Primary tabs

ပျော်ရွှင်မှုအစစ်နဲ့ ဘဝလက်တွဲဖော်တွေ့ပြီဆိုတဲ့... သန္တာလှိုင်

ဘဝခရီးလမ်းတစ်ဆစ်ချိုးမှာ သူမရှာဖွေနေခဲ့တဲ့ ဘဝရည်ရွယ်ချက်နဲ့ မရည်ရွယ်ဘဲ သူမလက်ကိုတွဲပြီး အတူရှိနေပေးတဲ့ ဘဝလက်တွဲဖော်ကို သေသေချာချာရှာဖွေတွေ့ရှိခဲ့ပါပြီ။ 

အမျိုးသားတစ်ယောက်ကို လက်တွဲထားပေမဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ပိုင်ရပ်တည်မှုကို သူမဘယ်လိုသတ်မှတ်ထားသလဲ...သူမရဲ့ ဘဝရည်ရွယ်ချက် အဓိပ္ပါယ်ဘယ်လိုရှိလဲဆိုတာ...ကျွန်မတို့ရဲ့ အင်တာဗျူးလေးမှာ ဆက်လက်ဖတ်ရှု ကြည့်ပါဦးနော်။

နေ့စဉ်နေထိုင်မှုပုံစံ
နံနက် စောစောထတယ်။ ညဆိုရင် ၈ နာရီလောက်ဆို ဖုန်းပိတ်လိုက်တယ်။ ည ၈နာရီ  ၉ နာရီဆိုရင် ဘာအကြောင်းကြောင့်မှ အနှောင့်အယှက်ကို အဖြစ်မခံတော့ပါဘူး။ တကယ်အရေးကြီးလို့ရှိရင် အိမ်ဖုန်းကိုဆက်ပြီး လိုက်လာလိမ့်မယ်လို့ သဘောထားထားတယ်။ ကလေးကိုလည်း ၈နာရီခွဲလောက်ဆို သိပ်လိုက်ပြီ။ ပြီးရင် အလွန်ဆုံး ၁ဝ နာရီ နောက်အကျဆုံးထားပြီး အိပ်ရာဝင်တယ်။ နံနက်ကို ၅ နာရီခွဲ ၆ နာရီဆို နိုးပြီ ။ အခုဆိုပိုပြီး မထလို့ကို မရတော့ဘူး။ ကျွန်မရဲ့ Gym က ၆ နာရီခွဲဆို ဖွင့်ပြီဆိုတော့ ကိုယ်ကိုယ်တိုင်က ၆ နာရီ မထိုးခင်ရောက်ကို ရောက်နေရတယ်။ ရောက်သွားပြီဆိုရင်လည်း အတန်းတွေ အားလုံးပြီးတဲ့ အချိန်ကျကိုယ့်ကိုယ်ကိုပြန်ပြီး Train လုပ်တယ်။ နေ့လယ်ကျလို့ရှိရင် ပြန်နားပါတယ်။ ညနေပိုင်း အတန်းရှိတော့ ပြန်သွားတယ်။ ဒီ Gym မှာ နေထိုင်စားသောက်မှုပုံစံနဲ့ ပတ်သက်ပြီးတော့လည်း အကြံတောင်းသူတွေရှိတော့ ကျွန်မကိုယ်တိုင် ရှိမနေလို့မဖြစ်ဘူးလေ။ ဒါပေမဲ့ အခုတလော ဘာတွေပျက်ကွက်နေလဲဆိုတော့ လူမှုရေးနဲ့ ပွဲတက်ဖို့တွေ အရမ်းကို ပျက်ကွက်နေတယ်။ ကိုယ့်ရဲ့ကိုယ်ပိုင်စီးပွားရေးကိုပဲ အရမ်းကိုအချိန်ပေးပြီး မလုပ်မဖြစ် လုပ်နေရတာဆိုတော့ လူမှုရေးပိုင်းမှာ ပျက်ကွက်နေလို့ အခုဆိုပြန်ပြီးတော့ လုပ်ဖို့ကြိုးစားနေပါပြီ။ 

မိသားစုဘဝ
လောလောဆယ်ကတော့ ကျွန်မ သမီးတစ်ယောက် သြစတေးလျကို ကျောင်းသွားတက်တာ ဇွန်လကုန်မှာ ကျောင်းခဏပိတ်ပြီဆိုတော့ မိသားစုနဲ့ ပြန်လာနေမှာပေါ့နော်။ သမီးက ၁၄ နှစ်ပြည့်ပြီ။ အငယ်လေးကတော့ သူ့ အစ်မကိုလွမ်းတာပေါ့။ ဒါပေမဲ့ အိမ်မှာလည်း အဆင်ပြေပါတယ်။ တစ်ယောက်တည်းဆိုတော့ သူ့အတွက်ပိုပြီးတော့ အချိန်ပေးဖြစ်တာပေါ့။

အနုပညာလှုပ်ရှားမှု
အခုတလော ကြော်ငြာတွေ ရိုက်ဖြစ်ပါတယ်။ နောက်ထပ်ရိုက်ဖို့ရှိတာက မန္တလေးမှာ အင်းဝ Spa ကြော်ငြာပါ။ အဲဒီမှာ အင်းဝဒီဇိုင်း၊   အင်းဝပုံစံနဲ့ပေါ့နော်။ အန်တီပေါက် (Designer မိုးကုတ်ပေါက်ပေါက်) ဒီဇိုင်းတွေ ဝတ်ပြီး ရိုက်ရမယ်ဆိုတော့ တော်တော်လေးကို လှမယ်လို့ထင်ပါတယ်။ စိတ်လှုပ်ရှားစရာကောင်းတာက တော်တော့် အသက်ကြီးနေပြီဖြစ်တဲ့ နာမည်ကြီး နိုင်ငံကျော် ပန်းချီဆရာကြီး တစ်ယောက်က ကိုယ့်ပုံကို ပန်းချီကား အကြီးကြီးဆွဲမှာဆိုတော့ ကျွန်မ အရမ်းကိုပျော်နေပါတယ် ။  အဲလိုပန်းချီကားမျိုးကို ပုံတူတစ်ခုလောက်ရရင် ကောင်းမှာပဲလို့ စဉ်းစားနေတာ။

စီးပွားရေးလုပ်ငန်း
အခုလောလောဆယ် စထားတဲ့ အလုပ်က T’s Workshop  ဆိုပြီး ဖွင့်ထားတဲ့ Gym ပါ။ ဖွင့်စကနေ ခြောက်လအတွင်းမှာ ဘယ်လောက်လက်ခံနိုင်မယ်၊ တစ်နှစ်အတွင်းမှာ ဘယ်လောက် လက်ခံနိုင်မယ်ဆိုတာမျိုး သေချာတွက်ချက်ပြီး ကန့်သတ်ချက်လေး ချခဲ့ပေမဲ့ ပထမတစ်လအတွင်းမှာကိုပဲ  ခြောက်လလောက်ဝင်မယ့် အရေအတွက် ဖြစ်ခဲ့တဲ့အတွက် တော်တော်လေးကို အံ့သြသလို ဝမ်းလည်းသာတယ်၊ အားလည်းရတယ်၊ မနိုင်မနင်းဖြစ်မှာကိုလည်း ကြောက်တာပေါ့နော်။ ဒါပေမဲ့ အခုချိန်ထိကတော့ သူ့ဟာနဲ့သူ တော်တော်လေးကို ဟုတ်နေပါတယ်။ ဒီတိုင်းဆိုရင် နောက်ထပ် ခြောက်လ တစ်နှစ်အတွင်းမှာ ရှိတာထက်နေရာချဲ့ ရမယ့်သဘော ရှိနေပါတယ်။ ဒီကနေ တစ်ဆင့် တခြားလုပ်ငန်းတွေလဲ တိုးချဲ့သွားဖို့ အစီအစဉ်တွေ ဆွဲနေပါတယ်။ ဘာတွေလဲဆိုတာတော့ ထွက်လာမှပဲ ပြောပြပါတော့မယ်။ အကောင်အထည်မပေါ်ခင် မပြောချင်သေးလို့ပါ။ 

အချစ်
အချစ်ကတော့ အသက်ကြီးလာလို့လား မသိဘူး။ အချစ်ဆိုတာကို ဦးစားမပေးတော့ဘူး။ ဒါပေမဲ့ ငယ်ငယ်တုန်းသိထားတဲ့ အချစ်ထက်စာရင်တော့ အခုချိန်မှာအားလုံး အပေါ်မှာ တကယ့်ကို စစ်မှန်တဲ့ အချစ်မျိုးနဲ့ မေတ္တာထားရတာကို ပိုပြီးတော့ ယုံကြည်မှုရှိလာတယ်။ မေတ္တာဆိုတာ တကယ်ပဲ မှန်လိုမျိုး တုံ့ပြန်နိုင်တဲ့ အရာဆိုတာ မြင်လာသိလာပါတယ်။ အသက်ကြီးလာတဲ့အခါ အချစ်ထက် မရှိမဖြစ် လိုအပ်တာက လူတစ်ယောက်မှာ ကိုယ်နဲ့ ရင်ဘောင်တန်းပြီးတော့ လက်တွဲဖော်ဆိုတာက အများကြီးကိုအရေးကြီးမှန်း ကျွန်မပိုသဘောပေါက်လာတယ်။

 

ဘဝရည်ရွယ်ချက် နဲ့ ဘဝလက်တွဲဖော်
ကျွန်မရဲ့ ဘဝရည်ရွယ်ချက်ဆိုတာဟာ ငယ်ငယ်လေးတည်းကကို ကျွန်မရှာနေတဲ့ အရာတစ်ခုပါပဲ ။ ငါဘာကြောင့် ဒီလိုမျိုးနေရာမျိုးကို ရောက်လာတာလဲ? ဒီလောကကြီးမှာ လူတစ်ယောက်လုပ်ရမယ့် အဓိက ရည်ရွယ်ချက်က ဘယ်မှာရှိနေတာလဲ? အမြဲတမ်း ကိုယ့်ကိုယ်ကို မေးနေခဲ့ပါတယ် ။ မေးပြီးတော့ တဖြည်းဖြည်းနဲ့ တစ်ဆင့်ပြီး တစ်ဆင့် သိလာတာတွေ ရှိပါတယ်။ နောက်ဆုံးကတော့ ဒီ Gym မဖွင့်ခင်မှာ ကိုယ့်ကိုယ်ကို ရှာဖွေတွေ့ရှိသွားတာပါ။ ဘာလဲဆိုတော့ သူငယ်ချင်းတစ်ယောက်က Facebook ပေါ်မှာ Share ထားတယ်။ လူတိုင်းဟာ ကျောင်းတုန်းက စာမေးပွဲဖြေသလိုမျိုး ဘဝစာမေးပွဲဖြေရတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် မေးခွန်းချင်း မတူပါဘူး။ အဲ့ဒီတော့ တစ်ယောက်ကိုတစ်ယောက် ကူးချလို့မရဘူး။ ကိုယ့်မေးခွန်းနဲ့ သူများဆီက မေးခွန်းတူတာမှမဟုတ်တာ။  ဥပမာ - သူများ ဒီကားမျိုးကြီးတွေစီးလို့၊ ဒီလိုအိမ်မျိုးဝယ်နိုင်လို့ ၊ ဒီလိုပစ္စည်းမျိုးကို ဝတ်နိုင်လို့ ကိုယ်ကအားကျ ပြီးတော့ သူများလုပ်တာတွေ လိုက်လုပ်လို့ ဒါတွေကိုတကယ် ဝယ်နိုင်၊ ဝတ်နိုင်ပြီဆိုပါတော့ သူများပျော်သလို ကိုယ်ပျော်နိုင်လား။ အဲ့ဒီမှာ အဖြေကပေါ်တာပဲ။ မပျော်နိုင်ကြဘူး။ ရတဲ့ အချိန်မှာတော့ ကျေနပ်တယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ တကယ့် ဘဝ Fulfilling ဖြစ်တဲ့ အပျော်မျိုးကမရှိဘူး။ အဲ့ဒီ စာလေးကို ဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်မ တော်တော်သဘောပေါက်သွားတယ်။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်လိုက်တဲ့အခါမှာ ငါ ဒီဘဝမျိုးစုံ ဖြတ်သန်းပြီးတော့ ရုန်းကန်ခဲ့ရတဲ့အရာတွေ၊ ကြုံတွေ့ခဲ့ရတဲ့အရာတွေ အကုန်လုံးက တကယ်တော့ တစ်ချိန်ချိန်ကျရင်သူများ ကောင်းကျိုးအတွက် ပြန်ပြီးတော့ မျှဝေခဲ့ဖို့ပါလားဆိုတာ သဘောပေါက် လာတယ် ။ အဲ့လိုမျှဝေလိုက်ရတဲ့ အချိန်မှာလည်း ကျွန်မစိတ်ထဲမှာ ထင်နေတဲ့အရာတွေအကုန်လုံးက ကိုယ့်အတွက်ဘာမှ အရေးမပါတော့ဘဲနဲ့ ကိုယ့်ရဲ့တကယ့်အပျော်ဟာ ဒါပါလားဆိုတာ သိလာတယ်။ ကျေကျေနပ်နပ်ကြီးနဲ့ ဘဝကို အဓိပ္ပာယ်ရှိသွားဖို့ဆိုတာ ဒါတွေလုပ်ဖို့ပါလားဆိုတာ သိလာတဲ့အခါ ကိုယ့်ရဲ့ရည်ရွယ်ချက်ကို သိလာတယ်။ 

ဘဝလက်တွဲဖော်ဆိုတဲ့ နေရာမှာလည်း ကိုယ့်ရဲ့ ဒီလိုဘဝရည်ရွယ်ချက်မျိုးကို တော်ရုံတန်ရုံ ယောက်ျားက သြော်… ဒီမိန်းမ ဒီလိုတွေးတာ တော်တော် ရူးနေတာပါလို့ ပြောမှာပဲလေ။ အဲ့လိုမျိုးမပြောဘဲနဲ့ ဒါဟာ မင်းရဲ့ဘဝရည်ရွယ်ချက်၊ မင်းလုပ်ချင်တဲ့ အဲ့ဒီအရာကို ဘယ်လိုအကောင်းဆုံး လုပ်နိုင်မလဲဆိုတာကို စိတ်ပါလက်ပါနဲ့ အနီးနားကနေ ပျော်ပျော်ကြီး စိတ်သဘောထားကြီးစွာ အမြော်အမြင်ကြီးစွာနဲ့ ကူညီပံ့ပိုးပြီးတော့ ပျိုးထောင်ပေးမယ့် လူမျိုးဆိုတာ ဘယ်လိုလုပ်ပြီးတွေ့ဖို့ လွယ်မလဲနော်။ ကံပဲပေါ့။ အခုဆိုရင်တော့ဘေးနားမှာ မရည်ရွယ်ဘဲနဲ့ ကိုယ့်လက်တွဲပြီးတော့ အတူရှိနေပေးတဲ့ လက်တွဲဖော်ရှိနေပါပြီ။ ၂ဝ၁၆ ခုနှစ်ကနေစပြီး Facebook ပေါ်မှာရှိတဲ့ Image တွေ၊ ကိုယ်သွားချင်တဲ့ Direction ဘက်ကို သွားဖို့ ပုံတွေတင်တာ၊ ရွေးတာကအစ ကျွန်မဘက်ကနေ ပံ့ပိုးကူညီပေးတဲ့ Image Consultant အနေနဲ့ ဘေးနားမှာ ရပ်တည်ပေးနေတဲ့ ကျွန်မရဲ့ Life Partner က ခုဆိုရင် ဘေးနားမှာ ရှိနေခဲ့တာ  ရှိနေခဲ့တာ ၂ နှစ် ရှိပါပြီ။ ကျွန်မအနေနဲ့ကလည်း ရှေ့ဆက်ပြီး ဒီလိုနေရာမျိုးမှာ Single မိန်းမတစ်ယောက်အနေနဲ့ လက်မထပ်ထားဘဲ အကြာကြီးလက်တွဲဖို့ဆိုတာ။ အထူးသဖြင့် အမျိုးသမီးလူငယ်လေးတွေက အတုယူမယ့် အမျိုးသမီးတစ်ယောက်အနေနဲ့ မသင့်တော်ဘူးလို့ ယူဆတဲ့အတွက် ကျွန်မတို့မကြာခင်လက်ထပ်တော့မှာပါ။ နှစ်ဖက်မိဘချင်းလည်း စကားပြောပြီး သဘောတူထားပြီးပါပြီ။ ဝါကျွတ်ရင် လက်ထပ်မယ်လို့ စီစဉ်ထားပါတယ်။

လက်ရှိအသက်အရွယ်မှာ ပြောင်းလဲလာခဲ့တဲ့ အတွေးအခေါ်များ
ကျွန်မ ဒီ Partner နဲ့တွေ့ပြီးမှ အကြီးအကျယ်ပြောင်းလဲလာခဲ့တာ ရှိတယ်။ အရင်တုန်းကဆို လူတိုင်းကို ကိုယ့်စိတ်နဲ့နှိုင်းပြီး ကြည့်တယ်။ လူတိုင်းမှာ Instinct ဆိုတာရှိတယ်။ ဘာလဲဆို တော့ စိတ်ထဲမှာအလိုလိုသိနေတာမျိုး ပါးစပ်နဲ့ရှင်းပြလို့မရဘူး။ လူတစ်ယောက်က စကားပြောလို့ရှိရင် လိမ်နေတယ်ဆိုတာမျိုး အလိုလိုသိနေတယ်။ ဒါပေမဲ့လည်း မသိစိတ်ကသိနေတာကို အသိစိတ်က သူတော့အဲလိုမလုပ်လောက်ပါဘူးလေ။ ငါဆိုရင်လည်း အဲလိုလုပ်မှာ မဟုတ်ဘူး။ အဲလိုပြောမှာမဟုတ်ဘူးဆိုပြီး ကိုယ့်စိတ်နဲ့နှိုင်းပြီး တွေးပြီး လုပ်တဲ့အတွက် ဒီဘဝမှာ အမှားတွေ အများကြီးပါခဲ့တယ်။ သူတစ်ပါးကို အကောင်းဘက်ကချည်း တွေးခဲ့တာတွေများပြီး ကိုယ့်အတွင်းစိတ်က ခံစားချက်ကို အမြဲတမ်း ဥပေက္ခာပြုခဲ့တဲ့ အတွက် ကိုယ်ခံရတာတွေ အရမ်းများခဲ့တယ်။ ခုချိန်မှာကျတော့ ကိုယ့်ရဲ့အတွင်းစိတ်က တစ်ခုခုသတိပေးလာပြီဆိုရင် နားထောင်တတ်တဲ့၊ အရှိကို အရှိအတိုင်း၊ ဖြစ်နိုင်တာကို ဖြစ်နိုင်တာအတိုင်းပဲ လက်ခံတတ်လာတာလေးတစ်ခုတော့ တော်တော်လေးပြောင်းလဲလာပါပြီ။

ပြီးတော့ အရင်တုန်းကဆို စိတ်တိုတတ်တယ်။ သူများအရေးကိစ္စကို သိပ်စိတ်မဝင်စားဘူး။ အပိုစကားလည်းမပြောဘူး။ အခုဆိုရင် သူတစ်ပါးအရေးကိစ္စကို ပိုပြီးတော့ အလေးထားတတ်လာ တာ ကိုယ့်ကိုယ်ကို သတိထားမိတယ်။ အရင်က
ဆို သူများကို နေကောင်းလား၊ မိသားစုအရေး စတာတွေ ဘယ်တော့မှမမေးဘူး။ အလုပ်ဆို အလုပ်ပဲ။ စက်ရုပ်လိုမျိုးပေါ့။ အခုဆိုရင် လူမှုရေးမှာ သူများအတွက်ပို တွေးပေးတတ်လာတယ်။ အရင်ကလည်း မရှိဘူးတော့ မဟုတ်ဘူး။ အဲဒါ
မျိုးတွေရှိတယ်။ ဒါပေမဲ့ မဖော်ပြတတ်ဘူး။ အခုကျတော့ ဘယ်လိုမျိုးဖော်ပြရမလဲဆိုတာလည်း မရှက်တတ်တော့ဘူး။ လူသားဆန်လာတယ်ပေါ့။

စိန်ခေါ်မှုများ
ကိုယ့်ကိုယ်ကို Challenge လုပ်ရတာက ပိုပြီးတော့ များပါတယ်။ ၂ဝဝ၉/၁ဝ လောက်တုန်းက မြန်မာပြည်ကို မြေစမ်းခရမ်းပျိုး ခဏ ခဏ ပြန်လာခဲ့တဲ့အချိန်မှာ အားလုံးက ကိုယ့်ကို ပြန်မလာဖို့၊ မဖြစ်နိုင်တော့ဘူး ပြန်ပါတော့ ဆိုတာမျိုး တွေ ပြောခံရတာရှိတယ်။ ဒီထက်မကတဲ့ ပြောဆိုမှုတွေလည်း ရင်ဆိုင်ခဲ့ရတာရှိခဲ့ပေမဲ့ ကိုယ့်ယုံကြည် ချက်အတိုင်း ရှေ့ဆက်ပြီးလျှောက်ခဲ့လို့ ခုချိန်မှာ ကိုယ်နဲ့သင့်တော်တဲ့ လက်တွဲဖော်ကိုတွေ့ခဲ့ပြီး ကိုယ်လုပ်ချင်တဲ့အလုပ်တွေ မှန်းထားတဲ့ ရည်မှန်းချက်တွေကို လုပ်နေရလို့ ပျော်တာပေါ့နော်။ 

သူတစ်ပါးဆီက ရခဲ့ဖူးတဲ့ ကိုယ့်အတွက် အကောင်းဆုံးသောအကြံဥာဏ်
အကြံဥာဏ်တွေ အများကြီးရှိပါတယ်။ ကိုယ့်အတွက် အရမ်းကို အကျိုးရှိပြီး ကောင်းကောင်းအသုံးချနေတဲ့ အကြံဥာဏ်က ဘာလဲဆိုတော့ အမြော်အမြင်ကြီးသူတစ်ယောက်က ပြောဖူး တာ။ ကိုယ့် စိတ်ချမ်းသာမှုကို နှောင့်ယှက်မယ်ဆိုရင် ကိုယ့်ဘေးနားမှာရှိနေတဲ့ အပေါင်းအသင်းပဲ ဖြစ်ဖြစ်၊ သတင်းဆိုးကို သယ်လာမယ့်သူပဲဖြစ်ဖြစ် ကိုယ့်အတွက် မကောင်းဘူးဆိုတာကို သိနေရင် ဝေးဝေးကနေ ရှောင်နေလိုက်ဖို့ဆိုတဲ့ အကြံဥာဏ်လေးပါ။  ပြီးတော့ ကိုယ်အေးအေးချမ်းချမ်းနေတဲ့ အချိန်မှာ နင့်ကို ဟိုလူ/ ဒီလူတွေက ဘယ်လိုမျိုးပြောနေကြပြီ စသဖြင့် ကိုယ့်ဆီကို ရောက်မလာတဲ့ မြားကို မရောက်ရောက်အောင် အတင်းလှည့်ပြီး ထိုးပေးတဲ့သူမျိုးကိုလည်း ရှောင်သင့်ပါတယ်တဲ့။ အဲဒီလိုမျိုး စိတ်အနှောင့်အယှက် ပေးချင်တဲ့ သူမျိုးဆို ပေါင်းကို မပေါင်းနဲ့တော့လို့ သူကအကြံဥာဏ် ပေးဖူးတယ်။ ကျွန်မ အဲဒီအတိုင်းနေခဲ့သလို လူတိုင်းကိုလည်း ဒီအကြံပေးပါတယ်။ တကယ့်ကို ကောင်းတဲ့ အကြံဥာဏ်လေးပါပဲ။

လူတစ်ယောက်အတွက် အရေးအကြီးဆုံးအရာ (ကိုယ်ပိုင်ခံယူချက်)
လူတစ်ယောက်ကို ကြည့်မယ်ဆိုရင် ရုပ်ရည်၊ ပညာရေး၊ မိဘမျိုးရိုး ဘယ်ကလာလဲ၊ လူမျိုးရေး၊ အသားအရောင်၊ ဘာသာရေး စသဖြင့် လူတွေအတော်များများကြည့်တတ်ကြတဲ့ အချက်တွေ အကုန်လုံးကိုဖယ်ပြီးတော့ အရေးအကြီးဆုံး စိတ်ဓာတ်နဲ့ အကျင့်စာရိတ္တကိုပဲ ကြည့်ပါတယ်။ လူတစ်ယောက်မှာ အရေးအကြီးဆုံးက စိတ်ဓာတ်ပါ။ စိတ်ဓာတ်မကောင်းရင် ပေါင်းလို့မရပါဘူး။ ဒုတိယအရေးအကြီးဆုံးကတော့ အကျင့်ပါ။ ဒါပေမဲ့ စိတ်ဓာတ်တို့ အကျင့်တို့ဆိုတာကလည်း လူကြီးတွေပြောခဲ့သလို လူမှာအမျိုး၊ ကြက်မှာ အရိုးဆိုသလို မျိုးရိုးပတ်ဝန်းကျင်နဲ့လည်း အများကြီးတော့ ဆိုင်တာပေါ့နော်။

မိန်းမသားတို့အတွက် ကိုယ့်ဘဝအတွေ့အကြုံ ဖြတ်သန်းမှုအပေါ်မူတည်ပြီး အကြံပြုချက်
မိန်းကလေးတွေမှာ ယောက်ျားလေးတွေနဲ့ မတူတဲ့ ပြဿနာက အိမ်ထောင်ကျတာနဲ့ ကိုယ့်ဘဝမှာ ရည်မှန်းချက်တွေ အိပ်မက်တွေ ပန်းတိုင်တွေအကုန်လုံးကို စွန့်လွှတ်ပြီးတော့ အိမ်ထောင်ရေးနဲ့ ခင်ပွန်းက အဓိကဖြစ်သွားတတ်ကြတာ တွေ့နေရပါတယ်။ ရည်မှန်းချက်ပန်းတိုင်တွေ အကုန်လုံး စွန့်လွှတ်ပစ်လိုက်တာမျိုးပေါ့။ အဲလိုဖြစ်ပြီဆိုတာနဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ကိုသူက တန်ဖိုးထားပြီးတော့  ကိုယ်ဆီရောက်လာတဲ့ ကိုယ့်တန်ဖိုးလေး ကိုယ် ပစ်ချလိုက်တာနဲ့ အတူတူပဲလေ။  အဲဒီအချိန်မှာ ဘယ်လောက်ပဲ ချစ်ပါတယ်၊ ကြိုက်ပါတယ်ပြောပြော ကိုယ်ပြောင်းလဲပြီး နည်းနည်းကြာလာတဲ့အခါမှာ ဆက်ဆံရေးလေးတွေပြောင်းလာတာတွေ့လာပါလိမ့်မယ်။ အဲဒါကြောင့် အဲလိုမျိုးကို မဖြစ်ရအောင် ကျွန်မက မိန်း
ကလေးတွေကို ကိုယ်ရဲ့ ရည်မှန်းချက်တွေနဲ့ အိပ်မက်တွေ မပျောက်ဖို့ အမြဲတမ်းသတိပေးပါတယ်။ ဒါကျွန်မရဲ့ အစိုးရိမ်ဆုံး အချက်တစ်ခုပါပဲ။

ကိုယ်ပိုင်ခံယူထားတဲ့ မိန်းမသားတစ်ယောက်ရဲ့ လိုအပ်ချက်
လူတစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်မတူတဲ့အတွက် လူတိုင်းနဲ့တော့ တူချင်မှတူပါမယ်။ ကျွန်မအတွက် အလိုအပ်ဆုံးအရာတစ်ခုကတော့ ဘဝလုံခြုံမှုလေးပါပဲ။ ပြည့်တဲ့အိုး ဘောင်ဘင်မခတ်သလိုပေါ့။ အတွင်းထဲမှာ ပြည့်နေဖို့ လိုအပ်ပါတယ်။ အတွင်းထဲမှာပြည့်နေဖို့ဆိုတာက စိတ်ထဲမှာလုံခြုံမှုလေး တစ်ခုရှိဖို့တော့လိုတယ်လေ။ ကိုယ့်မှာ အခုလက်ရှိရှိနေတဲ့ ဘယ်အရာမဆို ဘုရားဟောထားတဲ့ တရားသဘောအရ အဖြစ်ဆိုတာရှိရင် အပျက်ဆိုတာ ရှိမှာပါပဲ။ အပျက်ချင်းအတူတူမှာ အဲသလို လုံခြုံမှုမရှိဘဲ ဒီနေ့တစ်မျိုးကနေ မနက်ဖြန်ဆိုသလို  ချက်ချင်း မထင်မှတ်ထားတာတွေပြောင်းပြီး ကြက်ပျောက် ငှက်ပျောက် ပျောက်သွားမယ့်အရာမျိုးမဟုတ်ဘဲ သဘာဝကို လွန်ဆန်လို့မရတဲ့ တရားကလွဲရင် စိတ်ချရတဲ့၊ တည်ငြိမ်တဲ့ မိသားစုဘဝလေးနဲ့ လူနေမှုဘဝလေးကိုဆက်ပြီး လျှောက်သွားလို့ရမယ့်မိသားစုနဲ့ အတူတူရှိနေမယ်ဆိုရင် ကျွန်မရဲ့ လိုအပ်ချက်က ပြည့်စုံသွားပြီလို့ ပြောလို့ရပါတယ်။ အခုတော့ ဒီလုံခြုံမှုလေးကို ရရှိနေပါပြီ။

ပရိသတ်အတွက် စကားလက်ဆောင်
အခုလောလောဆယ် ကျွန်မရဲ့ စီးပွားရေးလုပ်ငန်းအတွက် ဆောင်ပုဒ်လေး ရှိပါတယ်။ အရင်တုန်းက ဆောင်ပုဒ်က ကျွန်မ လူတိုင်းကိုပြောတဲ့ စကားတစ်ခွန်းပါ Live Your Dreams  တဲ့။ ကိုယ့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖေါ်ပါ၊ ယူပါ၊ ဆွတ်ခူးပါ ဖြစ်အောင်လုပ် ကြိုက်တာလုပ်။ "လူတစ်ယောက်ရဲ့ ဘဝမှာ မလုပ်လိုက်ရလေခြင်းဆိုပြီးတော့ ရတဲ့နောင်တထက်စာရင် လုပ်ပြီးလို့ရတဲ့ နောင်တက အများကြီး တန်ဖိုးရှိပါတယ်" ဆိုတာဟာ ကျွန်မ ပြောနေကျစကားပါ။ ခုချိန်မှာတော့ အဲ့ဒီစကားထက် ကြိုက်တဲ့ စကား တစ်ခုကို ဆောင်ပုဒ်ထားပါတယ်။ 

အဲ့ဒါက ကျွန်မကို အားကျတဲ့သူတွေက ကျွန်မကို သူတို့ရဲ့ Inspiration လို့ ပြောပါတယ်။  ကျွန်မတစ်ယောက်တည်း ဒီ Inspiration နေရာမှာမနေချင်ပါဘူး။ ကျွန်မဆီကို လာတဲ့သူတိုင်းကိုလည်း တခြားသူတွေရဲ့ Inspiration အနေနဲ့ ဦးဆောင်နိုင်အောင် လုပ်နိုင်အောင် ဒီနေရာကနေပြီးတော့ ကူညီပေးဖို့ မျှဝေပေးဖို့ အဆင်သင့်ရှိနေပါတယ်။ အဲဒါကြောင့် " Come & Be the Inspiration " ဆိုတာဟာ ကျွန်မရဲ့လောလောဆယ် လက်ရှိဆောင်ပုဒ်လေးပါ။

Thandar Hlaing
Designer - Mogok Pauk Pauk
Makeup & Hair - Nang Si Phaung (May Oo)
Art Director - Thihan Kyaw Oo
Photo - Aung Zaw (Love Space)
Retouch - Nyi Nyi Hla Baw
Venue - Sonder Living
Floral - Lady Rose
Jewel - The Rich Gems