မခိုင်လေးလို့ သူမရဲ့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီ ခိုင်သင်းကြည်…
အနုပညာသက်တမ်းရင့်နေပေမဲ့ လူငယ်တစ်ယောက်လို ပေါ့ပါးသွက်လက်နေတဲ့ ခိုင်သင်းကြည်…
သူမ ရဲ့ ပေါ့ပါးမှုကို သူမနဲ့ နီးစပ်ပတ်သက်သူတိုင်း ခံစားမိကြတယ်…
ပျော်ပျော်ပါးပါးပဲ အောက်တိုဘာ မျက်နှာဖုံးအတွက် ဖြေကြားပေးသွားတဲ့သူမရဲ့ အဖြေတွေကတော့….
ကာဗာ ဖီလင်
ပျော်ပါတယ်။ မခိုင်က ကားရိုက်တာပဲ များတယ်။ အခုလို ပေါ့ပေါ့ပါးပါး၊ လှလှပပလေး ရိုက်ရတဲ့အတွက် စိတ်လည်း လွတ်လပ်ပေါ့ပါးတယ်။ ပျော်လည်းပျော်တယ်။ အသစ်အဆန်းလည်း ဖြစ်တယ်။
ဖက်ရှင်အပေါ်သဘောထား
ဖက်ရှင်က မင်းသမီးတစ်ယောက်အတွက် မရှိမဖြစ်ဘူး။ ဒါကို မင်းသမီးတော်တော်များများလည်းလက်ခံထားကြတယ်။ မှန်ပါတယ်။ အများကကြည့်နေမယ့်၊ အများက ကြိုက်နှစ်သက်တဲ့ မင်းသမီးတစ်ယောက်အတွက် ဖက်ရှင်ဆိုတာ ရှိကို ရှိရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ မခိုင်ကတော့ ငယ်ငယ်ကတည်းက ဖက်ရှင်နဲ့ နာမည်ကြီးလာတဲ့ မင်းသမီးမဟုတ်ဘူး။ ဖက်ရှင် အရမ်းမိုက်တဲ့သူလည်းမဟုတ်ဘူး။ မခိုင်မှာ သီးသန့် ဖက်ရှင်ရယ်လို့တော့မရှိပါဘူး။ ဖက်ရှင်ကို လေ့လာနေတဲ့သူလည်းမဟုတ်ဘူး။ အဲဒီ့တော့ အားနည်းတယ်။ ကိုယ်သတ်မှတ်ထားတဲ့ ဖက်ရှင်ကတော့ ကိုယ်နဲ့လိုက်ဖက်တဲ့အ၀တ်အစား ဖြစ်ရမယ်။
ဘဝနေထိုင်မှုနည်းလမ်း
မခိုင်ရဲ့စိတ်က ပွင့်ပွင့်လင်းလင်းပဲ နေတတ်တယ်။ လူတစ်ယောက်ကို ကြိုက်ရင်လည်း ကြိုက်တယ်။ မကြိုက်ရင်လည်း မကြိုက်ဘူး။ ကိုယ့်မှာ ရှိရင်လည်းရှိတယ်။ မရှိရင်လည်းမရှိဘူး။ လိုချင်ရင်လည်း လိုချင်တယ်ပြောတယ်။ မလိုချင်ရင်လည်းမလိုချင်ဘူးပဲ။ ပွင့်ပွင့်လင်းလင်း ပြောတတ်တယ်။ ကိုယ်ကလည်း အဲဒီ့လိုလူမျိုးတွေနဲ့ပဲ ပိုပြီး ပေါင်းချင်တယ်။ အဓိက ကတော့ လောဘနည်းတယ်။ မချမ်းသာချင်ဘူးလားဆိုတော့ မဟုတ်ဘူး။ ချမ်းသာချင်တယ်။ နာမည်ကြီး နံပါတ်(၁) ရော ဖြစ်ချင်လားဆို ဖြစ်ချင်တယ်။ ဒါပေမဲ့လည်း အဲ့ဒါက မခိုင်ဘ၀မှာ အရမ်းအရေးမပါဘူး။ အဲ့ဒါကြီးကို မဖြစ်ရလေချင်းဆိုပြီးတော့ မပူလောင်နေဘူး။ အောင်မြင်မှုပဲဖြစ်ဖြစ်၊ စည်းစိမ်ဥစ္စာပဲဖြစ်ဖြစ် ရသလောက်နဲ့ ရောင့်ရဲနိုင်တယ်။ ငါဘာလို့သူ့လို မဖြစ်ရတာလဲ၊ ငါဘာလို့သူ့လို မချမ်းသာရတာလဲဆိုတဲ့ စိတ် လုံးဝမရှိဘူး။ ပျော်ပျော်နေတတ်တယ်။ လူကြီးစိတ်က ခုထိ သိပ်မမွေးနိုင်သေးဘူး။ အိမ်ကသမီးနဲ့ ရန်ပြိုင်ဖြစ်ချင်ဖြစ်နေတာ။ (ရယ်လျက်) ငါသိ ငါတော် ငါတတ်ဆိုတဲ့ ကာရိုက်တာမျိုးဆို ခုမှ သရုပ်ဆောင်နိုင်တာ။ ကိုယ်ကိုယ့်ကို ယုံကြည်မှုရှိပြီး တော်တဲ့ တတ်တဲ့မိန်းမဆို အိုက်တင်တွေက နည်းနည်းလွဲချင်တယ်။ (ရယ်လျက်) ဂေါက်နေတာ၊ ရူးနေတာ၊ လွတ်နေတာဆိုရင် အိုး… အိုက်တင်တွေက ကွက်တိ။ အဲလိုမျိုး။
တစ်ဦးတည်းသော သမီးလေးအတွက်
သမီးလေးအတွက် ဆန္ဒဆိုရင်တော့ မိန်းကလေးပီပီသသ အိနြေ္ဒရရနဲ့ အကျင့်စာရိတ္တကောင်း ကောင်းလေးဖြစ်စေချင်တယ်။ ကိုယ်မွေးထားတာ သမီးလေးကိုး။ အဲဒါကတော့ နံပါတ်(၁) ဆန္ဒပဲ။ သူ့အဖေကတော့ ပညာတအားထူးချွန်စေ ချင်
တယ်။ A* ဘယ်နှခုရမှတို့ဘာတို့။ ကိုယ်က မရချင်ဘူးလားဆိုတော့မဟုတ်ဘူး။ ဒါပေမဲ့ခုနကပြောသလို လောဘအရမ်းမထားဘူး။ သူ့အဖေကတော့မရဘူး။ A* ရမှ ဘာမှနဲ့ အမြဲပဲ။ မခိုင် အတွက်ကတော့ အဲ့ဒါတွေထက် သမီးလေး ယဉ်
ကျေးလိမ္မာပြီး မိဘအပေါ်သိတတ်ရမယ်။ ဘာသာတရားကိုလည်း သိရမယ်။ တရားတွေထိုင်ဖို့၊ ပဋ္ဌာန်းတွေရွတ်ဖို့ ပြောတာမဟုတ်ဘူး။ ဒီအချိန်မှာသူ ငါးပါးသီလကို သိရမယ်။ သမီးလေးကို International School မှာ ထားပေမဲ့ မြန်မာနာမည်ပဲ
ပေးထားတယ်။ စံထိပ်ထားဦးပဲ။ မြန်မာစစ်စစ်က မွေးထားတာ ဘိုနာမည်ပေးမနေပါနဲ့တော့ သမီးရယ်၊ စံထိပ်ထားဦးပဲ ထားလိုက်ပါဆိုပြီး ဘိုနာမည် မပေးခဲ့ဘူး။ ကိုယ့်ယဉ်ကျေးမှုလေးလည်း သိအောင်သင်တယ်။ လူကြီး သူမတစ်ယောက်ယောက်ကို မတော်တဆတိုက်မိသွားရင် သူကတော့ ဆောရီးတဲ့။ မရဘူး။ မခိုင်က ကန်တော့လို့ပြောရမယ်လို့ သင်ထားတယ်။ ကိုယ့်လာပြောလည်းမကြိုက်ဘူး။ သူ့အတွက် ပူပန်နေတာကတော့ အခု (၁၅) နှစ်မှာ သူတို့ကျောင်းမှာက သူငယ်ချင်းတွေက Partner ဘာညာထားကြတော့ အဲဒါကို စိတ်နည်းနည်းပူတယ်။ ဒါပေမဲ့ သမီးကတော့ ခုချိန်ထိ မခိုင် စကားကို နားထောင်နေသေးတယ်။ စာတွေအရမ်းများလာတော့ စာမလိုက်နိုင်မှာစိတ်ပူတယ်။ ဒီလောက်ပါပဲ။
အိမ်ထောင်ဘက်ရွေးချယ်ခဲ့တဲ့ စံ
အင်္ကျီကောက်ဝတ်လိုက်သလိုပဲ တွေ့တာကို ကောက်ဝတ်လိုက်တာ အဆင်ပြေသွားတယ်။ အဲလိုဖြစ်နေတယ်။ (ရယ်လျက်) ရည်းစားသက်တမ်း (၈) နှစ်မှာ သူကလည်းကိုယ့်ကို သစ္စာတွေကရှိတော့ ကိုယ်လည်း ဆက်ရှိတာပေါ့နော်။ ယူဖြစ်သွားတော့ သူက ကိုယ့်အပေါ်ကောင်းနေတော့ ကိုယ်လည်း သူ့အပေါ်ကောင်းတယ်ပေါ့နော်။ အဆင်တော့ပြေနေတာပဲ။ ငါတော့ ဘယ်လိုအိမ်ထောင်ဖက်ဖြစ်အောင် ရွေးမယ်ဆိုတာမျိုးနဲ့ ရွေးခဲ့တာတော့ မဟုတ်ဘူး။
Model - Khine Thin Kyi
Designer - Ystone Yawbawn
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw (Love Space)
Hair & Makeup - Htet (Pop Soul)
Stylish - Swannie Dean
Fabric - KAY
Venue - Kandawgyi Palace Hotel