ရေစိုနေတဲ့သူမ

People ရဲ့ ဇွန်လကာဗာကို အသက်သွင်းဖို့ မိုးရေကြားက ရေစိုစိုနဲ့ လှပနေတဲ့ အလှတစ်ခုကို ဖန်တီးပုံဖော်ခဲ့ပါတယ်။

People ရဲ့ စိတ်ကူးကို အသက်သွင်းရာမှာ ခန္ဓာကိုယ်ကောက်ကြောင်းအလှနဲ့ သင်ဇာဝင့်ကျော်ရဲ့အလှ၊ မိုးရေစက်တွေအောက်က ခမ်းနားတဲ့အလှကို ပုံဖော်ဖို့ သာမန်ရာသီဥတုထက် ပိုမိုပူပြင်းတဲ့ အပူဒဏ်အောက်မှာ စိတ်ရော၊ ကိုယ်ရောနှစ်ပြီး အလှဆုံး ရိုက်ကူးဖန်တီးပေးခဲ့တဲ့ ဓာတ်ပုံဝဏ္ဏခွာနီး၊ မိတ်ကပ်၊ ဆံပင် အလှဆုံးဖန်တီးပေးခဲ့တဲ့ မိတ်ကပ်ဝိုင်း (ဒီဇင်ဘာနှင်း)၊ လိုချင်တဲ့ဝတ်စုံတွေကို ဒီဇိုင်နာရဲ့ Idea နဲ့ Creation တွေ ပေါင်းစပ်ပြီး အလှပဆုံး ချုပ်လုပ်ပေးခဲ့တဲ့ ဒီဇိုင်နာ ဂျိုကာ...
ပူပြင်းတဲ့ရာသီဥတုကနေ ရုတ်တရက်ကြီး ရွာချလိုက်တဲ့ မိုးရေစက်တွေနဲ့အတူ မိုးရေတွေကြား အလှဆုံးရိုက်ကူးဖြစ်ခဲ့တဲ့ မဂ္ဂဇင်းကာဗာတစ်ခုရဲ့ နောက်ကွယ်က လှုပ်ရှားမှုတွေနဲ့အတူ အဘက်ဘက်က အကောင်းဆုံး ပူးပေါင်းကူညီမှုတွေနဲ့
ပုံဖော်လိုက်တဲ့အခါမှာတော့ ရေစိုစိုအလှတစ်ခု ပေါ်ထွက်လာပါတယ်။

လတ်တလောအနုပညာ
သင်ဇာအခု ပုပ္ပါးမှာ ရုပ်ရှင်ကားကြီး ရိုက်နေပါတယ်။ ဒါရိုက်တာ ပြည်ဟိန်းသီဟ၊ မင်းသား ခန့်စည်သူနဲ့ပါ။

အနုပညာသက်တမ်းတစ်လျှောက် ကျေနပ်အားရမှု
အနုပညာသက်တမ်းက ၁၀နှစ်နီးပါးရှိပါပြီ။ ဖြတ်သန်းခဲ့ရတဲ့တစ်လျှောက် ကိုယ်ကတော့ ဘယ်အလုပ်မဆို စေတနာထားပြီးတော့ လုပ်ခဲ့တာပေါ့နော်။ ဒါပေမဲ့လည်း ကျေနပ်အားရမှုတော့ မရှိသေးပါဘူး။ ကြိုးစားရဦးမှာပါ။ 

ပြောင်းလဲသွားတဲ့စိတ်
ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေအရ ပြောရမယ်ဆိုရင် အသက်တွေကြီးလာတာနဲ့အမျှ ရင့်ကျက်သင့်သလောက်တော့ ရင့်ကျက်လာတာ ပေါ့နော်။ ဒါပေမဲ့လည်း သင်ဇာအနုပညာအပေါ်ထားတဲ့စိတ်၊ ခံယူချက်တွေက မပြောင်းလဲသွားပါဘူး။ အရင်လိုပဲအလုပ်ကို သေချာလုပ်ပါတယ်။ ကြိုးကြိုးစားစားနဲ့ စေတနာထားပြီး လုပ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ်ကျေနပ်မှု
ကိုယ့်ကိုယ်ကိုယ် ကျေနပ်သင့်သလောက် ကျေနပ်ပါတယ်။ သင်ဇာက အလုပ်ကို လောဘလည်း မကြီးဘူး။ ဖြည်းဖြည်းနဲ့မှန်မှန်ပဲ ဒီလမ်းကြောင်းပေါ်မှာ လုပ်နေတဲ့အတွက်ကြောင့် အခုချိန်အထိ ရေရှည်ရပ်တည်နေနိုင်တာပေါ့နော်။

ကိုယ့်ကိုယ်ကိုယ် မကြိုက်တဲ့အချက်
ကိုယ့်ကိုယ့်ကိုယ် မကြိုက်တတ်တဲ့အချက်က အရမ်းယုံလွယ်တယ်၊ အားနာတတ်တယ် လူတစ်ဖက်သားအပေါ်၊ စိတ်ကြီးတယ်၊ စိတ်ဆတ်တယ်၊ ဒါပေမဲ့ ဘယ်သူ့အပေါ်မှာမှ မကောင်းမကြံခဲ့ဖူးပါဘူး။ အကုန်လုံးအပေါ်မှာ စေတနာထားပြီး စိတ်
ရင်းအတိုင်းပဲ ဆက်ဆံပါတယ်။ အမှတ်မရှိတတ်ဘူး။

ကိုယ့်ကိုယ်ကိုယ်ကြိုက်တဲ့အချက်
ကိုယ့်ကိုယ်ကိုယ် ကြိုက်တတ်တဲ့အချက်က သူများအကြောင်း စိတ်မ၀င်စားတတ်ဘူး။ ကိုယ့်စိတ်နဲ့ကိုယ့်ကိုယ်၊ ကိုယ့်ဘ၀နဲ့ကိုယ်ပဲလေ။ သူများအတင်းပြောတာလည်း စိတ်မ၀င်စားဘူး။  အတင်းမပြောတတ်ဘူး။ သူများလာပြောရင်တောင် ရှောင်ထွက်သွားတတ်တယ်။

မိုးတွင်းဖီလင်
နွေရာသီကြီးက အရမ်းပူနေတာဆိုတော့ မိုးလေးတစ်ပြောက် နှစ်ပြောက်လောက်ရွာလိုက်ရင် အေးပြီးနေလို့ ကောင်းသွားမယ် ထင်ပါတယ်။   ခါတိုင်းနှစ်တွေဆိုရင် မိုးရွာတာကို အရမ်းမုန်းတယ်။ စိုစိုစွတ်စွတ်၊ ဗွက်ထူတယ်၊ ၀မ်းရောဂါတွေ ဘာတွေ မိုးတွင်းမှာ အဖြစ်များတယ်ဆိုတော့ မိုးတွင်းကို အရမ်းမုန်းတယ်။ ဒါပေမဲ့ အခုရန်ကုန်ရာသီဥတုကြီးက အရမ်းပူနေတယ်ဆိုတော့ မိုးမြန်မြန်ရွာစေချင်နေတယ်။ မိုးအရမ်းရွာနေတဲ့ အချိန်၊ အလုပ်မရှိတဲ့အချိန်ဆို အိမ်ထဲမှာ စောင်လေးခြုံအိပ်၊ ခွေလေးကြည့်၊ ကိုယ်စားချင်တဲ့ မုန့်စား၊ ကော်ဖီပူပူလေးသောက်ပြီး နေရတာ နှစ်သက်ပါတယ်။

မိုးရာသီအမှတ်တရ
သင်ဇာဆယ်ကျော်သက်အရွယ် ၉ တန်း၊ ၁၀ တန်းအရွယ် မိုးရေထွက်ချိုးတာ မှတ်မှတ်ရရပါပဲ။ အဲဒီဖီလင်လေးက ဘာနဲ့မှ မလဲနိုင်ဘူး။ အဲဒီဖီလင်လေးက ခုချိန်ထိ အမှတ်ရနေဆဲပါ။

သရုပ်အဆောင်ချင်ဆုံး ကာရိုက်တာ
အနုပညာသက်တမ်း ၁၀နှစ်လောက်ရှိပြီ။ ဒါပေမဲ့ သင်ဇာဘ၀မှာ သရုပ်မဆောင်ဖူးတဲ့ ကာရိုက်တာက မျက်စိမမြင်တဲ့ ကာရိုက်တာ။ ဘယ်သူမှလည်း လာမငှားကြဘူး။ အဲဒီကာရိုက်တာတစ်ခုတော့ သရုပ်ဆောင်ချင်တယ်။

ကိုယ်ပိုင်စီးပွားရေး
အနုပညာရှင် တော်တော်များများလည်း စီးပွားရေးလုပ်ကြတာတွေ့တယ်။ တချို့တွေကျတော့ အနုပညာနဲ့ ပတ်သက်တဲ့စီးပွားရေးလုပ် ကြတယ်။ သင်ဇာအလှည့်ကျရင် ဘယ်လိုလုပ်ဖြစ်မလဲ မပြောတတ်ဘူး။ သင်ဇာကိုယ်တိုင်ကတော့ စီးပွားရေးလုပ်တာ ၀ါသနာပါတယ်။ ဒါပေမဲ့လည်း အနုပညာ အလုပ်တစ်ခုတည်းနဲ့တောင် မအားသေးလို့ ဘာစီးပွားရေးလုပ်ဖြစ်မလဲ မသိသေးပါဘူး။

ဖက်ရှင်အမြင်
ဖက်ရှင်တွေကတော့ တစ်နှစ်နဲ့တစ်နှစ် မတူအောင်ပြောင်းလဲနေတာပဲ။ ဒါပေမဲ့လည်း အရမ်းကြီးကွဲထွက်မသွားဘဲ တစ်ခေတ်ပြန်ပြီး လည်လာတာပဲ။ အရင်တုန်း Bell ဘောင်းဘီတွေ ခေတ်တုံးသွားပေမဲ့ အခုနောက်ပိုင်း ပြန်ခေတ် စားတယ်။ ဖက်ရှင်ရေစီးကြောင်းကတော့ အမြဲပြောင်းလဲနေတာပဲ။ ဖက်ရှင်ဆိုတာက မိန်းကလေးတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာ တစ်ခုပါ။ အလှအပကြိုက်တဲ့ မိန်းကလေး၊ သင်ဇာတို့လို မင်းသမီးတွေဆို ပိုပြီး ဆိုးတယ်။ သူများတွေထက် ခေတ်နောက်မကျအောင်၊ ဖက်ရှင်ရေစီး ကြောင်းမှာလိုက်ပြီး ပြောင်းလဲနေရတာ။ ဖက်ရှင် ကျကျဝတ်နိုင်တယ်ဆိုတာ Branded တွေ ၀တ်မှမဟုတ်ပါဘူး၊ တန်ဖိုးမကြီးတဲ့ အ၀တ်အစားကို သပ်သပ်ရပ်ရပ် တွဲဝတ်တတ်တယ်၊ ဖက်ရှင်ကျအောင် ၀တ်တတ်တယ်ဆိုရင်လည်း ဖက်ရှင်ကျနေတာပါပဲ။

သင်ဇာကြိုက်တဲ့ဖက်ရှင်
သင်ဇာက ဖက်ရှင်ကျကျဝတ်စားရတာထက် Free Style တွေ ပိုကြိုက်တယ်။ ဘာလို့လဲဆိုတော့ တစ်ချိန်လုံးကားရိုက်တွေ၊ ဓာတ်ပုံရိုက်တွေမှာ အမြဲဝတ်နေရာဆိုတော့ အလုပ်မလုပ်တဲ့အချိန်လေးမှာ လွတ်လွတ်လပ်လပ်လေး ၀တ်ချင်တယ်။ သင်ဇာအကြိုက်ဆုံးစတိုင်လ်ကတော့ အောက်က ဂျင်းဘောင်းဘီအရှည်၊ အတိုကို အပေါ်က ရှပ်အင်္ကျီ၊ စွပ်ကျယ်၊ တီရှပ်နဲ့ တွဲဝတ်ရတာပါ။

Body အလှနဲ့ ကျန်းမာရေး
၃တန်း၊ ၄တန်းလောက်ကတည်းက သင်ဇာရေကူးတယ်။ ၅တန်း၊ ၆တန်းလောက်ကျတော့ ရေမကူးတော့ဘူး။ အသားမည်းမှာစိုးလို့၊ မလှမှာစိုးလို့။ ဒါပေမဲ့အဖေက အားကစား တစ်ခုခုလုပ်ဆိုပြီး Gym ပို့တယ်။ မော်ဒယ်လ်မလုပ်ခင်ကတည်းက Gym ဆော့တယ်။ မော်ဒယ်လ်လုပ်တော့လည်း ကြိုကြားကြိုကြား ဆော့တယ်။ ကြားထဲမှာ မဆော့ဖြစ်တော့ ၀တက်လာသေးတယ်။ ဒါပေမဲ့လည်း ဆော့နေတဲ့အချိန်မှာ အရင်တုန်းက နည်းနည်းဝတော့ အကိတ်ပုံစံဆော့တယ်။ နောက်ပိုင်းကျတော့ မကြိုက်တော့ဘူး။ Zero Body ပဲ ဖြစ်ချင်တော့၊ ဘာဝတ်ဝတ်၊ ဂျင်းဘောင်းဘီအတိုပဲဝတ်ဝတ်၊ Crop Top ပဲ ၀တ်ဝတ် အဆီမရှိလဲ ကျစ်ကျစ်လျစ်လျစ်လှတဲ့ ဘော်ဒီဖြစ်ချင်တဲ့အတွက် အစားအသောက်ရော၊ ကစားတာရော သေချာလုပ်ရ
တယ်။ သင်ဇာဆော့ရင်လည်း Protein Shake သောက်ပြီးဆော့တယ်၊ ညဘက်တွေ အစာမစားဘူး။ ဒါပေမဲ့အခုနောက်ပိုင်း အလုပ်များတဲ့အချိန်မှာ အစာငတ်ခံပြီးဆော့တာ အလုပ်လည်းပင်ပန်းမခံနိုင်ဘူး၊ ကျန်းမာရေးလည်း မကောင်းဘူးဆို
တော့ အခုနောက်ပိုင်း နည်းနည်းပြန်ဝအောင် လုပ်နေပါတယ်။

Gym ဆော့ခြင်းရဲ့ အားသာချက်
Gym ဆော့တာတဲ့ အားသာချက်တွေ ပြောရမယ်ဆိုရင်တော့ အမောခံနိုင်မယ်၊ သူများနဲ့ယှဉ် ရင် ပိုပြီးကြံ့ခိုင်တယ်၊ သက်လုံကောင်းတယ်၊ ဘော်ဒီလေးကလည်း အမြဲကျစ်လျစ်လှပနေ မယ်၊ ခန္ဓာကိုယ်မှာ Muscle တွေရှိနေတဲ့အတွက်ကြောင့် အဆီကလည်း တော်ရုံတက်မလာဘူး။ ငယ်ငယ်လေးကတည်းက ဆော့မယ်ဆိုရင် အသက်ကြီးတဲ့အခါမှာလည်း အဆီပိတ်တာ၊ အဆီတက်တာတွေလည်း မဖြစ်နိုင်ဘူး၊ ကျန်းမာရေးလည်း ကောင်းမယ်ဆိုတော့ အလုပ်အားတာနဲ့ သွားဆော့သင့်ပါတယ်။

Model - Thinzar Wint Kyaw
Photo - Wunna Khwar Nee
Makeup & Hair - Wyne (December Hnin)
Designer - Joker
Car - Ford