေရတဲ့ သက်မွန်ရဲ့ မင်္ဂလာသတင်းစကားက ဟုတ်မဟုတ်ဆိုတာ လေးလည်း သိချင်ပါတယ်။
ကိုယ်တောင် မကြားဘူး။ အဲလိုပဲ ပြောနေကြတာ။ ဘာလို့လဲ သိဘူးနော်။ ဟုတ်ပါဘူး အစ်မရယ်။
၉။ နောက်ဆုံးအနေနဲ့ သိချင်တာကတော့ ကာဗာရိုက်ကူးမှုနဲ့ ပတ်သက်တဲ့ ခံစားမှုလေးတွေပါ။
အ၀တ်အစားတွေရော၊ ဆံပင်တွေရော အရမ်းမိုက်နေတော့ မနေတတ်ဘူးဖြစ်နေတာ။ ကိုယ်က ငြိမ်တဲ့ပုံတွေ ကြိုက်နေတဲ့ အချိန်မှာ ၀တ်တာဆိုတော့ မနေတတ် မထိုင်တတ်တွေ ဖြစ်နေတာ။ နောက်ဒေါက်မြင့်ကလေး လက်မခွဲစီးထားတော့ ခါးကညောင်း ဂါဝန် ကလည်း အရှည်အကြပ်တွေဆိုတော့ နောက်နေ့ဆို ဖိနပ်အမြင့်တောင် မစီးနိုင်တော့ဘူး။ ဒါပေမယ့် ပုံတွေထွက်လာတာ မြင်တော့ ကျေနပ်နေရော။